ဒီတစ်ပတ် ဘာတွေထူးလဲ? (၁၀.၉.၂၀၂၃ ၊ ၁၆.၉.၂၀၂၃)

Published on Sep 16, 2023

ဒီတစ်ပတ်(၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်နေ့အထိ) စစ်ကိုင်း၊ ကရင်နီ၊ ကရင်၊ ကချင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေမှာ တိုက်ပွဲတွေ အဖြစ်များနေဆဲပါ။ တိုက်ပွဲသတင်းတွေက နေ့စဉ်ဆိုသလို မီဒီယာများအထက်မှာ ထိပ်တန်းသတင်းတွေအဖြစ်နဲ့ နေရာယူနေဆဲဖြစ်ပါတယ်။ ဒီတစ်ပတ်ရဲ့ ပြည်တွင်းသတင်းတွေမှာဆိုရင် လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်သွားတဲ့သတင်း၊ MRDA ကနေ BNRA ပြောင်းဖွဲ့တဲ့သတင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့ NLD ပါတီရဲ့ ထုတ်ပြန်ချက်သတင်း၊ ကရင်ပြည်နယ်က နောက်ထပ်စခန်းသိမ်းတိုက်ပွဲသတင်းတွေနဲ့ မုံရွာထောင်က အစာငတ်ခံဆန္ဒပြတဲ့အကျဉ်းသားတွေ အောင်ပွဲရတဲ့သတင်းတွေက ရေပန်းစားခဲ့ပါတယ်။

နိုင်ငံတကာသတင်းတွေဘက်မှာဆိုရင် လစ်ဗျားရေကြီးမှုသတင်း၊ ပူတင်-ကင်ဂျုံအန်တို့ ရုရှားမှာ တွေ့ဆုံဆွေးနွေးတဲ့သတင်းနဲ့ အနုပညာသတင်းဘက်မှာဆိုရင်လည်း တေလာဆွိဖ် VMA ဆုပေးပွဲမှာ ဆုတွေသိမ်းကြုံးရသွားတဲ့သတင်းနဲ့ အားကစားသတင်းဘက်မှာဆိုရင်လည်း တင်းနစ်ကစားသမား ဂျိုကိုဗစ် ဗိုလ်စွဲတဲ့သတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။

ပြည်တွင်းက ထိပ်တန်းရောက်သတင်းများ
****************************************
လက်ယက်ကုန်း စာသင်ကျောင်းတိုက်ခိုက်ခံရမှု ၁ နှစ်ပြည့်ပြီ
မေ့မရ တသသ ဆိုသလိုပဲ လူမမယ်ကလေးတွေ သေဆုံးခဲ့ရတဲ့ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်ကျေးရွာက စာသင်ကျောင်းကို စစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်ဟာ ဘယ်တော့မှမမေ့နိုင်စရာဖြစ်ရပ်ဆိုးကြီးပါ။

စက်တင်ဘာ ၁၆ ရက်နေ့မှာတော့ ဒီဖြစ်ရပ်ဖြစ်ပွားတာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းကနေအပြင် မြေပြင်ကနေပါ ပစ်ခတ်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူပေါင်း ၁၂ ဦးသေဆုံးခဲ့ရပါတယ်။

၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ယက်ကုန်းကျေးရွာမှာရှိတဲ့ အာဇာနည်ကျောက်တိုင်မှာ စက်တင်ဘာ ၁၄ ရက်က လွမ်းသူပန်းခွေချပွဲ ပြုလုပ်ခဲ့ကြပါတယ်။

အခုလို ကလေးငယ်တွေ သေဆုံးခဲ့ပြီး လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် နိုင်ငံတကာအနေနဲ့ စစ်တပ်ကို စစ်လက်နက်ပစ္စည်း ရောင်းချတာတွေအပြင် ပိတ်ဆို့တာတွေ အခုထက်ပိုပြီး ချမှတ်ပေးဖို့ ဒေသခံတွေက လိုလားနေပါတယ်။

