နယူးဒေလီရှိ အာဖဂန်သံရုံး လုပ်ငန်းများရပ်ဆိုင်းကာ ပိတ်သိမ်း
အာဖဂန်နစ်စတန်နိုင်ငံ၏ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အာဖဂန် သံရုံးအား ပြီးခဲ့သည် အောက်တိုဘာလ ၁ ရက်နေ့ တနင်္ဂနွေ နေ့တွင် လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းကာ ပိတ်သိမ်းကြောင်း Afghan Embassy India ဝဘ်ဆိုက်မှ ကြေညာခဲ့သည်။
အာဖဂန် နိုင်ငံအတွင်း တာလီဘန်များ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း အာဏာရရယူခဲ့ခြင်းအပေါ် အိန္ဒိယမှ အသိအမှတ်မပြုခဲ့ပဲ နှစ်နိုင်ငံကြား ဆက်ဆံရေးရပ်တန့်ခဲ့ သည်မှာ ကြာမြင့်ခဲ့ပြီဟု သိရသည်။
ယခုအခါ သံအမတ်နှင့် တခြားစီနီယာ ဝန်ထမ်းများမှာလည်းအိန္ဒိယမှ ပြီးခဲ့သည့် လများအတွင်း ထွက်ခွာသွားခဲ့ကြပြီး တခြားနိုင်ငံများ၌ နိုင်ငံရေးခိုလှုံခွင့်များ တောင်းခံထားကြသည်ဟု အိန္ဒိယ ပြည်တွင်းသတင်းများမှ ဖော်ပြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တာလီဘန်များ အာဏာထိန်းသိမ်းခဲ့အပြီး အာဖဂန်သမ္မတဟောင်း အရှ်ရတ် ဂါဟာနီ လက်အောက်မှ ခန့်အပ်ထားသော သံအမတ်နှင့် ဝန်ထမ်းများ လမ်းညွှန်မှုများနှင့်သံရုံး အား ဆက်လက် လုပ်ဆောင်ရန် အိန္ဒိယဘက်မှ ညွှန်ကြားခဲ့ကြောင်း DW media မှ ရေးသားသည်။
အာဖဂန်အား အသိအမှတ်ပြုနိုင်ရန်အတွက် ကုလသမဂ္ဂ ၏ တာလီဘန် အစိုးရ အပေါ် အမြင်နှင့် ဆုံးဖြတ်ချက်လည်း လိုအပ်ကြောင်း အိန္ဒိယ မှ ပြောဆိုခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် ပထမဆုံးသော နိုင်ငံအဖြစ် တရုတ်နိုင်ငံမှ အာဖဂန် တာလီဘန် အစိုးရ၏ သံအမတ်အား အသိအမှတ် ပြုခဲ့ပြီး တခြားသောနိုင်ငံများမှာမူ တာလီဘန်အစိုးရ အာဏာမရယူမှီက သံအမတ်များကိုသာ ဆက်လက်လက်ခံထားကြသည်။
ကြေညာချက်တွင် အဓိက အချက် သုံးချက်အား ဖော်ပြထားပြီး ၎င်းအချက်များမှာ (၁) သံရုံးတည်ရှိနိုင်ငံ၏ ထောက်ခံအားပေးမှုမရှိခြင်း၊(၂)အာဖဂန်နိုင်ငံ အတွင်းရှိ ပြည်သူများအရေးအား ဒီမိုကရေစီဆိုင်ရာ အားပေးမှုများ အိန္ဒိယမှ မပြုလုပ်နိုင်ခြင်း (၃) လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် လူအင်အား လျော့ချခံရခြင်းနှင့် တခြားသော အရင်းအမြစ်များ မလုံလောက်ခြင်း တို့ကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ယခုအခါ အိန္ဒိယသည် ပြီးခဲ့သည့် G-20 အစည်းအဝေးပွဲအတွင်း ကနေဒါဝန်ကြီးချုပ်၏ ဆစ်ဒ် ဘာသာရေးခေါင်းဆောင် ကနေဒါနိုင်ငံအတွင်း အသတ်ခံရမှုနှင့်ပတ်သတ်၍ စွပ်စွဲပြောဆိုမှုကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာနေသည့် အပြင် နိုင်ငံတွင်း အရှေ့မြောက်ပိုင်းရှိ မဏိပူရ် ပြည် တွင်လည်း မီတီ-ကူကီ လူမျိုးရေးအဓိကရုန်း ပြဿနာကြီးအား ရင်ဆိုင်နေရသည်။
ဓာတ်ပုံ – Reuters News Media