တာချီလိတ်-ရန်ကုန် ခရီးသည်တင် လေယာဉ်ပေါ်၌ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မီးဖွား

Author လင်းနွေဦး
Categories
Published on Aug 25, 2023

တာချီလိတ်မှ ရန်ကုန်သို့ ယနေ့ ဩဂုတ်လ ၂၄ရက်နေ့ ညနေ ၆နာရီခန့်တွင် ထွက်ခွာလာခဲ့သည့် Air KBZ လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်၌ ခရီးသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အောင်မြင်စွာ မီးဖွားနိုင်ခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ညနေ ၅နာရီ ၃၀မိနစ်ခန့်တွင် တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာခဲ့သည့် ခရီးသည်တင် လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါလာသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ဦးမှာ လေယာဉ်စတင် ပျံသန်းစဉ်မှာပင် ရေမွှာပေါက်သဖြင့် တာချီလိတ်လေဆိပ်သို့ အရေးပေါ်ပြန်လည် ဆင်းသက်စဉ် လေယာဉ်ပေါ်၌ မီးဖွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ယနေ့ ညနေပိုင်း (5:45) မိနစ်တွင် အရေးပေါ် အကူညီတောင်းခံလာသည်မှာ တာချီလိတ်မြို့ မှ ရန်ကုန်မြို့သို့ ထွက်ခွါသွားသော လေယာဉ်ပေါ်တွင် မွေးလူနာ ၁ ဦး ရေမွှာပေါက်နေပါသည်ဟုအကူညီ တောင်းခံလာပါ၍ ကျွန်မတို့ အဖွဲ့များ ဟောင်လိတ်လေယာဉ်ကွင်းသို့ အမြန်သွားရောက်ကြပြီး မွေးလူနာမှာ လေယာဉ်ပေါ်တွင် မွေးဖွားသွားခဲ့ပြီးဖြစ်ပါ၍ လေယာဉ်မှာ အောက်သို့ ပြန်ဆင်းလာပြီး ကျွန်မတို့ အဖွဲ့များ မှ မွေးကင်းစ မီးမီးလေးနှင့် မွေးလူနာအား ခဲရခဲစစ်သယ်ဆောင်ရခါ၊ နီးစပ်ရာ ကောင်းမြတ်ဆေးခန်းသို့ လိုက်ပါ ပို့ဆောင် ကူညီပေးခဲ့ကြပါတယ်ရှင်၊ ခလေးမှာ သမီးလေးဖြစ်ပါသည် မိခင်ရောခလေးရော နေကောင်းကျန်းမာ အဆင်ပြေသွားပါပြီ”ဟု ဖြစ်စဉ်အား သွားရောက် ကူညီခဲ့သည့် ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းမှ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လေယာဉ်ပျံသန်းနေစဉ် မီးဖွားခဲ့မှုကြောင့် လေယာဉ်ခရီးစဉ် နောက်ကျခဲ့ရသော်လည်း လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ရကြောင်း ခရီးသည် တစ်ဦးက သူ၏ အတွေ့အကြုံအား မျှဝေထားသည်။

“တာချီလိတ်ကနေ ရန်ကုန်အပြန် မိနစ် ၃၀ လောက်မှာ ကိုယ်ဝန်သည်တစ်ဦး လေယာဉ်ပေါ် ဗိုက်နာလို့ တာချီလိတ်လေဆိပ်ကို ပြန်လှည့်ပြီး လေယာဉ်ဆိုက်တာနဲ့ ကလေးလေး ထွက်သွားပါတယ် မိန်းကလေးပါရှင်၊ လေယာဉ်ပေါ်က လူတွေအကုန်လုံး အားပေးကြတယ်၊ ဝိုင်းဆုတောင်းပေးကြတယ်၊ အမေရော ကလေးရောကျန်းမာပါတယ်၊ လူနာတင်ကား လာခေါ်သွားပါပီ၊ ကြုံတောင့်ကြုံခဲ ရုပ်ရှင်ထဲကလိုပါပဲ၊ Air KBZ လေကြောင်းလိုင်းပါ၊ လေယာဉ်တစ်သက်တာ စီးနှင်းခွင့်ပေးမယ်ထင်ပါတယ် ” ခရီးသည်တစ်ဦးမှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။