ဒါပေမဲ့လို့ ရုရှားနိုင်ငံတော့ စစ်တပ်ကို နောက်ဆုံးပေါ် ဂျက်ဖိုက်တာ Su 30 လေယာဉ် နှစ်စင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။

ပုထုဇ္ဇနော ဥမ္မတ္တကော
****************************************
ခေါင်းစဉ်ရဲ့ အနက်က “ပုထုဇဉ်တို့ဟာ ယုံကြည်မှု မခိုင်မြဲတဲ့အတွက်ကြောင့် အရူးများ ဖြစ်ကြပါတယ်” ဟု ဖြစ်ပါတယ်။

အဲဒီလို လူတစ်ယောက်ရူးခြင်းကြောင့် တစ်တိုင်းပြည်လုံး သွက်ချာပါဒလိုက်နေတဲ့နိုင်ငံကိုပြပါဆိုလျှင် မြန်မာနိုင်ငံ ကိုပြရတော့ပါမယ်။ သူကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပဲဖြစ်ပါတယ်။
သမ္မတဖြစ်ချင်လွန်းလို့ အနုနည်းနဲ့မရလို့ အခုတော့ အကြမ်းနည်းနဲ့ကြံပြီး ပလ္လင်ပေါ်တက်ထိုင်ဖို့ ပုံရိပ်ယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ စစ်ခေါင်းဆောင်က ကြံနေတာပါ။

သူ့ရဲ့အကြံအစဉ်က ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဖြစ်ပါတယ်။ ဒီအကြောင်းကို လားရှိုးတပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက် စစ်ကောင်စီအစည်းအဝေးမှာလည်း သန်းခေါင်စာရင်းကောက်ယူပြီးမှသာ ရွေးကောက်ပွဲကျင်းပနိုင်မယ်ဆိုတဲ့ အကြောင်းကို အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ အကြိမ်ကြိမ်ကတိပေး ပြောဆိုထားပါတယ်။ စစ်ခေါင်းဆောင်အနေနဲ့ အာဏာသိမ်းခဲ့တဲ့ ၂ နှစ်ကျော်မှာ ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လျာထားတယ်ဆိုတဲ့ စကားကို ၂ ကြိမ်ထက်မနည်း ပြောဆိုထားပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ကို သေအောင်သတ်နေတဲ့စစ်ကောင်စီလို့ ပြောလာတဲ့ NLD

မတရားအကျဉ်းချထားခြင်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ထိခိုက်အောင် စစ်ကောင်စီက တမင်ရည်ရွယ်ချက်နဲ့ လုံလောက်တဲ့ ဆေးကုသမှု မပေးဘူးလို့ NLD ပါတီက အခုရက်သတ္တထဲ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဟာ သူတို့အာဏာဆက်လက်တည်မြဲအောင် ဒေါ်အောင်ဆန်းစုကြည်ကို လှို့ဝှက်နေရာမှာ ထိန်းသိမ်းထားပြီး နိုင်ငံရေးအကျဉ်းသားတွေ ရသင့်တဲ့ အခွင့်အရေးတစ်ခုမှ မပေးဘူးလို့ စက်တင်ဘာ ၁၄ ရက်နေ့စွဲနဲ့ NLD ကကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အသက် ၇၈ နှစ်ရှိနေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ဆေးကုသမှု မပေးတဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ မကျွေးသလို၊ သင့်တော်တဲ့နေရာမှာလည်း မထားတာကိုထောက်ပြပြီး သူ့အသက်အတွက် စိုးရိမ်စရာဖြစ်နေတယ်လို့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေယိုယွင်းနေရုံမက သူ့အသက်ကိုပါ စိုးရိမ်နေစရာဖြစ်နေတဲ့အပေါ် စစ်ကောင်စီမှာ လုံးဝတာဝန်ရှိတယ်လို့ NLD ပါတီက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ သွားဖုံးနာဝေဒနာ ခံစားနေရပြီး မူးဝေ ပျို့အန်ခဲ့တယ်လို့ အခုစက်တင်ဘာလဆန်းပိုင်းက သတင်းတွေ ထွက်လာခဲ့ပါတယ်။

