ထုတ်လုပ်ရေးစခန်းက ကမ္ဘာမပတ်နိုင်တော့သည့် သင်္ဘောသားကြီး ကိုနောင်
“အဘာသရိုးရီး ပူးပရာ” (အားလုံးပဲမင်္ဂလာပါ)
“သရေပါ သရာ” (ကျေးဇူးပါ ဆရာ)
ရှမ်းကယားနယ်စပ်တစ်နေရာ၊ စစ်ရှောင်ကျောင်းစာသင်ခန်းအတွင်းမှ နှစ်လိုဖွယ်ရာသော အသံများကိုကြားနေရခြင်းပင်။ ဆရာနောင် ၏မင်္ဂလာပါနှုတ်ဆက်သံ၊ ကလေးများ၏ ကျေးဇူးပါဆရာဆိုသော နှုတ်ဆက်သံနှင့်အတူ စာသင်ခန်းလေးသည် တက်တက်ကြွကြွ သက်ဝင်လှုပ်ရှားလျက်။
တစ်နေ့တာအတွက်သင်ခန်းစာများကို ရှင်းပြ ၊ကလေးများ၏ အပြန်အလှန်ဆွေးနွေးချက်များကို နားထောင်ရင်း လိုအပ်သည်ကို ဖြည့်ပေး၊နားမလည်သည်ကိုပြန်ရှင်းပြနှင့် ဆရာနောင်တစ်ယောက် မအားလပ်နိုင်အောင်ရှိနေသည်။
ထိုမှ ကလေးများဖြေဆိုထားသည့် အဖြေလွှာစာအုပ်များကို စစ်ဆေးအကဲဖြတ်ရင်း စိတ်အလွှာက အတိတ်ဆီသို့။
၂၀၁၀ဝန်းကျင်က ဆယ်ကျော်သက်ချာတိတ်လေး ကိုနောင်၊တက္ကသိုလ်ဝင်တန်းအောင်ပြီး WYTUတက်ခွင့်ရချိန်၊ အသက်ကငယ်ငယ် ပါတ်ဝန်းကျင်ကလည်းအလိုလိုက်ခံရသူဆိုတော့ ငါမှငါ မာန်လေးကတကြွကြွ ဟန်ရေးတပြပြရှိချိန်ပေါ့။ ပိုက်ဆံဆိုတာ အမေ့အိတ်ထဲကဖြစ်နေတဲ့အချိန်မို့ ဘဝကို ပေါ့ပေါ့ပါးပါးပဲနေခဲ့သည်။ ပညာကို သိပ်အလေးမထားခဲ့ ။မိဘများက တက္ကသိုလ်ကျောင်းအပ် ထားခဲ့သော်လည်း ကိုနောင်တစ်ယောက် ဂိမ်းဆိုင်များတွင်သာ အချိန်ကုန်ခဲ့ပြီး ကျောင်းသို့ ရောက်သည်မရှိခဲ့။
ကျောင်း(၂)နှစ်တာအချိန်အတွင်း ကျောင်းသို့ရောက်သည်မှာ (၇)ရက်ပင်မပြည့်။ ထို့ကြောင့်ပထမနှစ်တွင်သာ တဝဲလည်လည်။ သည်လိုနှင့်၂၀၁၆မှာ ကိုနောင်တစ်ယောက် နိုင်ငံခြားသင်္ဘောသားအဖြစ် သင်္ဘောတစ်စီးတွင် အလုပ်ရခဲ့သည်။
သင်္ဘောသားအဖြစ် (၅)နှစ်ခန့်ကျင်လည်ရင်း ၂၀၂၀ဒီဇင်ဘာနှောင်းပိုင်းမှာ သင်္ဘောပေါ်မှ ဆင်းလာခဲ့သည်။ ထိုအချိန်ကတစ်ကမ္ဘာလုံးကို ဒုက္ခပေးနေသော ကိုဗစ်ကြောင့် Facility Quarantine (14)ရက်ဝင်ရသည်။ ကိုနောင်တို့ သင်္ဘောသားများအဖို့တော့ Hotel Quarantineပေါ့။ ဒီလိုနဲ့ ကျန်းမာရေးအရ Quarantineဝင်နေချိန် လမ်းမပေါ်မှာ လူအုပ်ကြီးချီတက်နေတာမြင်ရပြီး ၊ဆန္ဒပြ ကြွေးကြော်သံများ၊ညစဥ် ည(၈)နာရီပုံမှန် သံပုံး၊အိုးခွက်ပန်းကန်တီးသံများကိုလည်း ကြားလာရသည်။လူအုပ်ကြီးကတစ်နေ့တစ်ခြား များများလာပြီး ကြွေးကြော်သံများ၊သံပုံးတီးသံများကလည်းပိုမိုဆူညံလာကြသည်။ Hotel၏ ပြင်ပမြန်မာပြည်တွင် ဘာတွေများဖြစ်နေပါလိမ့် ။
ကိုနောင်စိတ်မဝင်စားပါ။သူ အမိမြေ ရင်ခွင်တွင် (၃)လခန့်နားမည်၊ပြီး သင်္ဘောပြန်တက်မည်။ (၃)လသောကာလတွင် ပျော်ပျော်နေမည်၊ဘော်ဒါတွေနှင့် ကဲမည်။ ဆွေမျိုးများထံလည်ပတ်မည်။ သို့သော် အတွေးနှင့်လက်တွေ့တို့က ကွာခြားလွန်းလှပါဘိ။ ကိုနောင် HQက ထွက်ပြီး တောင်ဒဂုံဘက်ရှိ မိမိပိုင် တိုက်ခန်းတွင် သွားနေသည်။ (၅)နှစ်ခန့် ခွဲခွါခဲ့ရသော မြန်မာပြည်က အံ့အားသင့်စွာ တိုးတက်ပြောင်းလဲခဲ့ပြီ။
သို့သော်ခုတော့ မဲမသာမာမှု ဟူသောခေါင်းစဉ်ဖြင့် စစ်အာဏာရှင်တို့က နိုင်ငံ့အာဏာကိုသိမ်းယူပြီး နိုင်ငံကို တတိယအကြိမ်မြောက် ချောက်ထဲသို့ ပြန်လည်ဆွဲချခဲ့ချေပြီ။
ရန်ကုန်၏လမ်းမများက ဆန္ဒပြကြွေးကြော်သူများ၏ ချွေးစက်သွေးစက်များဖြင့် ပေကျံခဲ့ချေပြီ။ အာဏာရှင်တို့သည် သေရဲတဲ့လူ ထွက်ခဲ့စကားသံနှင့်အတူ ပြည်သူ့အခွန်ဘဏ္ဍာဖြင့် ဝယ်သော လက်နက်ခဲယမ်းတို့ဖြင့် ပြည်သူကျွေးသော ထမင်းကိုစားလျက် ပြည်သူ့ရင်ဝဘက်သို့ သေနတ်ပြောင်းဝလှည့်ခဲ့လေပြီ။ လှိုင်သာယာနှင့် တောင်ဒဂုံသည်လည်း အာဏာရှင်နှင့် ဆန္ဒဖော်ထုတ်သူ ပြည်သူတို့ကြား စစ်အာဏာရှင်မိစ္ဆာဆိုးများကြောင့် စစ်တလင်းပမာ ဖြစ်လာခဲ့ရသည်။
သူတွေးသည်။ စစ်တပ်အာဏာသိမ်းတာ သူနှင့်မဆိုင် ။စစ်တပ်နှင့် နိုင်ငံရေးသမား ဆိုသည် လင်မယားတွေလိုပင်။သူတို့လင်မယားအချင်းချင်း ရန်ဖြစ်တာကြောင့်တော့ သူအိပ်ပျက်မခံနိုင်။ ကိုနောင် အေးအေးချမ်းချမ်း အနားယူလိုသည်။ပြီးရင် သင်္ဘောပြန်တက်မည်။ ထို့ကြောင့် ဆန္ဒဖော်ထုတ်သူများနှင့်လည်း မဆက်ဆံ ၊ဆန္ဒဖော်ထုတ်ပွဲများနှင့်လည်း ခပ်ဝေးဝေးမှာသာနေခဲ့သည်။
