ဒီတစ်ပတ်ဘာတွေထူးလဲ? (စက်တင်ဘာ ၂၄ မှ ၃၀ အထိ)

Published on Sep 30, 2023

တစ်ပတ်အတွင်း မြန်မာနဲ့ ကမ္ဘာတစ်လွှားက ထိပ်တန်းရောက်သတင်းများစုစည်းမှု
အခုအပတ်(စက်တင်ဘာ ၂၄ မှ ၃၀ အထိ)အတွင်း ပြည်တွင်းလက်နက်ကိုင်တော်လှန်မှုအခြေအနေကတော့ အားကောင်းဆဲဖြစ်ပြီး စစ်ကိုင်းတိုင်းထဲကတိုက်ပွဲတွေအပြင် KNU နဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA၊ TNLA တို့နဲ့လည်း စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရက်သတ္တပတ်လို့ ဆိုရမှာဖြစ်ပါတယ်။
ထူးခြားတဲ့သတင်းဆိုးကတော့ PDF နဲ့ အရပ်သားတွေ စစ်ကောင်စီတပ်သားတွေရဲ့ တိုက်ခိုက်သတ်မှုတွေကို အတော်များများခံခဲ့ရတဲ့သတင်းပါပဲ။ ဒါ့အပြင် ဝန်းသိုက ဘကစာသင်သားကလေးတွေ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ၁၈ ဦးလောက်ဒဏ်ရာရပြီး ၆ ဦးဒဏ်ရာပြင်းထန်တဲ့သတင်း၊ အွန်လိုင်းလုပ်ငန်းတွေကို အကြံကုန် ဂဠုံဆားချက်တော့မယ့်စစ်ကောင်စီနဲ့ ဒုဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ကိုဖြုတ်ပြီး ဘယ်သူ့မှအထာမထားတဲ့ စစ်ခေါင်းဆောင် စတဲ့သတင်းတွေ ဒီတစ်ပတ်ထဲ ပြည်တွင်းမှာ ထိပ်တန်းရောက်ခဲ့ပါတယ်။

နိုင်ငံတကာသတင်းတွေဘက်မှာဆိုရင် အရှိန်မြင့်တက်လာတဲ့ မြန်မာနယ်စပ်က မဏိပူရ်လူမျိုးရေးပဋိပက္ခ၊ လူ ၁၀၀ ကျော်သေဆုံးခဲ့ရတဲ့ အီရတ်မင်္ဂလာဆောင် စတဲ့သတင်းတွေနဲ့အတူ အနုပညာသတင်းတွေဘက်မှာဆိုရင် တေလာဆွိဖ်ရုပ်ရှင် တစ်ကမ္ဘာလုံးကို လက်မှတ်စရောင်းတဲ့သတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။

စုစည်းရေသားသူ ကိုထားဝယ်

ပြည်တွင်းသတင်းများ

PDF များအပါအဝင် ဒေသခံအတော်များများအသတ်ခံရတဲ့ ရက်သတ္တပတ်
****************************************
မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးရဲဘော်တွေနဲ့ အရပ်သားတွေ ယခုရက်သတ္တပတ်ထဲ စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံရမှုမြင့်တက်ခဲ့ပါတယ်။

မြင်းမူမြို့နယ်ထဲက PDF စခန်းဝင်စီးခံရတာ၊ နယ်မြေကင်းလှည့်နေတဲ့ PDF တွေ အလစ်အငိုက်တိုက်ခိုက်ခံရတာ၊ စစ်ကောင်စီ ဝင်စီးနင်းတာခံရတာ စတဲ့အကြောင်းအချက်တွေကြောင့် ယခုရက်သတ္တပတ်ထဲ PDF တွေအပါအဝင် အရပ်သားသေဆုံးမှုတွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းမူမြို့နယ်၊ ခြေတော်ရာရွာအနီး မြင်းမူ-မြောင်းမြလမ်းမပေါ်မှာ အရပ်သားတွေကို ဂွေးပင်တော်ရွာကနေ ခြေရာတော်ရွာဆီ ကူပြောင်းပေးနေတာကို အသင့်စောင့်နေတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ခံရမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် စုစုပေါင်း ၂၆ ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။