အစာငတ်ခံသူတွေ Mission Complete
****************************************
စစ်ကောင်တပ်ရဲ့ ရှောင်တခင်စစ်ဆေးမှုမှာ အကျဉ်းသားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတာကြောင့် အစာငတ်ခံဆန္ဒပြနေကြတဲ့ စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုမှုတွေကို အကျဉ်းထောင်ဘက်က လိုက်လျောလိုက်ပြီဖြစ်ပါတယ်။

ဒါဟာ ဖိနှိပ်ထားတဲ့ကြားက နိုင်ငံရေးအကျဉ်းသားတွေအတွက် အောင်မြင်မှုရသွားတာဖြစ်ပါတယ်။

မုံရွာထောင်မှာ စက်တင်ဘာလ ၈ ရက်နေ့က ဌာနပေါင်းစုံအထူးရှာဖွေရေးလုပ်ဆောင်ပြီးနောက် အကျဉ်းသားတွေရဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို အာဏာပိုင်တွေက သိမ်းဆည်းသွားတာကြောင့် အဲဒီပစ္စည်းတွေပြန်ပေးဖို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေက အချက်လေးချက်ကို အစာငတ်ခံ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုအစာငတ်ခံ ဆန္ဒပြမှုကို နိုင်ငံရေးအကျဉ်းသား ၅၀ လောက်အထိပူးပေါင်းပါဝင်ခဲ့ပြီး ဆန္ဒပြချိန်အတွင်း နိုင်ငံရေးအကျဉ်းသားတချို့ ကျန်းမာရေးချို့တဲ့မှုတွေရှိခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ဆေးကုသခွင့်မပေးခဲ့ပါဘူး။

လက်ရှိမှာတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထောင်အာဏာပိုင်တွေဘက်က လိုက်လျောခဲ့ပြီး ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။

MRDA ကနေ BNRA ပြောင်းပြီး အာဏာရှင်ကိုတိုက်ထုတ်ကြသူတွေ
****************************************
မြန်မာ့တော်ဝင်နဂါးတပ်ဖွဲ့(MRDA)ကနေ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)အမည်ပြောင်းလဲပြီး စစ်ကိုင်းတိုင်း ပုလဲနယ်ထဲက စစ်တပ်တွေကို တိုက်ထုတ်လို့နေပါတယ်။

တပ်ဖွဲ့နာမည်ပြောင်းပေမဲ့ ခေါင်းဆောင်ကတော့ ဗိုလ်နဂါးပါပဲ။

ဗိုလ်နဂါဦးဆောင်တဲ့ BNRA က ပွဲဦးထွက်မှာပဲ စက်တင်ဘာ ၁၂ ရက်နေ့က ပုလဲမြို့ပေါ်ကထွက်လာတဲ့ စစ်သား(၈၅)ယောက်လောက်ပါတဲ့ စစ်တပ်စစ်ကြောင်းကို ကျွန်းဘိုကုန်းနဲ့ နွယ်ရှောက်ကျေးရွာအကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ နာရီဝက်လောက်ကြာတဲ့ ဒီတိုက်ပွဲမှာ စစ်သား(၆)ဦး သေဆုံးပြီး (၁၀)ဦးလောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဗိုလ်နဂါးဟာ MRDA ကိုဖျက်ပြီး BNRA ကို ယခုလ ၉ ရက်နေ့မှာ တရားဝင်ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။

ကရင်ပြည်က နောက်ထပ် စခန်းသိမ်းတိုက်ပွဲ
****************************************
ဩဂုတ်လကုန်ပိုင်းက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ခဲ့ပြီးနောက်ပိုင်း နှစ်ပတ်လောက်အကြာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က စခန်းသိမ်းတိုက်ပွဲတစ်ခုကို ဆင်နွှဲနိုင်ခဲ့ပြန်ပါပြီ။

