မြေအောက်ပျောက်ကြားတပ်ဖွဲ့(အုတ်ဖို)(UGF Okpo) တာဝန်ခံ ဗိုလ်တောက်နှင့် ဆက်သွယ်မေးမြန်းခြင်း

Author မင်းထက်
Categories
Published on Oct 07, 2023

ပဲခူးတိုင်း သာယာဝတီခရိုင်တစ်ကြော တော်လှန်ရေးမစ်ရှင်များဆင်နွှဲလေ့ရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပျောက်ကြားတပ်ဖွဲ့(အုတ်ဖို)(UGF Okpo) တာဝန်ခံ ဗိုလ်တောက်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြပါသည်။

CJ – ဆရာတို့အဖွဲ့အနေနဲ့ လိုအပ်ချက်တွေရှိလား။ ဘာတွေလိုအပ်နေလဲဗျ။

ဗိုလ်တောက်- လိုအပ်ချက်ကတော့ မောင်းပြန်ကို တောင်ပိုင်းတိုင်းစစ်ဒေသ ၂ အနေနဲ့ တမင်တကာ မပေးသလိုပဲဗျ။ မောင်းပြန် လိုချင်ပါတယ်။ လိုအပ်ချက် ရှိပါတယ်။

CJ – ဆရာတို့အနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ ကြုံရလား။ တိုက်ခိုက်ရာမှ လက်နက်မမျှတာမျိုးကြုံရလား။ ကြုံရရင် ဘယ်လိုမမျှတခဲ့လဲ။ မမျှတတာလဲဆိုတာ သိချင်ပါတယ်။

ဗိုလ်တောက်- ကြုံရတာပေါ့ဗျာ။ တိုက်ပွဲတွေ ဖြစ်တာလည်း ခဏခဏပါ။ တချို့ပွဲတွေမှာ နယ်မြေ အနေထားအသာနဲ့ လက်ရသိမ်းဆည်းရဖို့ ရှိပေမယ့် အဝေးပစ်မောင်းပြန်မစုံတာ၊ ကျည်မလောက်တာတွေနဲ့ လျော့ပေးလိုက်ရတာတွေ ၅ ပွဲလောက်ကြုံခဲ့ပါတယ်။ ဘယ်လိုမမျှတာလည်းဆိုတော့ မောင်းပြန်နဲလို့ ဖိထိုးရမယ့်အချိန်ကောင်းကို လျှော့ပေးလိုက်ရတယ်။

ဒီလိုဗျာ ကျွန်တော်တို့က နယ်မြေအနေအထားအစား၊ ကျွန်တော်တို့ခွင်ထဲဝင်လာတဲ့အခါ ဖိပစ်ဖို့ မောင်းပြန်နည်းတယ်ပေါ့ခင်ဗျာ။ ကျည်နည်းတယ် ။ဖိပစ်ရမယ့်အချိန်မှာ မဖိနိုင်ဘူး။ ဖိထားရင် ဒီကောင်တွေသေမယ်။ လက်နက်တွေ ကျွန်တော်တို့ရမယ်။ အဲဒီလို အပေါ်အောက်တွေ့ကြုံရတာ ငါးပွဲလောက်ရှိပြီ။ ကျွန်တော်တို့ ထိုးရတဲ့သေနတ်က တစ်ထောင့်ထိုး၊ တစ်ထောင့်ထိုးက အဝေးဆုံးပြေး ကိုက် ၂၀ ကိုက် ၃၀ ပေါ့။ သူတို့သေနတ်တွေက ကိုက် ၇၀ဝ၊ ကိုက် ၅၀ဝ၊ ကိုက် ၄၀ဝ အဲဒီလိုအမျိုးမျိုး ယှဉ်မပစ်နိုင်တာတွေပေါ့။ မောင်းပြန် ၂ လက်၊ ၃ လက်ကျတော့ တကယ့်ပွဲကြီးတွေကြ ထုတ်ဖို့မလွယ်ဘူး။ အခက်အခဲအမျိုးမျိုးတွေ ကြုံနေရတယ်။ ကျွန်တော်တို့နေရာက ပဲခူးတိုင်းအနောက်ခြမ်း EAO၊ ERO တွေနဲ့ ဝေးတယ်။ ကျွန်တော်တို့မှာ ကိုယ်ထူကိုယ်ထရပ်တည်နေရတယ်။ စိတ်ဓာတ်ရှိလို့သာ PDF စစ်တပ်ထဲဝင်တယ်။ စိတ်ဓာတ်နဲ့ ရပ်တည်နေတယ်ပေါ့ဗျာ။

CJ – ပြီးတော့ အဖွဲ့ရဲ့ လိုအပ်ချက်တွေအတွက်ဖြည့်တင်းဖို့ NUG ဘက်က ထောက်ပံ့မှုကိုရော လက်ခံရရှိခဲ့လား။ မထောက်ပံ့ဘူးလား။ ထောက်ပံ့ပေမယ့် နည်းနေသေးတာလားဗျ။

