မုံရွာခရိုင် တပ်ရင်း ၉ တပ်ခွဲ ၃ မှ တပ်ရေးဗိုလ်ဓာတုနှင့်ဆက်သွယ်မေးမြန်းခြင်း

Author မင်းထက်
Categories
Published on Oct 02, 2023

တော်လှန်ရေးအင်အားစုများအားကောင်းသော စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြားက ထိတွေ့တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အတူ ပကဖများအတွက် လက်နက်အင်အားက အဓိက ပြဿနာဖြစ်လာသည်။ ထို့ကြောင့် စခန်းသိမ်းတိုက်ပွဲကဲ့သို့ အောင်မြင်မှုမျိုးရရှိနိုင်သော်လည်း မသိမ်းနိုင်ဖြစ်ခဲ့ရသကဲ့သို့ ထိတွေ့တိုက်ပွဲအချို့တွင် မလိုအပ်ဘဲ ဆုတ်ခွာရသည့်ဖြစ်ရပ်များလည်း ဖြစ်ပေါ်နေသည်ဟု CJ Platform သတင်းဌာနက စုံစမ်းသိရှိလာရသည်။ ထို့ပြင် ရှေ့တွင် ဆောင်းရာသီရောက်လာတော့မည်ဖြစ်သည့်အလျောက် အနွေးထည်နှင့် ဆောင်များလိုအပ်နေကြသည်။

ထိုအခြေအနေများနှင့်ပတ်သက်၍ မုံရွာတပ်ရင်း ၉ တပ်ခွဲ ၃ တပ်ရေးဗိုလ် ဓာတုထံသို့ CJ Platform သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

CJ – ယခုလက်ရှိ ဆရာတို့အဖွဲ့မှာ ဘာတွေလိုအပ်နေပါသလဲ။

ဗိုလ်ဓာတု- လိုအပ်ချက်က အရာရာပေါ့။ တော်လှန်ရေး သမားတွေလေ အဆင်ပြေအောင်နေရတာ။ ဆောင်းရောက်တော့မှာ စောင်ရော၊ အနွေးထည်ရောပဲလိုအပ်တာပေါ့။ စိတ်သွားတိုင်း ကိုယ်မပါဘူး။ လိုအပ်ချက်တွေများတယ်။အဓိက လိုအပ်ချက်က စားဝတ်နေရေး၊ ကျည်၊ လက်နက် ပေါ့။ ကျန်တာတွေက အရေးမကြီးပါဘူး။

CJ – တိုက်ပွဲတွင်း လက်နက်မမျှတမှု ကြုံရလား။ ကြုံရရင် ဘယ်လို မမျှတာမှုမျိုးတွေရှိခဲ့လဲဆိုတာလေး ပြောပြပေးပါဦး။

ဗိုလ်ဓာတု – တိုက်ပွဲမှာ လက်နက်ကတော့မမျှတဘူးဗျ။ ကျနော်တို့က လက်နက်အင်အား မောင်းပြန် ၅ လက်နဲ့လက်လုပ်နဲ့ပြစ်ရတာ။ တစ်ဖက်ပွင့်ပြောင်းတိုက်ကို ဦးစားပေးတိုက်ရတာ။ သုံးဖွဲ့ပေါင်းမှ မောင်းပြန် ၅ လက်ပဲရှိတာ။ကျည်က မပြည့်စုံဘူး။

မေး -NUG ဘက်က ထောက်ပံ့မှုကိုရော လက်ခံရရှိခဲ့လား။ မထောက်ပံ့ဘူးလား။ ထောက်ပံ့ပေမယ့် နည်းနေတာလား။

ဗိုလ်ဓာတု – ကျွန်တော်တို့ တပ်ရင်းအနေနဲ့ NUG လက်အောက်ဝင်ထားတာ ၁ နှစ်ပြည့်တော့မယ်။ ထောက်ပံ့မှု ကောင်းကောင်းမရဘူး။ ကျွန်တော်တို့ပွဲတစ်ပွဲ ဖော်ရင်တောင် ကုန်ကျစရိတ်ရဲ့ ၂၀ ပုံ ၁ ပုံလောက်ပဲရတာ။
ပွဲတွေက တကယ် ပေးချင်မှ ပေးတာ။ ပေးရင်လည်း နဲနဲပဲရတယ်။ အဲဒီတော့ တစ်ပွဲတိုက်ပြီးရင် နောက်တစ်ပွဲတိုက်ဖို့ တော်တော်လည်း ပြန်လည် ပစ္စည်းစုရတယ်။ ကျွန်တော်တို့ကလေးတွေက အာဏာရှင် စနစ်ကိုတိုက်ချင်လို့ လက်နက် ကိုင်တိုက်တာလေ။ အဲဒီတော့ မရှိ ရှိတာလေးတွေ ရောင်းချပြီး တိုက်နေရတာ။ အကြွေးတွေလည်း ပတ်လည်ဝိုင်းလို့ပါ။
NUG အနေနဲ့ ထောက်ပံ့မှုအားနည်းတာက တော်လှန်ရေး သမားတွေ ရပ်တည်ဖို့ခက်ခဲလာတယ်။ NUG ထောက်ပံ့မှုရမှ တိုက်ရမယ်ဆိုရင်လည်း ၂ နှစ်မှ တစ်ပွဲတိုက်မယ်ဆိုရင်တောင် ကျည် မလောက်တာနဲ့ ၅ မိနစ်လောက် ပစ်ပြီး အသေခံရမယ့် သဘောပါ။