ဒါကတော့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်း-မြန်မာနယ်စပ်က ရေတလျောက် စစ်တပ်စခန်းပဲ ဖြစ်ပါတယ်။

အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း၁၈နှင့် ပူးပေါင်းတပ်များမှ သိမ်းပိုက်ခဲ့ရရှိခဲ့ကြောင်း KNUဗဟိုမှ ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့ မနက် ၈ နာရီလောက်မှာ KNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ကြိုးပမ်းမှုနဲ့ ၂၅ မိနစ်အတွင်းမှာ စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးသလို KNLA ပူးပေါင်းတပ်ဘက်မှလည်း တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး RPG 7 တစ်လက်၊ ငါးကြင်းမှီးစက်လက်တလက်နဲ့ ၆၀ မမ နှစ်လက်အပါအဝင် MA အမျိုးအစားစုံ လက်နက်ငယ် ၆ လက်တို့နဲ့အတူ ခဲယမ်း စစ်အသုံးအဆောင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်း ရမိခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံတစ်ဝက်လောက်သာတက်တဲ့ စစ်ကောင်စီရဲ့အာဆီယံလေတပ်အစည်းအဝေးပွဲ
****************************************
နေပြည်တော်မှာ စစ်ကောင်စီက အိမ်ရှင်အဖြစ် စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ်များရဲ့အစည်းအဝေးကို အာဆီယံအဖွဲ့ဝင် နိုင်ငံ ၄ နိုင်ငံက လေတပ်တာဝန်ရှိသူတွေ မတက်ရောက်ကြပါဘူး။

ထိုင်းတော်ဝင် လေတပ် RTAF ရဲ့ ဦးစီးချုပ် အလောင်ကွန် ဝနာရွတ်(Alongkorn Wannarot)နဲ့အတူ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေက လေတပ်အကြီးအကဲတွေတက်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီကဦးဆောင်ကျင်းပတဲ့ ဒီအစည်းဝေးကို တက်ရောက်မှာမဟုတ်ကြောင်း မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့က ကြိုတင်ကြေညာခဲ့သလို မတက်ခဲ့ကြဘဲ စင်္ကာပူအစိုးရကလည်း ကိုယ်စားလှယ်မစေလွှတ်ခဲ့ပါဘူး။

နိုင်ငံတကာသတင်း
သူတော်ချင်းချင်း သတင်းလွေ့လွေ့
****************************************
သူတော်ကောင်းချင်း အပေါင်းအသင်းပြုကြသလို စိတ်သူတူ စရိုက်တူသူ အချင်းချင်း အပေါင်းအသင်း ပြုကြတယ်လို့ စကားပုံရဲ့အဓိပ္ပာယ်က ဆိုပါတယ်။

ရုရှားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ဆိုရင်ရော။ ကောင်းသူချင်းချင်းလော။ မကောင်းသူချင်းချင်းလော။

ကမ္ဘာ့အလယ်တွင် နှစ်ဦးစလုံး နာမည်ဆိုးဖြင့် ကျော်ကြားကြပြီး ပြည်သူတွေကို ဖိနှိပ်ကြသူတွေပဲဖြစ်ပါတယ်။
အဲဒီနှစ်ယောက်ဟာ မြောက်ကိုရီးယားနဲ့ ရုရှားအကြား လက်နက်တင်ပို့မှာကို စိုးရိမ်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိပေးနေတဲ့ကြားက နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံကြတာလည်းဖြစ်ပါတယ်။

ဆွေးနွေးပွဲ မစတင်ခင် သူတို့နှစ်ယောက်ဟာ ရုရှားနိုင်ငံအရှေ့ဖျားက အာကာသယာဉ် လွှတ်တင်ရေးဌာန Vostochny Cosmodrome ကို သွားရောက်ကြည့်ရှုကြပါတယ်။