ဗိုလ်တောက်- NUG ဘက်က လက်နက်ခဲယမ်းနည်းနည်းကလွဲရင် တခြားထောက်ပံ့မှုရပါတယ်။ တစ်ခါတရံ မရပါဘူး။

CJ – လိုအပ်ချက်တွေအတွက် ပြည်သူတွေရဲ့ထောက်ပံ့မှုအနေအထားကရော ဘယ်လိုရှိပါသလဲ။

ဗိုလ်တောက်- ပြည်သူ ထောက်ခံမှု၊ ထောက်ပံ့မှုတွေကတော့ အသင့်တင့်ရှိပါတယ်။ ထောက်ခံမှုကတော့ မြို့နယ် လူထုဆီက အပြည့်အဝရရှိပါတယ်။

CJ – ထပ်ပြီး လက်နက်ခဲယမ်းဝယ်ယူရေးအပိုင်းမှာ အဆင်ပြေမှုရှိရဲ့လားဗျ။
ဗိုလ်တောက်- ငွေရှိမှပါ။

CJ – အဖွဲ့စည်းနဲ့ပတ်သက်ပြီး လတ်တလော ဘာတွေလုပ်ဆောင်ဖို့ရှိနေသေးလဲ။

ဗိုလ်တောက်- ကျွန်တော်တို့ မြို့နယ်မှာတော့ ခွေးကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကိုရအောင် ဖျက်မယ်။ ထောက်တိုင်တွေရှင်းမယ်။ ကျွန်တော်တို့ ဆက်လုပ်မယ်။ ဒါပဲ။ ဒီကောင်တွေအုပ်ချုပ်ရေးယန္တရား ကောင်းရင် ကျွန်တော်တို့ပြည်သူတွေ နစ်နာတယ်။

မေး- ပြည်သူတွေထံကိုရော ဘာသတင်းစကားများ ပါးချင်ပါသလဲ။

ဗိုလ်တောက်- ပြောနေကြအတိုင်းပဲ စစ်ကောင်စီ စစ်ခွေးအုပ်စု၊ ရဲခွေးအုပ်စုတွေနဲ့ ပြည်သူတွေ ဝေးဝေးနေ
ဖို့၊ မပက်သက်ဖို့ လက်ရှိပတ်သက်နေတဲ့ အုပ်ကြီး၊ ရာအိမ်မှူး၊ ပျူစောထီးတွေ လက်ရှိသူတိူ့ထမ်းဆောင်နေတဲ့ ဝန်ကနေ အနားယူဖို့၊ နှုတ်ထွက်ဖို့ ထပ်ပြီးသတိပေးချင်တယ်။ မထွက်ဘူး။ ဆက်ပြီး ပေါင်းစည်းလုပ်ဆောင်ပြီး ပြည်သူကို အနိုင်ကျင့်နေဦးမယ်ဆိုရင် ကျွန်တော်တို့က သတ်မှာပဲ။

ခုကြားနေရတဲ့ ပြည်သူတွေရဲ့ တိုင်စာတွေ ရတယ်။ ကျွန်တော်တို့ မြို့နယ်ထဲမှာ ဆိုင်ကယ်ဖမ်းဆီးတာ အကြောင်းပြတယ်။ အပြစ်အမျိုးမျိုးရှာ ၂ သိန်း၊ ၃ သိန်း တောင်းတယ်။ ကုန်ဈေးနှုန်းကြီးမြင့်ပြီး လုပ်ကိုင်စားသောက်နေရတာ ပြည်သူတွေအဆင်မပြေဘူး။ မိသားစု ထမင်းစားဖို့ ဒုက္ခရောက်နေကြရတယ်။ အကြောင်းရှိလို့ အပြင်ထွက်တဲ့အခါ ပိုက်ဆံတောင်းတယ်။ ငွေညှစ်တယ်။ မပေးရင် ဖမ်းဆီးထောင်ချတယ်။ ဆိုင်ကယ်သိမ်းတယ်။ ဒီဆိုင်ကယ်နဲ့ လုပ်ကိုင်စားနေရတဲ့ပြည်သူတွေမှာ ဒုက္ခရောက်တယ်။ ဒီလိုပဲ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ Non-CDM တွေ၊ စီပွားရေးဈေးကွက်တစ်ခုလိုပဲ။ သူတို့ ရုံးဌာနနဲ့ ပတ်သက်တဲ့ဌာနဆိုင်ရာတွေရှိသေးတယ်။ လဝက၊ မြေစာရေးအမျိုးမျိုးပဲ။ စိုက်ဘဏ်တွေ အမျိုးမျိုးငွေညှစ်နေကြတယ်။ ဒီဝန်ထမ်းတွေကလည်း အကျင့်မကောင်းတဲ့ဝန်ထမ်းတွေ မရှိသင့်ဘူး။