တစ်ပတ်အတွင်း ရွှေ၊ နိုင်ငံခြားငွေ၊ စက်သုံးဆီဈေးကွက် (အောက်တိုဘာ ၁ မှ ၇ အထိ)

Author ကိုထားဝယ်
Categories
Published on Oct 08, 2023

အကျဈေးနဲ့ ရှေ့ဆက်နေဆဲ ကမ္ဘာနှင့် ပြည်တွင်းရွှေဈေး
****************************************
ပြီးခဲ့တဲ့အပတ်ကလိုပဲ ဒီတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးဆက်ကြသလို ပြည်တွင်းရွှေဈေးလည်း ကျပါတယ်။
ယခုအပတ် ကမ္ဘာ့ရွှေဈေးဟာ အရင်အပတ်ကလို နေ့စဉ်ကျဆင်းခြင်းမျိုးမဖြစ်ခဲ့ဘဲ အတက်အကျတွေဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တစ်ပတ်အတွင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အောက်တိုဘာ ၁ ရက်က တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၄၈ ရှိခဲ့ရာက အောက်တိုဘာ ၇ ရက်နေ့မှာတော့ ၁၈၃၂ ဈေးနဲ့ ပိတ်သွားခဲ့တာပါ။

ဒီလိုဆိုတော့ တစ်ပတ်အတွင်း တစ်အောင်စကို ကန် ၁၆ ဒေါ်လာကျဆင်းခဲ့တယ်လို့ နေ့စဉ်ဈေးနှုန်းဖြစ်ပေါ်မှုတွေအရ သိရပါတယ်။ အရင်အပတ်ကတော့ တစ်အောင်စကို ၇၄ ဒေါ်လာအထိ ကျဆင်းခဲ့တာပါ။

ပြည်တွင်းရွှေဈေးကွက်မှာတော့ အောက်တိုဘာ ၁ ရက်က ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ၃၄ သိန်း ၅ သောင်းနဲ့ ဖွင့်ခဲ့ကြပြီး အောက်တိုဘာ ၇ ရက်မှာတော့ တစ်ကျပ်သား ၃၄ သိန်းအတိနဲ့ ပိတ်သွားခဲ့ပါတယ်။ ဆိုတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်ငါးသောင်းကျဆင်းခဲ့တာပါ။
အရောင်းအဝယ်ပိုင်းမှာတော့ အထည်ရော၊ ရွှေတုံးရော ကောင်းမွန်‌နေဆဲပဲလို့ သိရပါတယ်။

လတ်တလော ရင်းနှီးမြှုပ်နှံစရာဈေးကွက်တွေဖြစ်တဲ့ ကား၊ အိမ်ခြံမြေဈေးကွက် အမြင့်ဈေးနဲ့ အေးစက်သွားပြီးနောက် အတော်များများ ရွှေဈေးကွက်ဘက်ကို ပြန်ဦးတည်လာနေကြတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ကန်နဲ့ စင်ကာပူဒေါ်လာဈေး အနည်းငယ်ပြန်တက်
****************************************
ယခုအပတ် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်နဲ့ စင်ကာပူလို အကိုင်များတဲ့ငွေကြေးတွေ ပြန်တက်လာပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ထဲ တစ်ဒေါ်လာကို ၇၅ ကျပ်အထိကျခဲ့တဲ့ စင်ကာပူဒေါ်လာဈေးနှုန်းဟာ အခုအပတ်မှာတော့ တစ်ဒေါ်လာကို ၄၀ ကျပ် ပြန်တက်ပါတယ်။

အရင်အပတ်ထဲ တစ်ဒေါ်လာကို ၅၅ ကျပ်ကျတဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းကတော့ အခုအပတ်ထဲ တစ်ဒေါ်လာကို ၄၅ ကျပ်ပြန်ကျပါတယ်။

ထိုင်းဘတ်ကတော့ ပိုနေမြဲကျားနေမြဲပါပဲ။ အတက်အကျမရှိ အမြင့်ဈေးနဲ့ငြိမ်သက်နေဆဲဖြစ်ပါတယ်။

