အွန်လိုင်းလုပ်ငန်းများအောက်တိုဘာ ၂ ရက်မှစ၍ မှတ်ပုံတင်နိုင်ပြီဟုကြေညာ၊ အွန်လိုင်းလုပ်ငန်းငယ်များ ရပ်ဆိုင်းသွားနိုင်ဟု သုံးသပ်

Author Z၊ ခေတ်နီ
Categories
Published on Oct 03, 2023

အွန်လိုင်းအခြေပြု စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ အနေဖြင့် အောက်တိုဘာ ၂ ရက်နေ့မှစ၍ သက်ဆိုင်ရာ မှတ်ပုံတင်လက်မှတ်များ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာသည်။

ဇန်နဝါရီမတိုင်ခင် လာလျှောက်ပါက မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပြီး နှစ်စဉ်ကြေးလည်း မကောက်ခံသေးကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန စားသုံးသူရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က ပြောသည်။

“အဓိက ရည်ရွယ်ချက်က စားသုံးသူ အကာအကွယ်ရဖို့ပါ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင်ပြုလုပ်ခဲ့သည့် eComReg စနစ်မိတ်ဆက်ပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုစနစ်သည် ယခုမှလုပ်ခြင်းမဟုတ်ဘဲ အာဏာမသိမ်းမီကာလ ၂၀၁၉-၂၀ ခုနှစ်ခန့်မှ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု Non-CDM တစ်ဦးဖြစ်သူ ဦးထက်ဝင်းအောင်က ပြောဆိုသည်။

” နောက် ဒါက ၂၀၁၉-၂၀၂၀ လောက်ကတည်းကလုပ်ဖို့အစီအစဥ်ရှိပြီးသားပါ။ ကိုဗစ် စစချင်း အွန်လိုင်းပေါ် အကုန်ပြေးတက်ကျတဲ့အချိန်တည်းကပေါ့။ ခုမှ အထူးအဆန်း လုပ်တာတော့မဟုတ်ဘူး။ ဆိုးတာတော့ လုပ်ငန်းတွေပိုဝန်ပိတာပေါ့” ဟု လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

ဇန်နဝါရီလမတိုင်မီ လာလျှောက်ပါက Form ကြေး ၄၀၀၀ သာကျသင့်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးနှင့် Form ခပါပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ရဲ့ ငွေရပေါက်ရလမ်းတစ်ခုထပ်ရှာတယ်လို့ပဲ မြင်တယ်။ ပြီးတော့ ဒီအွန်လိုင်းလုပ်ငန်းတွေအပေါ်မှာ တင်းကြပ်စိစစ်ချင်တဲ့ သဘောလို့ထင်တယ်” ဟု အွန်လိုင်းစီးပွားရေးလုပ်ငန်းနှင့်နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

ယနောက်ပိုင်း ခေတ်ကာလအခြေအနေအရ အွန်လိုင်းပေါ်မှတစ်ဆင့် တိုက်ရိုက်ရောင်းချသည့်(Live Sale) နှင့် Online Business များ အလွန်ပေါများလာခြင်းကြောင့် စစ်ကောင်စီမှ ငွေရလမ်းနှစ်ခုအဖြစ်တွေ့ရှိသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုမှတ်ပုံတင်ကြေးကောက်ပြီးနောက် အခွန်များထပ်မံကောက်ခခံလာနိုင်ကြောင်း ၎င်းက ပြောသည်။

” ‌လုပ်ငန်းအကြီးကြီးတွေကို အရင်ဦးတည်တယ်လို့တော့ ယူဆတာပဲ။ မင်းသားမင်းသမီး နာမည်ကျော်တွေနဲ့လုပ်တဲ့လုပ်ငန်းမျိုးပေါ့” ဟု ၎င်းက ဆက်ပြောသည်။

ပြည်သူနောက်တစ်ဦးကလည်း ” တစ်ယောက်ယောက်ကတိုင်ရင်တော့ အဲဒီမှာ အချောင်နားကားနိုင်တာပေါ့။ အဲဒီလိုမျိုးဆို ကျိန်းသေခံရမှာပဲ။ ဟိုဘက်ကလည်း စံနမူနာပြ အရေးယူပြချင်တာလေ” ဟု မှတ်ချက်ပေးသည်။

အွန်လိုင်းရှော့လုပ်ငန်းမှာ သမားရိုးကျအရောင်းအဝယ်လုပ်ငန်းများထက် အချိန်၊ ငွေအရင်းအနီးနှင့် လူအင်အားအလွန်သက်သာသည့်အတွက် လူငယ်များက တစ်ပိုင်တစ်နိုင်သဘောမျိုးလုပ်ကြသည့် လုပ်ငန်းသေးသေးလေးများရှိကြောင်း ပြည်သူတစ်ဦးက မှတ်ချက်ပေးသည်။

” သူတို့တွေကျ နည်းနည်းအခက်အခဲတွေ့တာပေါ့။ အဓိကက မှတ်ပုံတင်ဖို့ လက်လှမ်းမမှီတဲ့လူငယ်မျိုးတွေ၊ တချို့ သူတို့နဲ့မပတ်သက်ချင်လို့ မှတ်ပုံမတင်ချင်ဘူးဆိုတဲ့ လူငယ်‌မျိုးတွေကျတော့ ရပ်ပစ်လိုက်ရတာမျိုးတွေရှိတာပေါ့။ မဟုတ်ရင် အဖမ်းခံရမှာကိုး။ ပြီးတော့ ဈေးနှုန်းသတ်မှတ်တဲ့ နေရာမှာလည်း လွတ်လွတ်လပ်လပ်သတ်မှတ်လို့ မရတော့တာမျိုးတွေ ရှိလာနိုင်မယ်လို့ မြင်တာပဲ” ဟု ၎င်းက ပြောသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်လက်မှတ်ရရှိထားပြီးသူများသာ လုပ်ကိုင်ခွင့်ရှိမည်ဖြစ်ပြီး မှတ်ပုံတင်မရှိဘဲ လုပ်ကိုင်ပါက စားသုံးသူကာကွယ်ရေးဥပဒေအရအရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စားသုံးသူရေးရာဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းအားလုံးကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။