အဲဒီမှာ ရုရှားအနေနဲ့ မြောက်ကိုရီးယားက အာကာသယာဉ် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကူညီပေးမလားလို့ သတင်းထောက်တွေက မေးတာကို ရုရှားသမ္မတက “ကူညီပေးမယ့်အကြောင်း၊ ဒါကြောင့်လည်း သူတို့ ဒီနေရာကို ရောက်လာကြခြင်းဖြစ်တယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကတော့ အနောက်အုပ်စုနဲ့ စစ်ပွဲမှာ မြောက်ကိုရီးယားက ရုရှားကို အပြည့်အဝ ထောက်ခံပေးသွားမယ်လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက် ဆွေးနွေးမှုတွေထဲ မြောက်ကိုရီးယားက လက်နက်ပေးပို့ရေးကိစ္စအပါအဝင် အကြောင်းအရေအားလုံးကို ဆွေးနွေးကြဖို့ရှိတဲ့အကြောင်း သမ္မတ Putin က ပြန်လည်ဖြေကြားခဲ့ပါတယ်။

သေဆုံးသူတစ်သောင်းတစ်ထောင်ကျော်အထိမြင့်တက်လာတဲ့ လစ်ဗျားရေကြီးမှု
****************************************
အစိုးရနှစ်ရပ်ကွဲနေတဲ့ လစ်ဗျားနိုင်ငံထဲ ရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ တစ်သောင်း တစ်ထောင်ကျော်အထိ မြင့်တက်လာပေမယ့် ထပ်တိုးလာနိုင်ခြေရှိတယ်လို့ သုံးသပ်နေကြပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က စရွာတဲ့မိုးကြောင့် နိုင်ငံတွင်းက ဆည်နှစ်ခု ကျိုးပြီး လစ်ဗျားရဲ့ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ Derna တစ်မြို့လုံးနီးပါး ရေဖုံးလွှမ်းခဲ့တာကြောင့် လူများသေဆုံးကာ အိမ်ခြေများပျက်စီးဆုံးရှုံးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာရဲ့အကူအညီတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေတိုးလုပ်နိုင်လာတာနဲ့အမျှ သေဆုံးသူဦးရေဟာလည်း ရက်ပိုင်းအတွင်းမှာကို တိုးလာတာဖြစ်ပါတယ်။ စက်တင်ဘာလ ၁၃ ရက်ကအထိ သေဆုံးသူ ၅၀ဝ၀ ကျော်နဲ့ ပျောက်ဆုံးသူ တစ်သောင်းကျော်သာရှိခဲ့ရာမှ စက်တင်ဘာလ ၁၅ ရက်ကိုရောက်လာချိန်မှာတော့ သေဆုံးသူ တစ်သောင်းတစ်ထောင်ကျော်နဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သူ ၃၀,ဝ၀ဝ ကျော်အထိ တိုးလာခဲ့ပါတယ်။

“ကိုယ့်မိသားစုဝင်တွေ ရေစီးနဲ့မျောပါသွားတာကို မျက်မြင်တွေ့လိုက်ရတာဟာ တကယ်ကို အိပ်မက်ဆိုးကြီးပါပဲ။ ရေစီးသံကြီးနဲ့အတူ လူတွေအော်ဟစ်သံတွေက ငရဲလို့တောင် ထင်မှတ်ရပါတယ်” လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက မချိတင်ကဲပြောကြားခဲ့ပါတယ်။

ရာထူးက နုတ်ထွက်သွားတဲ့ ထိုင်းရွေးကောက်ပွဲနိုင် ပါတီဥက္ကဋ္ဌ
****************************************
ရွေးကောက်ပွဲနိုင်ရင် ဝန်ကြီးချုပ်ဖြစ်လေ့ရှိတဲ့ထိုင်းနိုင်ငံမှာ လူငယ်ကြိုက်ခေါင်းဆောင် Pita Limjaroenrat ရဲ့ Move Forward ပါတီဟာ အခုနှစ် မေလ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများစုအနိုင်ရခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။

