“လိုအပ်နေတဲ့ ကျည်ဆံတွေသာပေးပါ။ ရှေ့တန်းကနေ အသက်ပေးပြီး တိုက်ပွဲဝင်ပေးမယ့် ရဲဘော်‌တွေက အသင့်ပါ။”

Author မင်းထက်
Categories
Published on Sep 30, 2023

“လိုအပ်နေတဲ့ ကျည်ဆံတွေသာပေးပါ။ ရှေ့တန်းကနေ အသက်ပေးပြီး တိုက်ပွဲဝင်ပေးမယ့် ရဲဘော်‌တွေက အသင့်ပါ။”

Union Liberation Front(ULF)တပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ AT နှင့်ဆက်သွယ်မေးမြန်းမှု

CJ Platform

Union Liberation Front တပ်ပေါင်းစုအနေဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၀၂၃ ခုနှစ်သြဂုတ်လ ၃ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ထိတွေ့တိုက်ပွဲများ၊ မိုင်းခွဲ တိုက်ခိုက်မှုပေါင်း ၃၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀၀ ကျော်ကို တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့သည်။

ထို့ပြင် ယင်းမာပင်မြို့နယ်အတွင်း စည်သူသစ်ကွင်းတွင် သစ်ခိုးထုတ်နေသော စစ်ကောင်စီတပ်သားများနှင့် ULF တပ်ပေါင်းစုတို့အကြား ၂၀၂၃ သြဂုတ် ၆ ရက်မှစတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုမှာ ၂ လနီးပါးကြာမြင့်နေပြီ ဖြစ်သည်။

ယင်းကဲ့သို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်နက်အင်အားနည်းသည့် ပြဿနာပေါ်ပေါက်လျက်ရှိကြောင်း ကာကွယ်တပ်ဖွဲ့များထံမှ ကြားသိလာရသည်။

ထိုအခြေအနေများနှင့်ပတ်သက်၍ ULF ပြန်ကြားရေးတာဝန်ခံ AT ထံသို့ CJ Platform သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

CJ – ယခုလက်ရှိ ဆရာတို့အဖွဲ့မှာ ဘာတွေလိုအပ်နေပါသလဲ။

AT- ကျွန်တော်တို့အနေနဲ့ အခုအချိန်မှာ အဓိကလိုအပ်ချက်က ကျည်ဆံပဲဗျ။ စကစနဲ့ ယှဉ်တိုက်နိင်ဖို့ ကျည်ဆံလိုအပ်နေပါတယ်ဗျ။

CJ – တိုက်ပွဲတွင်း လက်နက်မမျှတမှု ကြုံရလား။ ကြုံရရင် ဘယ်လို မမျှတာမှုမျိုးတွေရှိခဲ့လဲဆိုတာလေး ပြောပြပေးပါဦး။

AT – တိုက်ပွဲမှာ လက်နက်မမျှတမှု ကြုံရလားဆိုရင် ကြုံရတာပေါ့ဗျာ။ လက်နက်ထက် အဓိကက ကျည်မမျှတတော့ စခဘက်က လက်နက်ခဲယမ်းရရှိရမယ့်အချိန်မှာ ကျည်ဆံမမျှတတော့ လိုသလောက် ခရီးမရောက်ဘူး ဖြစ်နေတယ်ဗျ။ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို တစ်ယောက်မှ ကျည်တစ်ရာဘဲ ပေးနိုင်တယ်ဗျာ။

မေး -NUG ဘက်က ထောက်ပံ့မှုကိုရော လက်ခံရရှိခဲ့လား။ မထောက်ပံ့ဘူးလား။ ထောက်ပံ့ပေမယ့် နည်းနေတာလား။

AT- NUG ၊ MOD ဘက်ကနေ ထောက်ပံ့မှုတော့ မရသေးပါဘူးဗျ။

မေး -ဆရာတို့ ယခုလိုလိုအပ်မှုတွေရှိနေရခြင်းက ပြည်သူတွေရဲ့ကူညီမှုလျော့လာလို့လား။

AT- ပြည်သူတွေကလည်း အခုအချိန်မှာ စီးပွားရေးအဆင်မပြေကြတာထက် ပြည်သူတွေကိုယ်တိုင်ကလည်း စကစရဲ့ စစ်ဘေးဒဏ်ကို အလူးအလဲခံနေရတာဆိုတော့ ပြည်သူတွေဘက်က ကူညီမှုတော့ နည်းသွားတာပေါ့ဗျာ။

မေး – ပြီးတော့ တိုက်ပွဲတွေမှာ ဆုံးရှုံးမှုတွေရှိနေခဲ့တာလား။

AT- တိုက်ပွဲတွေမှာ ဆုံးရှုံးမှု ရဲဘော်တွေ ကျဆုံးမှုတော့ ရှိတာပေါ့ဗျာ။ ကျွန်တော်တို့မှာ စကစနဲ့ ယှဥ်ရဲတာဆိုလို့ စိတ်ဓာတ်ပဲရှိတယ်ဗျ။

မေး – ဆရာတို့အနေနဲ့ရော လက်နက်လိုအပ်ချက်များနေလား။ လက်နက်ခဲယမ်းဝယ်ယူရေးအပိုင်းမှာ အဆင်ပြေမှုရှိရဲ့လား။ ယခုလက်ရှိမှာ လိုအပ်ချက်က ဘာတွေရှိနေလဲ။

AT- လက်နက်ခဲယမ်း ဝယ်ယူရေးအပိုင်းမှာ လွယ်ကူပါတယ်ဗျ။ ကျွန်တော်တို့အနေနဲ့ အခုအချိန်မှာ အဓိက လိုအပ်ချက်က ကျည်ဆံပဲ။ စကစနဲ့ ယှဥ်တိုက်နိုင်ဖို့ ကျည်ဆံလိုအပ်နေပါတယ်ဗျ။ ကျည်ဆံရှိမှ စကစကို ဒီထက်မက တိုက်နိုင်မှာဗျ။ လိုအပ်နေတဲ့ ကျည်ဆံတွေသာပေးပါ။ ရှေ့တန်းကနေ အသက်ပေးပြီး တိုက်ပွဲဝင်ပေးမယ့် ရဲဘော်‌တွေက အသင့်ပါ။

မေး- အဖွဲ့စည်းနဲ့ပတ်သက်ပြီး လတ်တလော ဘာတွေလုပ်ဆောင်ဖို့ရှိနေသေးလဲ။

AT- NUG ၊ MOD ကိုလည်း ကျွန်တော်တို့ စစ်ကြောင်းအနေနဲ့ တရားဝင်အသိအမှတ်ပြုပေးဖို့ ကျွန်တော်တို့အဖွဲ့ လုပ်ဆောင်နေပါတယ်ဗျ။ အဲဒီကိစ္စလုပ်ဆောင်ဖို့ ကျွန်တော်တို့အဖွဲ့မှာ စစ်ရေးတွေရှုပ်နေလို့ မလုပ်ဆောင်ရသေးတာဗျ။