ဆန်ကြမ်းတစ်အိတ် ၄ သိန်း၊ ဆီတစ်ပိဿာ တစ်သိန်း၊ ကြက်ဥတစ်လုံး ၁၅၀၀ နှင့် မိုးထိတော့မည့် မော်ချီးကုန်ဈေးနှုန်း

Author မင်းထက်
Categories
Published on Oct 03, 2023

သတ္တုဖြင့် ကမ္ဘာကျော်သော မော်ချီးဒေသသည် ယခုတော့ ကုန်ဈေးနှုန်းဖြင့် လူသိများရတော့မယောင်။

မြန်မာပြည်တွင်းက အခြားသူများ မျက်လုံးပြူး စွန့်အစေမည့် ဈေးနှုန်းများအထိ သတ္တုတွင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည်။

ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄၀၀၀ မြင့်သောဒေသ၌ ကုန်ဈေးနှုန်းများက ယင်းအမြင့်ထက် အဆ ၁၀၀ ခန့်အထိ မြင့်တက်သွားပေပြီ။

၂၄ ပြည်ဆန်ကြမ်းတစ်အိတ် ကျပ်လေးသိန်း၊ ကြက်ဥတစ်လုံး ၁၅၀၀ ကျပ်၊ ဆီတစ်ပိဿာ ကျပ်တစ်သိန်း ဖြစ်ပေါ်နေသည်ဟု မော်ချီးဒေသခံများက ဆိုသည်။

ထို့ပြင် ကြက်သွန်နီ တစ်ပိဿာ ကျပ်(၂)သောင်းနှင့် ကွမ်းရွက်တစ်ပိဿာလျှင် ၁၅၀,၀၀၀ ကျပ်အထိမြင့်တက်လျက်ရှိကြောင်း ယင်းဒေသခံတစ်ဦးက CJ Platform သို့ ပြောသည်။

“ဒီဖြစ်စဥ်ဖြစ်နေတာ နှစ်လနီးပါးတော့ရှိနေပြီဗျ။ မော်ချီးမှာက ကုန်သွယ်ရေးခက်ခဲမှုကြောင့် ကုန်ဈေးနှုန်းတွေက တခြားမြို့နယ်တွေထက် ကုန်ဈေးနှုန်းမြှင့်တက်နေတာ အတော်ကြာပါပြီ” ဟု Job for Kayah မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုအဖွဲ့သည် ကရင်နီပြည်နယ်အတွင်းက သတင်းမှန်များနှင့် စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်နေသည့်အဖွဲ့တစ်ခုဖြစ်သည်။

“ငွေရှိရင်တောင် ကုန်ပစ္စည်းဝယ်ဖို့ပါ ရှားနေတဲ့အနေအထားပါ” ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

ယခင်ကပင် သာမာန်ဒေသများထက် ကုန်စျေးနှုန်းမြင့်တက်လေ့ရှိသည့် မော်ချီးမြို့လေး၏ကုန်ဈေးနှုန်းသည် ယခုတော့ မိုးထိရောက်ပေတော့မည်။

စစ်ကောင်စီနှင့် ကရင်နီတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်သည့် နေရာဒေသတစ်ခုဖြစ်သည့်အလျောက် ကုန်သွယ်ရေးအခြေအနေမှာ လွန်စွာဆိုးရွားသည့်အနေအထားတစ်ခုတွင်ရှိနေသည်။

မော်ချီးဒေသ ကုန်သွယ်ရေးအတွက် လွိုင်ကော်မှ ဒီးမော့ဆို-ဖရူဆို- ဘော်လခဲ-ဖားဆောင်း- မော်ချီးလမ်းနှင့် လွိုင်ကော်-ဒေါတမကြီး-ဘောလခဲ -ဖားဆောင်း- မော်ချီးလမ်းဟူ၍ လမ်းပိုင်းနှစ်ခုကို အဓိကအသုံးပြုကြသည်။

သို့သော် စစ်အုပ်စုအာဏာသိမ်းကာလအတွင်း တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဒီးမော့ဆို-ဖရူဆိုလမ်းမှ ဖြတ်သန်း၍မရတော့ပေ။

ထို့ကြောင့် ၂၀၂၁-၂၀၂၂ ကာလများမှစတင်၍ ယင်းဒေသတွင် ကုန်စျေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့သည်။

ထို့နောက် မော်ချီး၏ အဓိကလမ်းမကြီးဖြစ်သော ဒေါတမကြီးလမ်းမှာလည်း ယခုနှစ်အစပိုင်းမှစတင်၍ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး၀င်ရောက်လာကြသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် လနှင့်ချီကာ ထိတွေ့တိုက်ပွဲပြင်းထန်လာသည့်အတွက် ယင်းလမ်းပိုင်းကို ယနေ့တိုင် အသုံးပြုခွင့်မရခြင်းကြောင့် ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုလမ်းနှစ်ခုကို အသုံးပြုခွင့်မရခြင်းကြောင့် ကုန်သွယ်မှုအတွက် ချောင်း၊ မြောင်းများကို ဖြတ်ကူးသွားလာရပြီး လူထိခိုက်သေဆုံးနိုင်သော တောလမ်းများကိုသာ ဒေသခံများအနေဖြင့် အသုံးပြုခဲ့ရသည်။

ထိုသို့တောလမ်းများမှ ကုန်သွယ်မှုအနည်းငယ်အဆင်ပြေနေခဲ့သော်လည်း စစ်ကောင်စီတပ်မှ ယင်း‌တောလမ်းကြောင်းကို အသုံးပြု၍ ရိက္ခာပို့လမ်း‌ကြောင်းအဖြစ်အသုံးပြုရန် စစ်ကြောင်းထိုး၀င်ရောက်လာသောကြောင့် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပေါ်လာခဲ့ကာ ကုန်သွယ်ရေးလမ်းကြောင်းများအားလုံး ပိတ်ဆို့သွားခဲ့ရပြီး မော်ချီးမြို့တွင် ကုန်စီးဆင်း၀င်ရောက်မှုအများအပြား ပြတ်တောက်သွားခဲ့ရသည်။

” ထိုင်းနယ်စပ်ဘက်ကလည်း တိုက်ပွဲတွေနဲ့ နယ်မြေလုံခြုံမှု မရှိတာကြောင့် ထိုင်းကုန်ပစ္စည်းတွေ စီးဆင်းဖို့ကလည်း ခက်ခဲနေတာပါ” ဟု Job for Kayah ၏ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

ထိုအချိန်တွင် ဝိသမလောဘသားတို့ အခွင့်ကောင်းယူခဲ့ကြပေသည်။

ထိုသို့ကုန်သွယ်မှုလမ်းကြောင်းများပြတ်တောက်သွားပြီးနောက် ဒေသတွင်းကုန်သည်များမှ သိုလောင်ထားသော ကုန်ပစ္စည်းများကို ဈေးများစွာမြှင့်တင်ရောင်းခြင်းများပြုလုပ်လာကြသည့်အတွက် ယခုကဲ့သို့ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်သွားရခြင်းဖြစ်သည်။

မော်ချီမိုင်းတွင်းကို အစွဲပြု၍ သတ္တုတွင်းကို အမှီပြုကာ စည်ပင်လာသော သတ္တုတွင်းမြို့ မော်ချီးသည် ကယားပြည်နယ်၏ အစွန်ဆုံးဒေသလေးတစ်ခုသာသာရယ်ဖြစ်သည်။

ယခုတော့ ထိုမြို့ငယ်လေးထက်ကြီးမားသည့် ကုန်ဈေးနှုန်းတို့ဖြင့် မြို့ငယ်လေး ဖျားနာနေရရှာလေပြီ။

သတ္တုဖြင့် ကမ္ဘာကျော်သော မြို့ငယ်လေးသည် ယခုတစ်ဖန် တိုက်ပွဲများနှင့်အတူ အဆမတန်ကြီးမားသည့် ကုန်ဈေးနှုန်းကြောင့် ကမ္ဘောကျော်ရပေတော့မည်။