ချောင်းဦးမြို့က မန်ကျည်းခွ၊ မင်းတည်နဲ့ မင်းခေါင်ရွာသုံးရွာကို စက်တင်ဘာ ၂၆ ရက်နေ့က ဝေဟင်မှ ရဟတ်ယာဉ်နဲ့ ပစ်ခတ်သလို စစ်သား ၇၀ လောက်ကို မြေပြင်သို့ချပြီး စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှင့် PDF စုစုပေါင်း ၉ ဦးထက်မနည်းသေဆုံးခဲ့ရသလို လူ ၁၀၀ ခန့်ဖမ်းဆီးခံခဲ့ရပေမယ့် စစ်ကြောင်း ပြန်ဆုတ်သွားချိန်မှာ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် တစ်ရက်တည်းဆိုသလို ချောင်းဦးမြို့၊ ငါးယှဉ်ရွာအနီး မန္တလေး-မုံရွာကားလမ်းမပေါ်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ PDF တပ်ဖွဲ့တစ်ခုကို နတ်ရေကန်ကျေးရွာမှာအထိုင်ချထားတဲ့တပ်က အလစ်လာတိုက်တာကြောင့် PDF နှစ်ဦးကျဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းပြန်အထွက်မှာ ကျေးရွာအခြေအနေကို ကြည့်ရှုဖို့သွားရောက်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးနဲ့ ပြည်သူတစ်ဦးတို့ဟာ ရွာထဲ ကင်းပုန်းကျန်ခဲ့တဲ့ စစ်သားတွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။

လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဓာတ်ပုံတွေမှာတော့ ကိုယ်လက်ခန္ဓာတွေ ဖြတ်တောက်ပြီး စွန့်ပစ်ထားတာကို တွေ့ရပါတယ်။

ဒီလို PDF တွေ သတ်ဖြတ်ခံခဲ့ရသလို စစ်သားတွေလည်း သေဆုံးမှုအများအပြားဖြစ်ပေါ်ခဲ့ရတာပါ။ အခုအပတ်ထဲ စစ်ကိုင်းတိုင်းအတွင်း အခုအပတ်အထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြားက တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၃၀ ဦးသေဆုံးနိုင်တယ်လို့ CJ Platform သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်ရေးသားမှုတွေအရ သိရပါတယ်။

ကလေးငယ်တွေစာသင်နေတဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီးနဲ့ပစ်တဲ့ စစ်ကောင်စီ
****************************************
စစ်သားတွေဟာ ကလေး၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းရယ်၊ ဘုန်းကြီးရယ်လို့ မရွေး သတ်ဖြတ်ဖိနှိပ်ထားကြတာ မြန်မာပြည်သူတွေ အသိဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာက ဘုန်းကြီးကျောင်းထဲ ကလေးငယ်တွေ စာသင်ကြားနေချိန်မှာပဲ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁၈ ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီအထဲ ၆ ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ဂျိုးထောင်ရွာ ဘူတာစုရပ်က ခန္တီဝံသာရာမကျောင်းတိုက်အမည်ရ ဘုန်းကြီးကျောင်းကို ဝန်းသိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်(ခမရ-၁၀၂)က ဟောင်ဝစ်ဇာ (Howitzer)လက်နက်ကြီးနဲ့ သုံးကြိမ်တိတိ ပစ်ခတ်ခဲ့ရာမှာ လက်နက်ကြီးကျည်(၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ထင်ရှားစွာပြသနေတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီလိုဖြစ်ရပ်နည်းတူ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာစာသင်ကျောင်းကို စစ်တပ်က တစ်နာရီကြာ လေကြောင်းနဲ့ မြေပြင်တို့က စီးနင်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၁၁ ဦးအပါအဝင် ၁၃ ဦး သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။