တစ်နေ့ ငယ်သူငယ်ချင်းတစ်ယောက်က ဖုန်းဖြင့်ဆက်သွယ်လာသည်။”နေစရာ အခက်အခဲကြောင့် သူလာနေလို့ ရနိုင်မလား”မေးလာသည်။ ကိုနောင်လည်း တစ်ယောက်ထဲနေတာဆိုတော့ သူငယ်ချင်းကို အတူလာနေဖို့ ခွင့်ပြုလိုက်သည်။ ကိုနောင့် ဘဝတစ်ဆစ်ချိုးက ထိုမှစတော့သည်။ သူငယ်ချင်းဘာလုပ်သည် သူမသိ သူငယ်ချင်းနှင့်အဖွဲ့သွားလိုရာ ကားမောင်းပို့ပေးသည်။ သူငယ်ချင်းနှင့် အဖွဲ့သုံးဖို့ငွေထောက်ပံ့ပေးသည်။ သူနှင့်ဆန္ဒထုတ်ဖေါ်ပွဲသည် ခပ်ဝေးဝေးသာ။
၂၀၂၁မတ်လ ကုန်ခါနီး တစ်ရက်မှာတော့ တောင်ဒဂုံ သစ်ဆိုင်ကွေ့ဘက် အရောက် မလှမ်းမကမ်းဆီမှ “ဖောင်းဒိုင်းဒက်ဒက်”ဟူသောအသံများနှင့်အတူ ပြေးလာသောလူအုပ်ကြီး၊ ထိုမှသွေးသံရဲရဲနှင့် လူငယ်တစ်ယောက်ကို ထမ်းပြေးလာသူငယ်ချင်း အောင်အောင်ကို မြင်လိုက်ရသည်။
ဒဏ်ရာရလာသော လူငယ်နှင့် အောင်အောင်ကို ကားပေါ်တင်ပြီး ကြည့်မြင်တိုင်ဘက်ရှိ စေတနာ့ဆေးခန်းတစ်ခုသို့ ပို့ပေးခဲ့သည်။ရန်ကုန်လမ်းမများက သွေးလွှမ်းခဲ့ချေပြီ။ မကြာမီ မြန်မာတစ်နိုင်လုံး သွေးချောင်းစီးအောင် စစ်မိစ္ဆာအာဏာရှင်များ ယုတ်မာလုပ်ဆောင်ကြတော့မည်။ ထိုမြင်ကွင်း ထိုအတွေးများက ကိုနောင့်ခေါင်းထဲမှ ထုတ်ပါယ်၍မရတော့။ ရင်ထဲအသည်းထဲကကို နာလွန်းလှသည်။စစ်အာဏာရှင်သည် မဲကိစ္စကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်း။အာဏာကိုငမ်းငမ်းတက်မက်မောကာ ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသော အစိုးရထံမှ အတင်းအဓမ္မသိမ်းယူသည်။ထို့ပြင် လက်နက်ဗလာဖြင့် လမ်းမထက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ကြွေးကြော်သူ လူငယ်များကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြသည်။
ဒါသည် စပ်တပ်နှင့်နိုင်ငံရေးသမား အချစ်စမ်းသည့် ပွဲမဟုတ်တော့။ အနီနှင့် အစိမ်း၏ အားပြိုင်ပွဲမဟုတ်တော့ ။အာဏာရှင်နှင့် တိုင်းပြည်အနာဂါတ် အရေးဖြစ်ချေပြီ။ ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် အရေးပင်။ ကိုနောင် ဆုံးဖြတ်ချက်ချသည်။ သူငယ်ငယ်ဘဝကလို အကြောက်တရားနှင့် မရှင်သန်ချင်။ သင်္ဘောသားအဖြစ် ကမ္ဘာပတ်လာသူမို့ မိမိနိုင်ငံကို အခြားနိုင်ငံတွေလို တိုးတက်စေချင်သည် ၊ဖွံ့ဖြိုးစေချင်သည်။ မိမိတို့နိုင်ငံ မျိုးဆက်သစ်လူငယ်ကျောင်းသားလေးများကို ကွန်ပျူတာခန်းထဲက သက်မဲ့ကွန်ပျူတာများကို ခိုးကြည့်ရသောဘဝ ၊ကာယချိန်မြက်နှုတ်နေရသောဘဝ၊ ကျောင်းဝင်ကြေး၊ အားကစားကြေး ဘာကြေးညာကြေးသော ခေတ်ကိုပြန်မရောက်စေလိုတော့။ မိမိတစ်ကိုယ်စာရုန်းထွက်ပြီး ကောင်းစားရေး အတ္တကိုရှေ့တန်းတင်ကာ သင်္ဘောပြန် မတက်လိုတော့။ စစ်အာဏာရှင်အမြစ်မပြတ်မချင်း တော်လှန်မည်။ သို့သော်လက်နက်ကိုင်ထားသူကို လက်နက်နှင့်ပြန်တိုက်မှသာ အောင်မြင်မည်ဟု သူယုံကြည်သည်။
ထို့ကြောင့် သူအချိန်မဆွဲတော့ဘဲ နောက်တစ်နေ့မှာပင် ဦးလေးရှိရာ လွတ်မြောက်နယ်မြေတစ်နေရာသို့ သူထွက်လာခဲ့သည်။ အခြေခံစစ်သင်တန်း တက်ခဲ့သည်။ သင်တန်းတွင် တွေ့ဆုံသည့် စိတ်တူကိုယ်တူရဲဘော်သူငယ်ချင်းများဖြင့် လက်နက်ခဲယမ်း ထုတ်လုပ်ရေးအဖွဲလေးဖွဲ့စည်းပြီး လက်နက်ငယ် ၊ပုခုံးထမ်းလောင်ချာနှင့် အဝေးထိန်းဖောက်ခွဲရေးစက်၊ရှေ့ထွက်မိုင်း၊ကားမိုင်းများထုတ်လုပ်ကာ ကရင်နီပြည်နယ်ထဲရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ ဖြန့်ချိပေးခဲ့ကြသည်။
ထို့ပြင် သူတို့အဖွဲ့မှ လူမှုဆက်ဆံရေးဌာနတစ်ခုထားရှိပြီး စစ်ရှောင်ကူညီရေး၊ပညာရေးကဏ္ဍများကိုပါ လုပ်ဆောင်ခဲ့ကြသည်။ ယခုလည်း သူတို့ထုတ်လုပ်ရေးအဖွဲ့မှ ဖွင့်လှစ်ထားသော စစ်ဘေးရှောင်ကျောင်းလေးတွင် စာလာသင်ပေးနေခြင်းဖြစ်သည်။
“ဆရာ၊ဆရာ့ ကို အဖွဲ့မှူးက ခုသတင်းပို့ပါတဲ့”
ရဲဘော်တစ်ယောက်၏ အသံကြားမှ ကိုနောင်တစ်ယောက် လက်ရှိလောကသို့ အသိပြန်ဝင်လာသည်။
“ဟုတ်ကဲ့ ကျနော်သွားလိုက်မယ်”
ဆရာနောင် အဖွဲ့မှူးထံအလေးပြုရင်း သူရောက်ရှိကြောင်း သတင်းပို့လိုက်သည်။
“တပ်ဖွဲ့မှူး ကျနော်ရောက်ပါပြီ”
“ကိုနောင် ထိုင်ဗျာ ၊ပြောရမှာစိတ်မကောင်းဘူး၊ခင်ဗျားသူငယ်ချင်း ကိုစိမ်း ထုတ်လုပ်ရေးမှာမတော်တဆဖြစ်ပြီး ကျဆုံးသွားတယ်”
“ဟာ -ဘယ်အချိန်ကလဲအဖွဲ့မှူး၊ဘယ်လိုဖြစ်တာလည်း ”
