Cobra စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော၏ ပြည်သူလူထုထံသို့ပြောကြားချက်

Author ကိုထားဝယ်၊ လင်းနွေဦး
Categories
Published on Aug 25, 2023

“…တစ်လပြည့်ပြီ တောင်ခြေနားတောင်မကပ်နိုင်တာကို ကျွန်တော်တို့တွေ့ရတယ်။”

“အာဏာရှင်သည်မကြာခင်မှာ ပြုတ်တော့မယ်ဆိုတဲ့အရာကို ရဲရဲကြီးပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီကနေ့အချိန်အထိ ကျွန်တော်တို့ပြည်သူတွေက ဇွဲ၊ လုံ့လ၊ သတ္တိတွေက လုံးဝမလျှော့ဘဲ တညီတညွတ်တည်းနဲ့ တရှိန်ထိုးကို တိုးတက်လာတာကိုတွေ့ရတယ်။ ဒါကြောင့်မလို့ မကြာခင်မှာ အာဏာရှင်ပြုတ်မယ်ဆိုတာကို စစ်ရေးအရသုံးသပ်ပြီးတော့ ကောင်းကောင်းကြီးပြောနိုင်ပါတယ်။”

Cobra စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော၏ ပြည်သူလူထုထံသို့ပြောကြားချက်

CJ Platform

လက်ခတ်တောင်စခန်းကို သိမ်းပိုက်ရယူထားမှု တစ်လပြည့်အထိမ်းအမှတ်၊ ‘လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး’ ကမ်ပိန်းပြုလုပ်ရခြင်း၊ လက်ရှိ ၂ နှစ်တာ စစ်ရေးအခြေအနေတို့နှင့်ပတ်သက်၍ Cobra စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော၏ ပြည်သူလူထုထံသို့ပြောကြားချက်ကို CJ Platform စာဖတ်ပရိသတ်များထံသို့ ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။ ။ ယခုလက်ရှိစစ်ရေးအခြေအနေ

ဗဒဘ။ ။ လက်ရှိစစ်ရေးအခြေအနေကတော့ ကျွန်တော်တို့သိကြတဲ့အတိုင်းပဲ ၂ နှစ်ကျော်ကြာလာတာနဲ့အမျှ စစ်ရေးစွမ်းဆောင်ရည်တွေမှေးမှိန်မသွားဘူး။ တောက်လျှောက် ခံစစ်ကနေပြီးတော့ ထိုးစစ်ဆင်နိုင်တယ်။ လက်ရှိလုပ်လာတယ်။ စစ်ဆင်ရေးဖော်ဆောင်လာနိုင်ခဲ့တယ်။ လက်ခတ်တောင်အခြေအနေကိုကြည့်မယ်ဆိုရင် ရန်သူက အင်အားအလုံးအရင်းနဲ့ထိုးစစ်တွေဆင်နေခဲ့တာကို ရင်ဆိုင်တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့ လက်ခတ်တောင်စခန်းကို သိမ်းပိုက်ထားတာ ဒီနေ့ဆိုရင် တစ်လပြည့်ခဲ့ပြီပေါ့။ လက်ခတ်တောင်ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီကလည်း ရှိတဲ့အင်အားအလုံးအရင်းနဲ့ မြေပြင်ကနေ လက်နက်ကြီးတွေ၊ Missile တွေကို အသုံးပြုပြီးတော့ ရှိသမျှတကြောလုံးကို တိုက်ခိုက်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဝေဟင်သုံးနေပါစေ၊ ဘယ်လိုပဲ အင်အားများနေပါစေ အဓိက ကျွန်တော်တို့ ဒီတော်လှန်ရေးဘက်ကတော့ ရဲဘော်တစ်ယောက်ချင်းစီတိုင်း၊ ပြည်သူတစ်ယောက်ချင်းစီတိုင်းက လက်မလျှော့သ၍ အင်အားအပြည့်နဲ့ ရပ်တည်နေသ၍တော့ ဒီအာဏာရှင်တွေ ဘယ်လိုမှ ကျွန်တော်တို့ကို မယှဉ်နိုင်ဘူး။

အခုဆိုလည်း (စစ်ကောင်စီက)ထိုးစစ်ဆင်တာဆိုရင်လည်း ၁၀ ကြိမ်အထက်ရှိနေပြီ အခုချိန်ထိ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာပြီးတော့မှ ဒီနေ့အထိဆိုရင် တစ်လပြည့်ပြီ တောင်ခြေနားတောင်မကပ်နိုင်တာကို ကျွန်တော်တို့တွေ့ရတယ်။ ဒါကလည်းပြောမယ်ဆိုရင် လူထုတွေရဲ့အားပေါ့နော်။ လူထုတွေရဲ့ ပါဝင်မှု၊ လူထုရဲ့မလျှော့သောဇွဲလုံံ့လနဲ့ပေါ့လေ။ အခုချိန်ထိ လူထုရဲ့ ပံ့ပိုးမှုနဲ့ ကျွန်တော်တို့လည်း ဆက်ပြီးတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နိုင်နေတာလို့ပြောလို့ရပါတယ်။

မေး။ ။ Campaign လုပ်ရတဲ့ရည်ရွယ်ချက်

ဗဒဘ။ ။ အဓိကကတော့ ကျွန်တော်တို့ ‘လူထုအားလုံးပါဝင်ပေး Cobra စစ်ဆင်ရေး’ လုပ်ရတဲ့ ပထမဆုံးရည်ရွယ်ချက်က စစ်ထဲမှာ ရဲဘော်တွေရဲ့ ထိခိုက်မှု၊ ကျဆုံးမှုနည်းပါးအောင် အဓိက ၁ အချက်အနေနဲ့ ကျည်ကာခမောက်တွေကို ဖြည့်တင်းပေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဆင်ရေးတော်တော်များများမှာ ကျွန်တော်တို့ တွေ့ရတယ်။ ဘာဖြစ်လဲဆိုတော့ မထိခိုက်သင့်ဘဲနဲ့ ထိခိုက်တာတွေကိုတွေ့ရတယ်။ မကျဆုံးသင့်ဘဲနဲ့ ကျဆုံးရတာကိုတွေ့ရတယ်။ အနည်းအကျဉ်းတော့ရှိတာပေါ့နော်။ အားလုံးတော့ မဖြည့်တင်းပေးနိုင်ဘူးပေါ့။ တချို့ရဲဘော်တွေဆိုရင် ကျည်ကာကြောင့်အသက်မဆုံးရှုံးရတာကိုလည်းတွေ့ရတယ်။ ဒီစစ်ခမောက်တွေကြောင့်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေကြားမှာ လက်နက်ကြီးတွေအမြောက်အမြားပစ်ခတ်တဲ့အပေါ်မှာ ကျင်းထဲမှာနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ၊ ကျင်းထဲမှာနေတယ်ဆိုရင်တောင်မှ လက်နက်ကြီးတွေရဲ့အစတွေက ဘာမှမဖြစ်ဖူးဘူးပေါ့နော်။ ကျည်ကာခမောက်တွေမပါဘူးဆိုရင် ဒီအစလေးတွေထိမယ်ဆိုရင် ကျွန်တော်တို့ရဲဘော်‌တွေ ထိခိုက်ကျဆုံးမှုတွေတွေ့ရတယ်။ ဒါကြောင့်မလို့ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ဘော်တွေရဲ့ ထိခိုက်ကျဆုံးမှုနည်းပါးအောင်၊ ဒဏ်ရာရမှုနည်းပါးအောင် ပထမအချက်အနေနဲ့ အခု Campaign ကိုလုပ်တာပါ။
ဒုတိယအချက်အနေနဲ့ကတော့ အားလုံးသိတဲ့အတိုင်း စစ်ရေးတွေက အရှိန်မြင့်လာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့လိုအပ်ချက်အများကြီးရှိလာတယ်။ တချို့စစ်ဆင်ရေးတွေက မဆုတ်သင့်ဘဲနဲ့ ဆုတ်လိုက်ရတယ်။ အဓိကအကြောင်းအရင်းကလည်း လက်နက်ခဲယမ်းမလုံလောက်မှုပေါ့နော်။ ဒါကြောင့်မလို့လည်း ကျွန်တော်တို့အတွက် တစ်ချိန်လုံးစစ်ဆင်ရေးကိုလုပ်ဆောင်နိုင်ဖို့အတွက် ဒုတိယအချက်အနေနဲ့ ဖြည့်တင်းသင့်တဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်းဖို့အတွက် ဒီကမ်ပိန်းကိုလုပ်ရတာဖြစ်ပါတယ်။

မေး။ ။ ပြည်သူလူထုကို ပြောချင်သောအမှာစကား

ဗဒဘ။ ။ နောက်ဆုံးအနေနဲ့ ပြည်သူလူထုကို ဘာပြောချင်လဲဆိုတော့ တစ်ခုပဲပြောချင်တာက ကျွန်တော်တို့ ပန်းတိုင်ကို မကြာခင်လျှောက်လှမ်းနိုင်တော့မယ်။ အာဏာရှင်သည်မကြာခင်မှာ ပြုတ်တော့မယ်ဆိုတဲ့အရာကို ရဲရဲကြီးပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီကနေ့အချိန်အထိ ကျွန်တော်တို့ပြည်သူတွေက ဇွဲ၊ လုံ့လ၊ သတ္တိတွေက လုံးဝမလျှော့ဘဲ တညီတညွတ်တည်းနဲ့ တရှိန်ထိုးကို တိုးတက်လာတာကိုတွေ့ရတယ်။ ဒါကြောင့်မလို့ မကြာခင်မှာ အာဏာရှင်ပြုတ်မယ်ဆိုတာကို စစ်ရေးအရသုံးသပ်ပြီးတော့ ကောင်းကောင်းကြီးပြောနိုင်ပါတယ်။