အကြံကုန် ဂဠုံဆားချက်
****************************************
ခေါင်းစဉ်၏ စကားပုံကိုတော့ ရိပ်စားမိကြမယ်ထင်ပါတယ်။ သူ့အဓိပ္ပာယ်က “နည်းလမ်းမျိုးစုံနဲ့ မအောင်မြင်တဲ့ အဆုံး ရတတ်သမျှဉာဏ်ထုတ်ပြီး ကြံဖန်လုပ်ကိုင်ခြင်း” ဖြစ်ပါတယ်။ တစ်နည်းပြောရမယ်ဆို ကျဉ်းထဲကျပ်ထဲ အကြံအဖန်ထုရတာမျိုးပါပဲ။

အခုလည်း စစ်ကောင်စီခမျာ အဲဒီလို ကျဉ်းထဲကျပ်ထဲရောက်လို့ အကြံကုန် ဂဠုံဆားချက်ကိန်းစိုက်လို့နေပါပြီ။

ဒါကတော့ ပြည်တွင်းမှာလုပ်ကိုင်နေကြတဲ့ အွန်လိုင်းလုပ်ငန်းအားလုံးကို အောက်တိုဘာလဆန်းကစပြီး မှတ်ပုံတင်ရမယ် တစ်နည်း အခွန်ဆောင်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်း၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

လူမှုကွန်ရက် အမျိုးမျိုးကိုသုံးပြီး ရောင်းချနေတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအားလုံး အကျုံးဝင်မှာဖြစ်ပြီး မလိုက်နာသူတွေကို ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သတိပေးထားပါသေးတယ်။

Facebook၊ You Tube နဲ့ Tik Tok လို အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာ ရောင်းချနေတဲ့ ပြည်တွင်းက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း အားလုံးကို အခုလာမယ့် အောက်တိုဘာလ ၂ ရက်နေ့ကစပြီး မှတ်ပုံတင်ကြဖို့ ကုန်သွယ်ရေးဦးစီးဌာနက စက်တင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်တာပါ။

လုပ်ငန်းလုပ်ကိုင်နေပြီး မှတ်ပုံမတင်ဘူးဆိုရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအတိုင်း အရေးယူသွားမယ်လို့လည်း စစ်ကောင်စီရဲ့ ကနဦး ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာတွေထဲမှာ ဖော်ပြထားပါတယ်။

မှတ်ပုံတင်လျှောက်ထားရာမှာတော့ ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်း စီးပွားရေး လုပ်ငန်းများဆိုပြီး နှစ်မျိုး လျှောက်ထားနိုင်ပါတယ်။ ပညာရေး၊ ရုပ်သံ၊ ငွေကြေးဆိုင်ရာလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အပန်းဖြေလုပ်ငန်း၊ ကျန်းမာရေးနဲ့ စားသောက်ဆိုင်လို ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားပေါင်း ၂၀ အပြင် အဝတ်အထည်နဲ့ အလှကုန်လို ပစ္စည်းတွေရောင်းချတဲ့ လုပ်ငန်းတွေ အကျုံးဝင်ပါတယ်။

ဘယ်သူ့မှအထာမထားတဲ့ စစ်ခေါင်းဆောင်
****************************************
အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ Selection ထဲက အယုံကြည်ရဆုံးသူတစ်ဦးကိုတော့ ဒီတစ်ပတ်အထဲ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ညာလက်ရုံးလို့တင်စားထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို လက်ရှိတာဝန်တွေက အနားပေးပြီး နေအိမ်အကျယ်ချုပ်ထားလိုက်တာပါ။

ဒါကိုကြည့်ခြင်းအားဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ခေတ်စကားအရပြောရရင် သူ့ရဲ့ အာဏာတည်မြဲရေးနဲ့ပတ်သက်လာရင် “ဘယ်သူ့မှအထာမထားဘူး” ဆိုတဲ့သဘောပါပဲ။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ကို အဂတိစွဲချက်တွေနဲ့ အရေးယူတာတွေ၊ ရာထူးနေရာကနေ ဖယ်ရှား ပစ်တာတွေ ပြုလုပ်လိုက်တာပါ။
သူတို့ရဲ့နေရာတွေမှာ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ စစ်ခေါင်းဆောင်ရဲ့အကြံပေးတစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောတို့ကို အစားထိုးလိုက်ပါတယ်။

နိုင်ငံတကာသတင်းများ

ပွဲကြမ်းသထက် ကြမ်းလာတဲ့ မဏိပူရ် လူမျိုးရေးပဋိပက္ခ
****************************************
လူများစုအုပ်စိုးမှုကို မခံမရနိုင်ဖြစ်ပြီး ဆန္ဒပြရာကနေဖြစ်တဲ့ အိန္ဒိယနိုင်ငံ မြန်မာနယ်စပ်က ပဋိပက္ခဟာ အခုဆိုရင် လူမျိုးရေးပဋိပက္ခအသွင်ဆောင်လာပြီး ပွဲကြမ်းသထက် ကြမ်းလာနေပါပြီ။

ဒါကြောင့် အိန္ဒိယအစိုးရက စစ်သားလေးသောင်းကျော်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေကို စေလွှတ်ရတဲ့အပြင် ညမထွက်ရ ကာဖျူးအမိန့်ကိုပါ ထုတ်ပြန်လိုက်ရပြီဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက မဏိပူရ်ပြည်နယ်မြို့တော် အင်ဖားနဲ့ တချို့နေရာတွေမှာ ညမထွက်ရအမိန့် ဒီနေ့ ထုတ်ပြန်လိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကျောင်းသား ၂ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံရတယ်ဆိုတဲ့အပေါ် ဆန္ဒပြတာကနေ ကျောင်းသားတွေ အတော်များများဒဏ်ရာရတဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေဘက်က အခုလို ညမထွက်ရအမိန့် ထုတ်လိုက်တာပါ။

ဒါပေမဲ့ အင်ဖားအပြင် တခြားခရိုင်တွေမှာပါ ညမထွက်ရအမိန့်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ထားတယ်လို့ မဏိပူရ်ပြည်နယ် အကြီးတန်းရဲအရာရှိ L. Kailun က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

မဏိပူရ်ပြည်နယ်တွင်း တယ်လီဖုန်းမိုဘိုင် အင်တာနက်တွေကိုလည်း ဖြတ်ထားတာ ၅ ရက်ရှိပါပြီ။ ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကစတင်ခဲ့တဲ့ ဒီအကြမ်းဖက်မှုတွေကြောင့် အခုချိန်ထိ လူ ၁၈၀ ကျော် သေဆုံးခဲ့ပြီး၊ ၅ သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

သုံးစက္ကန့်အတွင်း လူတစ်ရာကျော်သေဆုံးတဲ့ အီရတ်က မင်္ဂလာဆောင်
****************************************
ကမ္ဘာ့အမြန်ဆုံး လူအများဆုံးသေဆုံး၊ ထိခိုက်မှုဖြစ်ရပ်လို့ တင်စားရမလိုပင်။
အီရတ်နိုင်ငံ မြောက်ပိုင်း Nineveh ပြည်နယ်မှာ ခရစ်ယာန်ဘာသာအရကျင်းပတဲ့ မင်္ဂလာပွဲခန်းမမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် သုံးစက္ကန့်အတွင်း အနည်းဆုံး လူ ၁၀ဝ လောက်သေဆုံးပြီး ၁၅၀ လောက် ထိခိုက် ဒဏ်ရာရခဲ့ရတာပါ။ Mosul မြို့အနီး ခရစ်ယာန်အများစုနေထိုင်ရာ Hamdaniya ဒေသမှာ စက်တင်ဘာ ၂၆ ရက် အင်္ဂါနေ့က မီးလောင်မှုဖြစ်ခဲ့တာပါ။

မင်္ဂလာခန်းမ အဆောက်အအုံရဲ့ ဖွဲ့စည်းတည်‌ဆောက်ထားတဲ့ပစ္စည်းတွေဟာ မီးလောင်မှုလွယ်ကူစေတဲ့အတွက်ကြောင့် အခုလိုဆိုးဆိုးရွားရွားမီးလောင်မှုဖြစ်ပွားခဲ့ရတာလို့ အာဏာပိုင်တွေက ပြောကြပါတယ်။

မင်္ဂလာပွဲအစီအစဉ်အရ အနှေးကကွက်တွေကခါနီး မိုးပေါ်ထောင် မီးရှူးမီးပန်းဖောက်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ သေဆုံးခဲ့သူတွေရဲ့ ဈာပနကို အီရတ်ဝန်ကြီးချုပ် တက်ရောက်ခဲ့ပါတယ်။

ရေကြည်ရာ မြက်နုရာရှာရင်း အသက်ဆုံးသူတွေတိုးလာ
****************************************
လူတွေဟာ မိမိမွေးရပ်ဇာတိမြေကို စွန့်ခွာဖို့အတော်ခက်ခဲကြသော်လည်း မိမိအသက်ရှင်ရေး၊ မိမိမိသားစုအသက်ဆက်ဖို့အတွက် ရေကြည်ရာ မြက်နုရာနေရာဒေသကို လိုက်လံပြောင်းရွှေ့ရပါတယ်။

အဲဒီလိုပြောင်းရွှေ့ကြတာမှာ တော၊ တောင်၊ ပင်လယ်အထပ်ထပ်ဖြတ်ကျော်သွားကြရတာမှာ အသက်ပါလာဖို့က သိပ်မလွယ်ပါဘူး။

ဒီလိုဖြတ်ကျော်သူတွေသေဆုံးမှုဟာ တဖြည်းဖြည်းနဲ့တိုးလာနေတယ်လို့ ယူနီဆက်ဖ်ရဲ့ကိန်းဂဏန်းတွေက ဆိုထားပါ။

ဇွန်လကနေ ဩဂုတ်လအထိ အာဖရိကမြောက်ပိုင်းနဲ့ ဥရောပအလယ်ပိုင်းကြား မြေထဲပင်လယ်လမ်းကြောင်းမှာ လူ ၉၉၀ ထက်မနည်း အသက်ဆုံးရှုံးရတာ ဒါမဟုတ် ပျောက်ဆုံးတာတွေဖြစ်ခဲ့ပြီး ဒါဟာ မနှစ်က အဲဒီကာလအတွင်း သေဆုံးသူ ၃၃၄ ဦးနဲ့ နှိုင်းယှဥ်ရင် သုံးဆနီးပါးတိုးလာတာ ဖြစ်တယ်လို့ ယူနီဆက်ဖ်က ဆိုပါတယ်။

သေဆုံးသူ၊ ဒါမှမဟုတ် ပျောက်ဆုံးသူတွေထဲမှာ ကလေးသူငယ် ဘယ်လောက်များများ ပါလဲ ဆိုတာကိုတော့ ယူနီဆက်ဖ် က အတိအကျ မပြောပါဘူး။ ဒါပေမယ့် အရွယ်မရောက်သေးသူ ၁၁,၆၀၀ ဟာ ဇန်နဝါရီကနေ စက်တင်ဘာလလယ်အတွင်းမှာ မြေထဲပင်လယ် အလယ်ပိုင်းကို ဖြတ်ပြီး အီတလီနိုင်ငံကို သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မနှစ်က အလားတူကာလထက် ၆၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ယူနီဆက်ဖ်က ပြောပါတယ်။

ဒီနှစ် စက်တင်ဘာ ၂၄ ရက်အထိ မြေထဲပင်လယ်ကိုဖြတ်ကူးဖို့ကြိုးပမ်းတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေထဲက ၂,၅၀၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးသွားခဲ့တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ နယူးယောက်ဌာနခွဲက ပြောခဲ့ပါတယ်။ မနှစ်က အဲဒီ ကာလအတွင်းမှာ သေဆုံးသူက ၁,၆၈၀ ပဲ ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအနုပညာသတင်း