“အခုပဲဖြစ်တာ။ပုခုံးထမ်းလောင်ချာ စမ်းသပ်ရင်း မတော်တဆဖြစ်တယ်ပြောတယ်။စခန်းရောက်မှ အသေးစိပ်သိရမယ် ။ကျနော် ခုစခန်းကိုဆင်းမှာမို့ ခင်ဗျားကိုခေါ်ခိုင်းလိုက်တာ ကိုနောင်”
ကိုနောင်နှင့်အဖွဲ့မှူး ထုတ်လုပ်ရေးစခန်းရှိရာသို့ ဆင်းခဲ့သည်။ပုခုံးထမ်းလောင်ချာ စမ်းသပ်ထုတ်လုပ်ရင်း သူငယ်ချင်းဖြစ်သူ ရဲဘော်ကိုစိမ်းကတော့ တာဝန်ကျေပွန်စွာ နှုတ်ဆက်ထွက်ခွာသွားလေပြီ။ ကျန်ရစ်သူမိမိတို့အနေနှင့် မပြီးဆုံးသေးသောတာဝန်ကို ဆက်လက်ထမ်းဆောင်ရပေမည်။ ကျဆုံးရဲဘော်များကိုယ်စား နှစ်ဆတိုး၍ ထမ်းရွက်ရပေမည်။
အကြိမ်ကြိမ်မီးရှို့ခံရလို့ ပြာဖြစ်သွားတဲ့ရွာတွေ။ ကလေးလူကြီးအရွယ်စုံ အိုးမဲ့အိမ်မဲ့ ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ။ ဘဝတွေစွန့် အသက်တွေစွန့်ပြီး တော်လှန်နေကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ ကဏ္ဍအသီးသီးက ရဲဘော်တွေ။ အကျဉ်းထောင်အသီးသီးမှာ နည်းမျိုးစုံနဲ့နှိပ်စက်ခံရင်း ဆက်ပြီးတိုက်ပွဲဝင်နေတဲ့သူရဲကောင်းတွေ။ ပြောပြစရာစကားလုံးမဲ့ နှိပ်စက်ခံနေရတဲ့ လူမသိ သူမသိ သူရဲကောင်းတွေ။ အန္တရာယ်တွေကိုရင်ဆိုင်ပြီး စွန့်စားတိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းလူငယ်တွေ။ နည်းပညာနဲ့တော်လှန်နေကြတဲ့ ထောက်ပို့ရဲဘော်တွေ။မရှိ ရှိတာရောင်း လုပ်နိုင်သမျှလုပ်ပြီး ထောက်ပို့နေကြတဲ့ ပြည်သူတွေ။ အခက်အခဲမျိုးစုံကိုရင်ဆိုင်ပြီး တောင့်ခံနေကြတဲ့ CDM တွေ။
သူငယ်ချင်းရဲဘော်၏ အသက်မဲ့ခန္တာကိုကြည့်ရင်း မျက်ရည်စများကြားမှ အတွေးများစွာ၊ မေးခွန်းများစွာနှင့်ပင် ကိုနောင် ရင်ထဲမှ ပြင်းထန်စွာ အော်ဟစ်လိုက်မိသည်။ အသံများကဖြင့် လည်ချောင်းသို့ ထွက်မလာခဲ့ပါချေ။ တွေ့ကြလား မြင်ကြလား။ခင်များတို့မမြင်သေးဘူးထင်ပါရဲ့ ။ထပ်ကြည့်လိုက်ကြပါအုန်း။ ထရော်မာဆိုတဲ့ စကားလုံးလှလှတွေ ပြောပြီး မစိုးရိမ်ပေးကြပါနဲ့ ။ အသက်ရှင်မယ်၊ မရှင်ဘူး။ အကောင်းတိုင်းပြန်ဖြစ်နိုင်မယ်၊ မဖြစ်နိင်ဘူး ။ဘာကိုမှသေချာမပြောနိုင်တဲ့ ဘဝတွေ။ နာကျင်လွန်းလို့ ဘယ်ကနာလို့နာမှန်းမသိတော့တဲ့ အဖြစ်ကို ကိုယ်တိုင်မဟုတ်ပေမဲ့ ကိုယ်ချင်းစာ ကြည့်ပေးကြပါ ။