သူ့ကို ထိုင်းလွှတ်တော်ထဲက ဘုရင်စနစ်နဲ့ စစ်တပ်ထောက်ခံတဲ့အမတ်တွေက ဝိုင်းကန့်ကွက်ခဲ့လို့ နှစ်ခါပြန်ရွေးခဲ့ပေမယ့် ဝန်ကြီးချုပ်မဖြစ်ခဲ့တာပါ။

အဲဒီနောက် သုံးလကျော်အကြာ စက်တင်ဘာ ၁၅ ရက်မှာတော့ ပါတီခေါင်းဆောင်နေရာကနေ နုတ်ထွက်ကြောင်း Pita Limjaroenrat က ကြေညာခဲ့ပါတယ်။

Pita ကို ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အစုရှယ်ယာပါဝင်တယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ စစ်ဆေးနေစဉ်အတွင်း အခြေခံဥပဒေခုံရုံးရဲ့ အမိန့်နဲ့ သူ့ကို လွှတ်တော်အမတ်နေရာကနေ ယာယီ ဖယ်ရှားခံထားရပါတယ်။

သူ့ရဲ့ နုတ်ထွက်မှုကို “ပါတီကို ထိထိရောက်ရောက်ဦးဆောင်နိုင်မယ့် ခေါင်းဆောင်သစ် ရွေးချယ်ဖို့ လိုအပ်တာကြောင့်” လို့ အကြောင်းပြပါတယ်။

Pita အနေနဲ့ ပါတီခေါင်းဆောင်နေရာက အနားယူလိုက်ပေမယ့် နိုင်ငံရေးကနေ ပျောက်ကွယ်သွားမှာမဟုတ်ဘဲ ပါတီတွင်းလှုပ်ရှားမှုတွေအပြင် မိတ်ဖက်ပါတီတွေနဲ့ပါ လက်တွဲပြီး နိုင်ငံ့အရေးမှာ ပါဝင်သွားဦးမယ်လို့ Pita က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ်နေရာကိုတော့ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံးရခဲ့တဲ့ Pheu Thai ပါတီက အိမ်ခြံမြေသူဋ္ဌေးကြီးက ရရှိခဲ့ပါတယ်။

ထိုင်းရောက်အထောက်အထားမဲ့မြန်မာတွေ အဖမ်းခံရတဲ့ရက်သတ္တပတ်
****************************************
မိမိနိုင်ငံမဟုတ်ရင် ရေကြည်ရာ၊ မြက်နုရာသဖွယ်ဖြစ်လာရတဲ့ မြန်မာနိုင်ငံသားအများစုဟာ ရရာနိုင်ငံခြားမှာ ဖြစ်သလို အလုပ်လုပ်ကိုင်ဖို့ အဆက်မပြတ်ထွက်ခွာနေကြပါတယ်။

အဲဒီထဲ အနီးဆုံးလည်းဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်းလည်းပေါများတယ်လို့ဆိုနိုင်တဲ့ ထိုင်းဘက်ကို အထောက်အထားမဲ့အနေနဲ့ ထွက်အလုပ်လုပ်ကြတဲ့သူတွေတော်တော်များပါတယ်။

ဒီရက်ပိုင်းမှတော့ ထိုင်းရောက်အထောက်အထားမဲ့မြန်မာ ၈၀ လောက်အထိကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
စက်တင်ဘာ ၁၃ ရက်နေ့က ဘန်ကောက်မြို့ Pathumwan ပသူဝမ်အရပ်က မြန်မာဈေးသည်တွေ အများအပြားရှိတဲ့ နာမည်ကြီးကုန်တိုက် MBK(Ma Boon Khrong)က ဆိုင်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းနေကြတဲ့ မြန်မာ ၁၈ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ တချို့ကတော့ ဆိုင်တွေပိတ်ပြီး ထွက်ပြေးသွားကြတယ်လို့ ထိုင်းလဝကက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် တစ်ရက်တည်းဆိုသလိုပဲ ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသ အန်ထောင်-အယုဒ္ဓယ အဝေးပြေး ကားလမ်းမပေါ်မှာ တရားမဝင်မြန်မာအလုပ်သမား ၁၃ ဦးကို တင်ဆောင်လာပြီး မောင်းပြေးတဲ့ ပစ်ကပ်ကားကို ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရာမှာ တာယာ ၃ လုံးကွဲတဲ့အထိ မောင်းပြေးခဲ့ပေမယ့် ထွက်ပြေးသူတွေကိုဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ အလားတူ တာ့ခ်ခရိုင်နဲ့ တခြားခရိုင်တွေမှာလည်း မြန်မာတွေ ဖမ်းခံခဲ့ရတာကြောင့် ဒီရက်ထဲမြန်မာလုပ်သား ၇၀ ကျော်အထိ ဖမ်းဆီးခံရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့နဲ့ လဝကဘက်ကတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးအကြောင်းအရာ ၄ ခုနဲ့ ပိုက်စိတ်တိုက် စစ်ဆေးမှုတွေ၊ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးမူတွေ လုပ်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ အနုပညာသတင်း
VMA ဆုပေးပွဲမှာ ဆုတွေအများကြီးသိမ်းပိုက်လိုက်ပြန်တဲ့ တေလာဆွိဖ်
****************************************
နိုင်ငံတကာအနုပညာသတင်းတွေဘက်မှာ ရှေ့ရောက်ခဲ့တဲ့သတင်းကတော့ VMA ဆုပေးပွဲမှာ ပေါ့ပ်အဆိုတော် တေလာဆွိဖ်က ဆုတွေအများကြီးသိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။

သူမဟာ အမေရိကန်ပြည်ထောင်စုမှာ စက်တင်ဘာလ ၁၂ ရက်ကကျင်းပခဲ့တဲ့ MTV ဂီတဗွီဒီယိုဆုပေးပွဲ VMA ဆုပေးပွဲမှာ လူကြိုက်များတဲ့ သူ့သီချင်းအသစ် “Anti-Hero” အတွက် အကောင်းဆုံးဗွီဒီယိုဆု၊ အကောင်းဆုံး သီချင်းဆုတို့အပါအဝင် ဆုပေါင်း ၉ ဆု ရရှိခဲ့ပါတယ်။

တလောကပဲ စံချိန်တင်အောင်မြင်မှုတွေရခဲ့တဲ့ The Eras Tour ဖျော်ဖြေရေးခရီးစဉ် သွားနေတဲ့ တေလာဆွိဖ်က စုစုပေါင်းဆု ၁၁ ဆုအတွက် တစ်ကြိုပေးခံရတာ ဖြစ်ပါတယ်။ သူက တစ်နှစ်တာအတွက် အကောင်းဆုံးအနုပညာရှင်ဆုကိုလည်း ရရှိသွားခဲ့ပါသေးတယ်။

ရပ်အဆိုတော် Sean “Diddy” Combs နဲ့ ကိုလံဘီယာအဆိုတော် ရှက်ကီယာတို့ကတော့ တစ်သက်စာအောင်မြင်မှုဆု ရရှိသွားပါတယ်။ VMA ဆုပေးပွဲမှာက ဆုရှင်တွေကို ပရိသတ်တွေက ရွေးချယ်တာဖြစ်ပါတယ်။

နိုင်ငံတကာ အားကစားသတင်း
****************************************
ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမားဟောင်း ဆားဘီးယားနိုင်ငံသား ဂျိုကိုဗစ်ဟာ စက်တင်ဘာ ၁၁ ရက်နေ့ကကျင်းပတဲ့ US OPEN အမျိုးသားတင်းနစ်ပွဲမှာ ဗိုလ်စွဲသွားခဲ့ပါတယ်။

သူဟာ ဗိုလ်လုပွဲစဉ်မှာ ရုရှားနိုင်ငံသား ဒန်နီးလ် မက်ဗီးဒက်ဗ်ကို (၆-၃၊ ၇-၆၊ ၆-၃) နဲ့ ပွဲကြီး ၃ ပွဲပြတ် အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။