တရုတ်ယွမ်နဲ့ မလေးရှားရင်းဂစ်၊ ဂျပန်ယမ်းတို့ကတော့ ဈေးအတက်အကျ သိပ်မရှိတာကို တွေ့မြင်ခဲ့ရပါတယ်။

အောက်တိုဘာ ၇ ရက် ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်ထဲ အမေရိကန် တစ်ဒေါ်လာကို ၃၃၅၅ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာကို ၂၄၃၅ ကျပ်၊ ထိုင်း တစ်ဘတ်ကို ၉၁ ဒသမ ၇၄ ကျပ်၊ မလေးရှား တစ်ရင်းဂစ်ကို ၇၁၈ ကျပ်၊ တရုတ် တစ်ယွမ်ကို ၄၆၀ ကျပ်နဲ့ ဂျပန်တစ်ယမ်းကို ၂၂ ဒသမ ၇၀ ကျပ် ပေါက်ဈေးရှိခဲ့ပါတယ်။

စက်သုံးဆီဈေးကျပေမယ့် ဝယ်မရ
***********************************

စက်သုံးဆီဈေး စံချိန်တင်အောင်ကျပေမယ့် ဝယ်မရတဲ့ပြဿနာကို သုံးစွဲသူတွေရင်ဆိုင်နေရပြန်ပါတယ်။
ဒီတစ်ပတ်ထဲမာနေတဲ့ ဒီဇယ်‌ဈေးတွေလည်း ပျော့ပြောင်းလာခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ထဲ တစ်လီတာ ၂၆၀၀ နီးပါးအထိရှိခဲ့တဲ့ ရိုးရိုးဒီဇယ်ဈေးနှုန်းဟာ ဒီတစ်ပတ်ထဲမှာ တစ်လီတာ ၂၂၂၅ ကျပ်အထိကိုကျဆင်းသွားတာပါ။
အလားတူ ပရီမီယံဒီဇယ်ဈေးဟာလည်း တစ်လီတာ ၂၅၈၀ လောက်ကနေ အခုအပတ်ထဲ တစ်လီတာ ၂၂၆၅ ကျပ်အထိကို ကျဆင်းသွားပါတယ်။

ပြည်တွင်းကယာဉ်တွေအသုံးများတဲ့ အောက်တိန်း ၉၂ ဈေးနှုန်းဟာလည်း ကျန်ခဲ့တဲ့သုံးလ‌ကျော်ကာလအတွင်း(ဇွန်လကုန်မှ အောက်တိုဘာ ၇ အထိ)အနိမ့်ဆုံးဈေးနှုန်းတစ်ရပ်ကို ရောက်ရှိလို့နေပါတယ်။

ပြီးခဲ့တဲ့အပတ်တွင်းကနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း အောက်တိန်း ၉၂ တစ်လီတာ ၂၄၀ ကျပ်အထိကျဆင်းသလို အောက်တိန်း ၉၅ ဈေးဟာလည်း တစ်လီတာ ၂၃၅ ကျပ်အထိကျဆင်းခဲ့တာကိုတွေ့ရပါတယ်။

ဒီလို စက်သုံးဆီဈေးနှုန်းတွေကျဆင်းနေပေမယ့် ဆိုင်တွေက အရောင်းပိတ်ကြတာကြောင့် သုံးစွဲသူတွေအတွက် ဝယ်မကတဲ့ပြဿနာကို ကြုံတွေ့နေရပြန်ပါတယ်။

အောက်တိုဘာ ၇ ရက်စက်သုံးဆီဈေးတွေကတော့ အောက်တိန်း ၉၂ တစ်လီတာကို ၁၉၄၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၀၄၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၂၂၅ ကျပ်နဲ့ ပရီမီယံဒီဇယ်တစ်လီတာကို ၂၂၆၅ ကျပ်ဖြစ်ပါတယ်။