ထွက်ကျလာခဲ့တဲ့သွေးက သားတွေသမီးတွေအတွက်ကျတဲ့ အမေတွေ မျက်ရည်လောက် မများနိုင်တော့ဘူး ။တစ်ချို့ကငိုတယ်။ အချို့ကအားပေးတယ် ။အချို့က လက်ခုပ်လက်ဝါးတီးရယ်ကြတယ်။ အဆိုးဆုံး အချို့က မြွေမကြောက်ကင်းမကြောက် ချီးတွင်းထဲကလောက်တွေလို ပျော်နေကြဆဲ။ အချို့ဘီယာဆိုင်ထဲကနေ စီးကရက်ခဲရင်း တောင်လှန်ရေးပြီးခါနီးပြီလား”တဲ့မေးကြတယ်။အချို့လည်း” ဒီတော်လှန်ရေးကပီးတော့မှာပါ” လာပြောတဲ့သူတွေကို သူပြုံးပြရင်းတောဆက်ခိုဖို့ပဲ တွေးနေမိတယ်။ မိုးစက်တွေယိုဖိတ်ကျနေတဲ့ အိမ်ခေါင်မိုးပေါက်ကြီးကို ဖာဖို့ထက် အိပ်ရာရွေ့ကြတဲ့လူများနေတော့ တော်လှန်ရေးက အချိန်ကြာလာတယ်။
မြန်မာပြည်မှာ လူငယ်သူရဲကောင်းတွေနဲ့ အလေးပြုစရာအာဇာနည်တွေလည်း တနေ့တခြားများများလာတယ်။ ဒါတောင် မသိသေးတဲ့လူတွေရှိနေသေးတယ် ။သိတဲ့လူအချို့တွေလည်းမသိသလို ရှောင်ပြေး။ ကိုယ့်ကျေးရွာ ၊ကိုယ့်မြို့ကို ထားခဲ့ပီး တတိယနိင်ငံဆိုတာကြီးကို သွား ကြလေရဲ့။ ကရင်နီဘက်ကရွာလေးတွေ လာကြည့်ကြပါဦး ။ ဝက်စာပင်က အိမ်တွေကို ကျော်တက်နေပြီ။ စိုက်ပျိုးခင်းတွေကလည်း ထွန်ယက်သူမဲ့ပြီး ဖုန်းဆိုးမြေတွေဖြစ်လို့။ တချို့အတ္တသမားတွေ ပျော်နေလိုက်ကြတာများ နာလို့အော်တဲ့အသံကိုတောင် မကြားနိင်ကြတော့ဘူး။
ဪ— တော်လိုက်ကြတဲ့လူတွေ.ဗျာ.. ..။လက်ခုပ်တီးပေးခဲ့ကြတဲ့လက်တစ်ချို့လည်း လက်ကမ်းဖို့မေ့သွားခဲ့ကြပြီ။ အချို့လည်း အကြောက်တရားတွေကြီးစိုးပြီး ပုံမှန်ဘဝတွေမှာ ပျော်နေကြပြီ။ ကိုနောင့်အတွက်တော့ မပျော်နိင်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပီ။ သူတို့မပျော်နိုင်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီပဲ။ ဘာပဲဖြစ်ဖြစ်၊ဘယ်လိုပဲကြုံကြုံ ကိုနောင်ကတော့ စစ်အာဏာရှင်များ အမြစ်ပြတ်သည်အထိ ကျရာတာဝန်ကို ဆက်လက်ထမ်းဆောင်မည် ဟု သန္ဓိဌာန်ချ လိုက်ပါတော့သည်။
မင်းဘုဏ်းလူ(၅၀၅)