မေး – ဆရာတို့ ယခုလိုလိုအပ်မှုတွေရှိနေရခြင်းက ပြည်သူတွေရဲ့ကူညီမှုလျော့လာလို့လား။

ဗိုလ်ဓာတု – ပြည်သူတွေက ဒီကုန်စျေးနှုန်းနဲ့ သူတို့ရှိတာ လာလှူရင်တောင် သူတို့စားဝတ်နေရေး အခက်အခဲကို ကိုယ်ကသိနေတော့ မယူရက်ဘူးဗျ။ လှူတာကလည်း သာမန်လူတန်းစားတွေပဲ။ ချမ်းသာသူတွေက နေသာသလိုနေကြတာ။ ဒီမိုကရေစီစနစ်ကိုသွားနေတော့ စေတနာရှိတဲ့သူတွေ လှူတာနဲ့ စိတ်သန့်သန့်ရှင်းရှင်းနဲ့ ဝမ်းဖြည့်နေတာ ချို့တဲ့ ပါတယ်ဗျာ။ တော်လှန်ရေး ကြာနေတာလည်း ချမ်းသာသူတွေ နေသာသလိုနေ နေကြလို့ဗျ။

မေး – ပြီးတော့ ဆုံးရှုံးမှုတွေ ဘာတွေရှိနေခဲ့လဲ။

ဗိုလ်ဓာတု- သက်ဆိုင်ရာ တာ၀န်ရှိသူတွေကလည်း အောက်ခြေက တပ်သားတွေဘဝကို စာနာပါ။ အလုပ်ပိုလုပ်ကြပါ။ တိုက်ပွဲဝင် စိတ်ဓာတ်ရှိသူတွေက ထောက်ပံ့ပါ။တော်လှန်ရေး စိတ်ပျက်သွားတဲ့တော်လှန်ရေးသမားတွေ ရှိပါတယ်။ အဲဒီလူတွေကို ဆုံးရှူံးရတာ တော်လှန်ရေး အတွက်အများကြီးနစ်နာပါတယ်။

မေး – ဆရာတို့အနေနဲ့ရော လက်နက်လိုအပ်ချက်များနေလား။ လက်နက်ခဲယမ်းဝယ်ယူရေးအပိုင်းမှာ အဆင်ပြေမှုရှိရဲ့လား။ ယခုလက်ရှိမှာ လိုအပ်ချက်က ဘာတွေရှိနေလဲ။

ဗိုလ်ဓာတု- ရှိတဲ့ပိုင်ဆိုင်မှုလေးတွေတော့ကုန်တာပေါ့။ ဆရာရယ်။ အခုလည်း ပွဲဖော်ပြီးတော့ ရောင်းစရာပစ္စည်း ဘာကျန်သေးလည်း ရှာနေရတယ်။ အရေးတကြီး ကျည်ဖြည့်ရဦးမယ်။ ကျည်စျေးကလည်း ၁၃,၅၀၀ ဆိုတော့။ အလှူရှင် မရှိရင် ၂ ရက်၊ ၃ ရက်နေရင် ဆန်လည်း ရှာရတော့မယ်။ ရပ်တည်ရတာ ခက်ခဲပါတယ်ဗျာ။

မေး- အဖွဲ့စည်းနဲ့ပတ်သက်ပြီး လတ်တလော ဘာတွေလုပ်ဆောင်ဖို့ရှိနေသေးလဲ။

ဗိုလ်ဓာတု – ထောက်ပံ့မှူကောင်းကောင်းရရင် ရက်ဆက် တိုက်ပွဲဖော်ဆောင်နိုင်ပါတယ်။ အခုပုံစံအရတော့ ရှေ့ထွက်တွေ ယမ်းသိပ်ဖို့ပြင်ဆင်ထားပါတယ်။ နောက်ထပ် ရန်သူစစ်တပ်လာရင် ရှိတာလေးနဲ့ ခံပစ်မယ်။ ပြည်သူတွေ ဘေးကင်းအောင် ကယ်ထုတ်မယ် ဒါပါပဲ။