ဟယ်ရီပေါ်တာရဲ့ ပရော်ဖက်ဆာကြီး ဆုံးပါး
****************************************
နာမည်ကြီး ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ ပရော်ဖက်ဆာ Albus Dumbledore အဖြစ်လူသိများတဲ့ အိုင်းရစ်နွယ်ဖွား အင်္ဂလိပ်မင်းသားကြီး Sir. Michael Gambon ဟာ စက်တင်ဘာ ၂၈ မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ်အရွယ်ရှိပြီး ပြဇာတ်သရုပ်ဆောင်အဖြစ်စတင်ခဲ့တဲ့ သူ့ရဲ့ နှစ် (၆၀) အနုပညာသက်တမ်းအတွင်း ဗြိတိန်အကယ်ဒမီ ၄ ဆု၊ အမေရိကန်သရုပ်ဆောင်သမဂ္ဂရဲ့ အကောင်းဆုံးသရုပ်ဆောင် ၂ ဆုနဲ့ လန်ဒန်ပြဇာတ်အသိုင်းအဝိုင်းကချီးမြှင့်တဲ့ အိုလီဗာဆု ၃ ဆုတို့ဆွတ်ခူးခဲ့ဖူးပါတယ်။

သူ့ရဲ့သရုပ်ဆောင်ပညာရပ်မှာ ထူးချွန်မှုကြောင့် ၁၉၉၈ ခုနှစ်မှာ အင်္ဂလန်ဘုရင်မကြီးက ဆာဘွဲ့နဲ့ သူကောင်းပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မှတ်ဉာဏ်ချို့ယွင်းမှုကြောင့် ၂၀၁၅ ခုနှစ်မှာ ပြဇာတ်သရုပ်ဆောင်ဘဝက အနားယူခဲ့ပြီး ရုပ်ရှင်မင်းသားအဖြစ် ၂၀၁၉ အထိ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

တစ်ကမ္ဘာလုံးသို့ လက်မှတ်စရောင်းတဲ့ တေလာဆွိဖ်ရုပ်ရှင်
****************************************
မြောက်အမေရိကတိုက် မြို့ကြီးတွေမှာ စင်တင်ဂီတပွဲတွေသိုက်သိုက်မြိုက်မြိုက်ကျင်းပခဲ့တဲ့ ဖျော်ဖြေရေးခရီးစဉ်ကို ရုပ်ရှင်ပုံစံရိုက်ထားတဲ့ တေလာဆွိဖ်ရဲ့ “Taylor Swift: The Eras Tour” အတွက် ရုပ်ရှင်လက်မှတ်တွေကို တစ်ကမ္ဘာလုံးက ရုပ်ရှင်ရုံတွေမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို ကနဦး အောက်တိုဘာ ၁၃ ရက်နေ့မှာ မြောက်အမေရိကရုပ်ရှင်ရုံတွေမှာပဲ စတင်ပြသမယ်လို့ ဩဂုတ်လမှာ ပြောထားပေမယ့် စက်တင်ဘာ ၂၆ မှာတော့ တစ်ကမ္ဘာလုံးက ရုပ်ရှင်ရုံတွေမှာ ပြသမယ်လို့ ကြေညာခဲ့တာပါ။

တေလာဆွိဖ်ရဲ့ ဇာတ်ကားက ၃ နာရီ နီးပါးကြာပြီး အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ရုံတင်မှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးတွေကတော့ လူကြီးလက်မှတ်တစ်စောင်ကို ၁၉.၈၉ ဒေါ်လာ၊ ဒါကတော့ တေလာဆွိဖ်ရဲ့ မွေးသက္ကရာဇ်၊ သူ့ရဲ့ တေးဓာတ်ပြားလည်း ဖြစ်တဲ့ “၁၉၈၉” နဲ့ ဂဏန်းတူဖြစ်ပါတယ်။ ကလေးလက်မှတ်ဖိုးကတော့ ၁၃.၁၃ ဒေါ်လာ နဲ့ ရောင်းချပါမယ်။