တရုတ်အဖိနှိပ်ခံဝီဂါ‌များနဲ့ ကြားဝင်အမေရိကန်

Author အဂ္ဂ၊ Z
Categories
Published on Oct 06, 2023

တရုတ်နိုင်ငံရဲ့ အကြီးဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ရှင်ကျန်း-ဝီဂါပြည်နယ်မှာ မူဝီဂါလူမျိုးတွေ ဖိနှိပ်ခံရမှုရှိနေတယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တာ အခုမှမဟုတ်ပါဘူး။

နောက်ပြီး လူ့အခွင့်အရေးလို့ပြောလိုက်တာနဲ့ အမေရိကန်ပြည်ထောင်စုက ထိပ်ဆုံးကနေပါဝင်တတ်တာလည်း အားလုံးအသိပါပဲ။

တရုတ်-ဝီဂါကိစ္စမှာလည်း အမေရိကန်တို့ ပါဝင်ပတ်သက်နေပြန်ပါတယ်။

လူသိများတဲ့ တရုတ်လူမျိုးဘာသာဗေဒပညာရှင် ရာဟီလဲ ဒါဝတ်ကို တရုတ်က ထောင်ဒဏ် တစ်သက်တစ်ကျွန်း စက်တင်ဘာ ၂၁ မှာ ချမှတ်လိုက်ပါတယ်။

သူမဟာ တရုတ်နိုင်ငံ၊ အနောက်မြောက်ဘက်၊ ရှင်ကျန်း-ဝီဂါ (Xinjiang – Uyghur)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူမျိုးစုတွေရဲ့ ရှေးရိုးစဉ်လာတွေနဲ့ ဓလေ့ထုံးတမ်းတွေကို မှတ်တမ်းပြုစုခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီလိုချမှတ်လိုက်တဲ့အပေါ် အမေရိကန်ပြည်‌ထောင်စုက ရှုတ်ချကြောင်း ပြောဆိုလာပါတယ်။

တရုတ်အစိုးရရဲ့ သတင်းရင်းမြစ်အရ ရာဟီလဲ ဒါဝတ် (Rahile Dawut)ဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်လုံခြုံရေးကို အန္တရာယ်ဖြစ်စေခဲ့တာကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရတယ်ဆိုတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအစီရင်ခံစာအပေါ် မူတည်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကနေပြီး တရုတ်အစိုးရဲ့ လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ကြေညာချက်ကို ပြီးခဲ့တဲ့စက်တင်ဘာ ၂၉ ရက် သောကြာနေ့က ထုတ်ပြန်ခဲ့တာပါ။

ရာဟီလဲ ဒါဝတ်ကို ၂၀၁၇ ခုနှစ်ကတည်းက တရုတ်အစိုးရကနေပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တာဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေက ဆိုပါတယ်။

အမြတ်အစွန်းမရှိ Non-profit လည်ပတ်တဲ့ ဝီဂါလူ့အခွင့်အရေး(Human Rights)ရဲ့ ၂၀၂၁ ခုနှစ် ပရောဂျက်အရ တရုတ်အစိုးရဟာ ဝီဂါပညာရှင်(၃၀၀)ခန့်နဲ့ အခြားမူဆလင်ပညာရှင်တွေကို ဖမ်းဆီးထိန်းသိမ်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာခဲ့တာလို့ သိရပါတယ်။

တရုတ်အစိုးရဟာ ဝီဂါလူမျိုးသန်းချီကို ရှင်ကျန်း(Xinjiang)မှာရှိတဲ့စခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုတွေနဲ့ ဘာသာရေးဆိုင်ရာ ပြယုဂ်တွေ၊ သမိုင်းမှတ်တမ်းတွေကို ဖျောက်ဖျက်ဖို့ ရည်ရွယ်နေတယ်လို့ ဒီလွတ်လပ်တဲ့အဖွဲ့အစည်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဌာနကပြုလုပ်တဲ့ အစီရင်ခံစာအရ တရုတ်ဟာ ဒေသတွင်းက ဝီဂါလူမျိုးတွေအပေါ် ပြင်းထန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်နေကြောင်း တွေ့ရှိရတယ်လို့ သိရပါတယ်။

ဒီအစီရင်ခံစာအတွင်းမှာ တရုတ်တို့ရဲ့ အကြမ်းဖက်မှုတန်ပြန်ရေး၊ အစွန်းရောက်ဝါဒတန်ပြန်ရေး ဗျူဟာတွေ ကျင့်သုံးပြီး နိုင်လိုမင်းထက်ပြုမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေအကြောင်း မှတ်တမ်းတင်ဖော်ပြထားပါတယ်။

ဒါ့အပြင် ဝီဂါအသိုင်းအဝိုင်းက ထင်ရှားတဲ့ အသိပညာ၊ အတတ်ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ အခြား ပညာတတ်တွေကို ဖမ်းဆီးထောင်ချခံရတဲ့ စစ်တမ်းအချက်အလက်တွေကိုလည်း အစီရင်ခံစာတွင်းမှာ ကိုးကားဖော်ပြထားပါသေးတယ်။

ကျွမ်းကျင်သူတွေကတော့ တရုတ်အစိုးရဟာ ဝီဂါတွေကို ဖိနှိပ်တဲ့ ပုံစံ ပြောင်းလဲလာပြီး ထောင်ထဲဖမ်းဆီးအကျဉ်းချတဲ့ နည်းကို ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးလာတယ်လို့ ဆိုပါတယ်။

ထောင်သွင်းအကျဉ်းချခံထားရတဲ့ ဝီဂါတွေအပေါ် အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ၊ အချိန်ပြည့်စောင့်ကြပ် ကြည့်ရှုဖိနှိပ်မှုတွေပိုများလာတယ်လို့လည်း ပြောပါတယ်။

တရုတ်အစိုးရက ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တာနဲ့ ပတ်သက်ပြီး ငြင်းဆိုထားသလို နယ်မြေအတွင်းက ထိန်းသိမ်းရေးစခန်းတွေမရှိသလို အဆောက်အအုံတွေဟာလည်း သက်မွေးကျောင်း လေ့ကျင့်ရေးစင်တာတွေဖြစ်တယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ဒေသတွင်းကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂအဖွဲ့ကို တရုတ်တို့က ဒီအဆောက်အအုံတွေ ပိတ်ထားတယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရုံးအနေနဲ့ကတော့ ဒီအကြောင်းအရာကို အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရာဟီလဲ ဒါဝတ်(Rahile Dawut)ရဲ့ အခြေအနေကို မေးမြန်းခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူ့အနေနဲ့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး သိရှိထားခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်ဆိုပြီးလည်း ဖြည့်စွက်ပြောကြားသွားပါသေးတယ်။

ရာဟီလဲ ဒါဝတ်(Rahile Dawut)အပါအဝင် အခြား ဝီဂါပညာရှင်တွေဟာ သူတို့လူမျိုး၊ သူတို့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်ကြတာကြောင့် မတရားအကျဉ်းချခံကြရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလာ (Matthew Miller)က ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။

“ပါမောက္ခ Dawut ရဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ဟာ Uyghur အထောက်အထားနဲ့ ယဉ်ကျေးမှုကို ဖျောက်ဖျက်ပြီး ထိန်းသိမ်းမှုနဲ့ ပျောက်ဆုံးမှုတွေကို အသုံးပြုခြင်းအပါအဝင် ပညာရေးလွတ်လပ်ခွင့်ကို ထိခိုက်စေဖို့အတွက် PRC(တရုတ်ပြည်သူ့သမ္မတနိုင်ငံ)က ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပါမောက္ခ ဒါဝတ်အပေါ် ချမှတ်ခဲ့တဲ့ ဒီတစ်သက်တစ်ကျွန်းပြစ်ဒဏ်ဟာ ဝီဂါလူမျိုးတို့ရဲ့ တည်ရှိမှုတွေ၊ ယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ဖို့နဲ့ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်တွေကို ချိုးနှိမ်အမြစ်ဖြတ်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လုပ်ဆောင်နေတဲ့ထဲက တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ မက်သရူး(Matthew)က ဆိုပါတယ်။

အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အနေနဲ့ ရှင်ကျန်းဒေသမှာရှိတဲ့ ဝီဂါတွေနဲ့ အခြားလူမျိုးစုငယ်တွေကို လူမျိုးတုံးသတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပြောကြားခဲ့ဖူးပါတယ်။

ထင်ရှားကျော်ကြားသော ပညာရှင်တစ်ဦး

ရာဟီလဲ ဒါဝတ် (Rahile Dawut)က ရှင်ကျန်း (Xinjiang) ဒေသအနှံ့အပြားမှာရှိတဲ့ ဘာသာရေးအထွဋ်အမြတ်ထားရာနေရာတွေကို ဝီဂါလူမျိုးတွေသွားရောက်ခဲ့တဲ့ ဘုရားဖူးခရီးစဉ်များကို မှတ်တမ်းတင်ခြင်းအပါအဝင် ရိုးရာပုံပြင်တွေ၊ ဘာသာရေးနဲ့ဆက်စပ်ပြီး လူသား‌တွေရဲ့ ဓလေ့ထုံးစံ၊ ယုံကြည်မှုတို့ကို လေ့လာတဲ့ပညာရပ်တို့မှာ အထူးအာရုံစိုက်လေ့လာခဲ့သူဖြစ်တဲ့အတွက် ဝီဂါယဉ်ကျေးမှုနှင့် ပတ်သက်ပြီး အထင်ရှားအကျော်ကြားဆုံးသော ပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

