ပုဂံဘုရားများအနီး စစ်ကောင်စီ၏ ရှေးဟောင်းသုတေသနဌာနမှ စက်ယန္တရားများ အသုံးပြုကာ ရေမြောင်းတူးနေ

Author ခေတ်နီ
Categories
Published on Aug 21, 2023

ကမ္ဘာ့အမွေအနှစ် ယူနက်စကိုစာရင်းဝင် ပုဂံမြို့ဟောင်းအတွင်း စစ်ကောင်စီ လက်အောက်ခံ ရှေးဟောင်းသုတေသနဌာနမှ မြောင်းရှည်တစ်ခုကို စက်ယန္တရားများ အသုံးပြုကာ ရှေးဟောင်း အုတ်ရိုးအချို့ ပျက်စီးသည်အထိ တူးဖော်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် တစ်လဝန်းကျင်ခန့်မှ စတင်ကာ ပုဂံမြို့ဟောင်းသို့ သွားလာသည့် အနော်ရထာလမ်းနေရာ တလျှောက်တွင် ယန္တယားငယ်များ အသုံးပြုပြီး စစ်ကောင်စီ လက်အောက်ခံဌာနမှ မြောင်းရှည်တစ်ခုကို တူးဖော်နေခြင်း ