စစ်ကိုင်းအပါအဝင် ကချင်၊ ကယား၊ ကရင်၊ ရှမ်းနှင့် မွန်တို့တွင် အောက်တိုဘာ ၈ ရက်အထိ မိုးကြီးနိုင်၍ ရေကြီး၊ မြေပြိုဘေး သတိပြုရန် NUG ထုတ်ပြန်

Published on Oct 02, 2023

စစ်ကိုင်းတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာလ (၅ မှ ၈) ရက်အတွင်း မိုးများနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထိုသို့မိုးကြီးနိုင်သဖြင့် အဆိုပါဒေသများနှင့် မြစ်များ၊အောက်ပိုင်းဒေသများတွင် ရေကြီးခြင်း၊ မြေပြိုခြင်း စသော သဘာဝဘေးအန္တရာယ်များကြုံတွေ့လာနိုင်သည့်အတွက် သတိပြုနေထိုင်ကြရန် NUG လူစာနာနှင့် ဘေးစီမံဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်သည်။

ထို့ပြင် အောက်တိုဘာ ၂ မှ အောက်တိုဘာ ၈ ရက်အထိ တစ်ပတ်အတွင်း မိုးလေဝသအခြေအနေမှာ မုတ်သုံအဆုတ်မိုးသည် ဒုတိယရေကြီးကာလဖြစ်စဉ်ကို မြန်မာနိုင်ငံမြစ်ကြီး/မြစ်ငယ်အသီးသီးတွင် ပြန်လည်ကြုံတွေ့ရမည့် ကာလဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

ထူးခြားချက်အနေဖြင့် ယခုလာမည့်ရက်သတ္တပတ်အတွင်း မုတ္တမကွေ့သို့ရောက်ရှိလာသော လေဖိအားနည်းရပ်ဝန်းတစ်ခုသည် အားကောင်းလာပြီး အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ဆက်စပ်လျက် အနောက်တောင် မုတ်သုံလေ ဆုတ်ခွာမှုကို တုံ့ဆိုင်းနှေးကွေးစေမှုဖြစ်ခဲ့ပြီး (၈)ရက်ခန့် နောက်ကျခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အလားတူ မြန်မာနိုင်ငံဘက်တွင်လည်း (၆)ရက်မှ (၇)ရက်ခန့် နောက်ကျ၍ မုတ်သုံဆုတ်ခွာနိုင်ကြောင်း NUG ၏ ဝန်ကြီးဌာနက ဆိုသည်။