သူမဟာ ဝီဂါ ယဉ်ကျေးမှုကို တစ်ကမ္ဘာလုံးက ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာအောင် မြှင့်တင်ခဲ့ပြီး ဝီဂါ ရှေးဟောင်း အမွေအနှစ်လက်ရာတွေနဲ့ ဗိသုကာလက်ရာတွေကို မှတ်တမ်းတင်ခြင်း၊ ထိန်းသိမ်းခြင်းတို့အတွက်လည်း အဓိက ကူညီပံ့ပိုးခဲ့ပါတယ်။

အဲဒါတွေအပြင် နိုင်ငံတကာက သုတေသီတွေနဲ့အတူပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးဧည့်သည်အဖြစ် ဟောပြော‌ဆွေးနွေးခြင်းနဲ့ သင်ကြားပို့ချခြင်းတွေပါ ပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာပညာရှင်တွေရဲ့ ချီးကျူးဂုဏ်ပြုမှုတွေရရှိခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ရာဟီလဲ ဒါဝတ် (Rahile Dawut) ဟာ သူမ ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ရှင်ကျန်းတက္ကသိုလ်(Xinjiang University)မှာပဲ ရိုးရာပုံပြင်၊ ဓလေ့တွေကို အထူးဂရုပြုလေ့လာတဲ့ စင်တာတစ်ခုကိုလည်း ထူထောင်ခဲ့ပါသေးတယ်။

အမေရိကန် မနုဿဗေဒအသင်း(American Anthropological Association)ရဲ့အ‌ဆိုအရ သူမဟာ တရုတ်အစိုးရထံကနေ ထောက်ပံ့ကြေးတွေနဲ့ ဆုတွေကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာတော့ သူမ ပျောက်ကွယ်သွားခဲ့တယ်လို့ ပညာရှင်တွေနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှားတဲ့အဖွဲ့တွေက ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို ကူညီပေးနေတဲ့ အမေရိကန်ပြည်ထောင်စု ဆန်ဖရစ်စစ်စကိုအခြေစိုက် Dui Hua Foundation ကတော့ ရာဟီလဲ ဒါဝတ်(Rahile Dawut)ဟာ ခွဲထွက်ရေးဝါဒီဖြစ်တယ် (သို့မဟုတ်) နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသော ရာဇဝတ်မှုမြောက်တဲ့ နိုင်ငံရေးအရ ခွဲထွက်ရေးဝါဒီ ဖြစ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ၂၀၁၈ ခုနှစ်ထဲမှာ ရုံးတင်စစ်ဆေးခံရတယ်လို့ ဆိုပါတယ်။

သူမကို အပြစ်ရှိကြောင်း အမိန့်ချခဲ့ပြီးတဲ့နောက် အယူခံဝင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ အယူခံကို ရှင်ကျန်း (Xinjiang) ဗဟိုတရားရုံးကပယ်ချခဲ့တယ်လို့ သတင်းရစ်မြစ်တွေကိုကိုးကားပြီး စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ခဲ့တဲ့ Dui Hua Foundation ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ သီးခြားအမှုတွေအတွက် ဖမ်းဆီးထိန်းသိမ်းခြင်းကိစ္စတွေနဲ့ ရှင်ကျန်း(Xinjiang)ဒေသရဲ့ သီးခြားအမှုတွေမှာ အမိန့်ချမှတ်ခြင်းတွေဟာ ပွင့်လင်းမြင်သာမှုမရှိခြင်းတွေကြောင့် သီးခြားအမှုကိစ္စရပ်တွေအတွက် သတင်းအချက်အလက်တွေရယူဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

CNN သတင်းဌာနအနေနဲ့လည်း သတင်းပေးပို့ချက်တွေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အစိုးရရဲ့ အကြမ်းဖက်ဝါဒနဲ့ ခွဲထွက်ရေးဝါဒတို့အပေါ် စိုးရိမ်ပူပန်မှုတွေရှိလာခဲ့တဲ့အတွက် ဒေသတွင်းမှာ အစွန်းရောက်ဝါဒကို တိုက်ဖျက်မယ်လို့ ရှင်ကျန်း (Xinjiang)ဒေသန္တရအစိုးရက ၂၀၁၄ ခုနှစ်တုန်းက ကြေညာခဲ့ပါသေးတယ်။

တရုတ်အာဏာပိုင်တွေဟာ ဝီဂါတွေကို ဖမ်းဆီးခြင်းတွေလုပ်ဆောင်နေသလို ရာဟီလဲ ဒါဝတ် (Rahile Dawut)တို့လိုပညာရှင်တွေ လေ့လာထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့တဲ့ ဝီဂါယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေအနှစ်တွေကိုပါ ပစ်မှတ်ထားခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းပေးပို့ချက်တွေနဲ့ ပညာရှင်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ အဆိုအရသိရပါတယ်။

အသေးစိတ်အစီရင်ခံစာတွေကို ကိုးကားပြီး “ဗလီကျောင်းတွေ၊ ဘာသာရေးအရအထွဋ်အမြတ်ထားရာနေရာတွေရဲ့ သုသာန်တွေ စတဲ့ အစ္စလာမ်ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ဖျက်ဆီးခြင်းတွေ” ရှိခဲ့တယ်လို့ ကုလသမဂ္ဂ (UN) ရဲ့ ၂၀၂၂ ခုနှစ် ဆုံးဖြတ်ချက်တွေမှာ ဖော်ပြထားပါတယ်။

ယမန်နှစ်က တရုတ်အစိုးရရဲ့ ကုလသမဂ္ဂကို တရားဝင်တုန့်ပြန်ချက်မှာတော့ “တရုတ်ဆန့်ကျင်ရေးအင်အားစုတွေရဲ့ မဟုတ်မမှန်သတင်းတွေနဲ့ လုပ်ကြံဖန်တီးထားတဲ့အလိမ်အညာတွေကို အခြေခံထားခြင်းသာဖြစ်တဲ့အတွက် အစီရင်ခံစာပါတွေ့ရှိချက်တွေဟာ အမှန်တရားတွေမဟုတ်ဘူးလို့ ငြင်းဆိုတယ်” ဆိုပြီး ပြောခဲ့ပါတယ်။

၂၀၁၈ ခုနှစ်ကစလို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့အ‌မြောက်အမြားက ရာဟီလဲဒါဝတ်(Rahile Dawut)ကို တရားစွဲဆိုထိန်းသိမ်းထားခြင်းအပေါ် ရှုတ်ချခဲ့ကြပြီး သူမအပြင် ၂၀၁၄ ခုနှစ်က တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဘေကျင်းမင်ဇူးတက္ကသိုလ်(Beijing Minzu University)က စီးပွားရေးပါမောက္ခ အီဟမ်ထို့တီ(IIham Tohti)အပါအဝင် အခြားသော ဝီဂါ ပညာတတ်တွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့တောင်းဆိုနေကြဆဲဖြစ်ပါတယ်။

“ရာဟီလဲ ဒါဝတ် (Rahile Dawut)က ထူးချွန်ထက်မြက်တဲ့ ဆရာမတစ်ဦးလည်းဖြစ်သလို ကမ္ဘာတစ်ဝှမ်းက မျိုးဆက်သစ်ပညာရှင်တွေကို ဝီဂါယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အသိပညာတွေ ပိုပြီး နက်နက်ရှိုင်းရှိုင်းသိလာအောင် လမ်းညွှန်ပေးခဲ့တဲ့ သုတေသီတစ်ဦးလည်းဖြစ်ပါတယ်” လို့ အစောပိုင်းကာလက သူမကို ဂုဏ်ထူးဆောင် ပါမောက္ခတစ်ဦးအဖြစ် ကြေညာခဲ့တဲ့ Open Society University Network(OSUN)ဆိုတဲ့ နိုင်ငံတကာညာရှင်အဖွဲ့အစည်းရဲ့ ယခင်လထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ပညာရေးလွတ်လပ်ခွင့်၊ ဝီဂါလူမျိုးတွေနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ပြင်းပြင်းထန်ထန်စော်ကားနေတာသာဖြစ်တယ်။ OSUN အနေနဲ့ ပရော်ဖက်ဆာ ဒါဝတ်ကိုအကျဉ်းထောင်ကနေ လွှတ်ပေးပြီး သူမရဲ့အရေးကြီးတဲ့ အလုပ်တွေကို ချက်ချင်းပြန်လုပ်ခွင့်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref : US condemns China’s reported life sentence of acclaimed Uyghur scholar – CNN