စစ်တပ်က တပ်သားမချမီ ဘုရားကျောင်းပေါ်သို့ ပေါင်(၅၀၀)ဗုံးကြဲချ

Author လင်းနွေဦး
Categories
Published on Oct 06, 2023

ကရင်ပြည်နယ် နို့တကောမြို့နယ် ထီးသဘျုခီးရွာအတွင်းရှိ ဘုရားကျောင်းပေါ်သို့ စစ်တပ်က ဂျက်လေယာဉ်ဖြင့်ပေါင် ၅၀၀ ဗုံးကြဲချခဲ့ကြောင်း KNU က ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်က စစ်ကောင်စီတပ်မှ ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ(၆)၊ နို့တကောမြို့နယ်၊ ထီးသဘျုခီးကျေးရွာအနီးရှိ ကွီလုံးတိုင်တပ်စခန်းသို့ တပ်သားနှင့် ပစ္စည်းများပို့ဆောင်နိုင်ရန် မော်လမြိုင်ရတခမှ Mi-35P ရဟတ်ယာဉ်များဖြင့် လုံခြုံရေးနှင့် ရှင်းလင်းရေးလှည့်ပတ်ပျံသန်းနေစဉ် Yak-130 Jet ဖြင့် ဘုရားကျောင်းပေါ်သို့ ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။

ထိုဗုံးမှာ ကံကောင်းထောက်မစွာဖြင့်မကွဲဘဲ အလုံးလိုက်သာ ဘုရားကျောင်းပေါ်သို့ကျရောက်ခဲ့သည့်အတွက် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဘုရားကျောင်း၏ သွပ်မိုးနှင့် ဘေးအကာမှန်အချို့သာ ပျက်စီးခဲ့ကြောင်း သိရသည်။

တစ်ဆက်တည်းဆိုသကဲ့သို့ စစ်တပ်က ဗုံးချပြီးနောက် မော်လမြိုင်ရတခ သယ်ယူပို့ဆောင်ရေး Mi-17 ဟယ်လီကော်ပတာဖြင့် ကွီလုံးတိုင် စခန်းတွင်းသို့(စုံစမ်းဆဲ)အထုပ်အပိုးပစ္စည်းများကို လေထီးများဖြင့် ပစ်ချပေးခဲ့သည်ဟု KNU က ဆိုသည်။

ထိုကဲ့သို့ ဗုံးမကြဲမီ အောက်တိုဘာ(၃)ရက်နေ့ကလည်း တိုက်ခိုက်ရေး Mi-35P နှင့် သယ်ယူပို့ဆောင်ရေး Mi-17 ဟယ်လီကော်ပတာများဖြင့် ဒူးပလာယာခရိုင်အတွင်း(၃)ကြိမ် တိုင်တိုင်လာရောက်ခဲ့သည်ဟု သိရသည်။

စုံစမ်းမှုအရ ပထမအကြိမ်အဖြစ် မနက် (၁၁)နာရီတွင် နို့တကော မြို့နယ်၊ ကြာအင်းဆပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာသို့ တပ်မမှူး မျိုးဆက်အောင် အားလာရောက်ပို့ဆောင်ကာ တပ်သားအရေအတွက်(စုံစမ်းဆဲ)နှင့်လစာများကို မော်လမြိုင်ရတခ တိုက်ခိုက်ရေးယာဉ် Mi- 35 P ရဟတ်ယာဉ်ဖြင့် လုံခြုံရေးယူထားပြီး သယ်ယူပို့ဆောင်ရေး Mi-17 ရဟတ်ယာဉ်ဖြင့် လာရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်‌ကြောင်း KNU ထံမှ သိရသည်။

ဒုတိယအကြိမ်အဖြစ် ကော့ကရိတ်မြို့နယ် ကျိုက်ဒိုမြို့အခြေစိုက် ကျိုက်ဒို ဗျူဟာမှူးအသစ် အောင်ကျော်စိုးနှင့်အတူ တပ်သား(၁၀)ဦးကို နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်နာရီတွင် Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်မှ လုံခြုံရေးယူပေးစဉ် Mi-17 သယ်ဆောင်ရေးရဟတ်ယာဉ်ဖြင့် လာရောက် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်အဖြစ် ဝင်းရေးမြို့နယ် ဘုရားသုံးဆူ အခြေစိုက် နဂါးတောင် ပင်မကုန်းတပ် စခန်းသို့ မွန်းလွဲ ၂ နာရီခန့်တွင် တပ်သား(၁၂)ဦးကို ယခင်နည်းတူ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်မှ လုံခြုံရေးယူပေးကာ Mi-17 သယ်ဆောင်ရေးရဟတ်ယာဉ်မှ လာရောက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု K.N.U က ထုတ်ပြန်သည်။