ဆီးရီးယားစစ်တပ် ဘွဲ့‌နှင်းသဘင်ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး လူ ၆၀ ခန့်သေဆုံး

Published on Oct 06, 2023

ဆီးရီးယားနိုင်ငံမှာ အောက်တိုဘာ ၅ ရက် ကြာသာပတေးနေ့က စစ်တပ်အကယ်ဒမီပွဲအတွင်း ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရလို့ လူ ၆၀ ခန့် သေဆုံးခဲ့တယ်လို့ စစ်ပွဲစောင့်ကြည့်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေကို အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခမ်းအနားကို တက်ရောက်လာတဲ့ ဆီးရီးယား ကာကွယ်ရေး ဝန်ကြီးကတော့ တိုက်ခိုက်မှုမဖြစ်ခင် မိနစ်ပိုင်းအတွင်းမှာ နေရာကနေ ရှောင်တိမ်းနိုင်ခဲ့ပါတယ်။

ဆီးရီးယားရဲ့ ဟွန်းမ်မြို့လယ်က စစ်တပ်အကယ်ဒမီတစ်ခုမှာ ဘွဲ့နှင်းသဘင်ကျင်းပနေတုန်း တိုက်ခိုက်ခံရတာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် စစ်ဘက်နဲ့ အရပ်ဘက် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ထဲ အကြမ်းဖက်အဖွဲ့တွေဟာ ဒရုန်းတွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ်ဆိုတာ ဖော်ပြထားခြင်းမရှိသလို ဘယ်အဖွဲ့ကမှလည်း တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုလာတာမျိုး မရှိသေးပါဘူး။

ဆီးရီးယားကာကွယ်ရေးဝန်ကြီးဟာ ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ခဲ့ပေမယ့် တိုက်ခိုက်မှုမဖြစ်ခင် မိနစ်ပိုင်းအတွင်းမှာ ထွက်ခွာသွားခဲ့ကြောင်း ဆီးရီးယားလုံခြုံရေးသတင်းရင်းမြစ်တစ်ခုနဲ့ ဆီးရီးယား အစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ ဒေသတွင်းမဟာမိတ်အဖွဲ့က လုံခြုံရေး ရင်းမြစ်တစ်ခုအရ သိရပါတယ်။

Reuters သတင်းဌာနကို WhatsApp က တစ်ဆင့် ပေးပို့လာတဲ့ ဗီဒီယိုမှတ်တမ်းအရ စစ်ဘက်နဲ့ အရပ်ဘက်ပြည်သူတချို့ ဘွဲ့နှင်းသဘင်ကွင်းပြင်ထဲမှာ ဒဏ်ရာတွေရရှိထားပြီး သွေးအိုင်ထဲလဲနေတဲ့ မြင်ကွင်းတွေ ပါဝင်ပါတယ်။

ဗီဒီယိုတွင်းက ပုံရိပ်တွေအရ မြေပြင်ပေါ်က တချို့အလောင်းတွေမှာ မီးစွဲနေပြီး တချို့ကလည်း မီးလောင်ထားကြပါတယ်။

ကွင်းပြင်ထဲမှာလည်း လူအမြောက်အမြား အော်ဟစ်ပြေးလွှားနေပုံပေါ်ပြီး စက်သေနတ်နဲ့ ပစ်ခတ်နေတာလို့ ယူဆရတဲ့ နောက်ခံအသံတွေလည် ပါဝင်ပါတယ်။

ဆီးရီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကတော့ စုစုပေါင်း လူ ၇၈ ယောက် သေဆုံးခဲ့ပြီး ၁၄၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောကြပါတယ်။

ဆီးရီးယားအစိုးရ ကျောထောက်နောက်ခံရှိတဲ့ မဟာမိတ် သတင်းရင်းမြစ်တစ်ခုကတော့ လူသေဆုံးမှု စုစုပေါင်း ၆၆ ယောက်ရှိတယ်လို့ ဆိုပြန်ပါတယ်။

ဆီးရီးယားနိုင်ငံက ပဋိပက္ခတွေဟာ ၂၀၁၁ ခုနှစ်က သမ္မတ ဘာရှား အယ်လ် အာဆဒ်ကို ဆန္ဒပြရာကနေ စတင်ခဲ့ပြီး ဒေသခံပြည်သူ သိန်းနဲ့ချီသေဆုံးကာ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ စစ်မီးအသွင်ကို ကူးပြောင်းသွားတာပါ။

ဆီးရီးယားစစ်တပ်ဟာလည်း စဉ်ဆက်မပြတ်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြိုလဲလုဆဲဆဲ ဖြစ်နေပြီး ရုရှားနဲ့ အီရန်တို့ထံက စစ်ရေးထောက်ပံ့မှုတွေအပြင် အီရန်-တီဟီရန်ဒေသက အခြေပြု လဘက်နွန်၊ အီရတ်နဲ့ အခြားနိုင်ငံတွေက တိုက်ခိုက်ရေးအင်အားစုတွေအပေါ် မှီခိုအားထားနေရပါတယ်။

သမ္မတ အာဆဒ်ဟာ နိုင်ငံတွင်း ဒေသအတော်များများကို ပြန်လည်စိုးမိုးရယူနိုင်ခဲ့ပေမယ့် တူရကီနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြောက်ဘက်ပိုင်းကိုတော့ အစွန်းရောက်ဂျီဟက် တိုက်ခိုက်ရေးသမားတွေအပါအဝင် အတိုက်အခံအင်အားစုတွေက ခြေကုပ်ယူထားဆဲဖြစ်ပါတယ်။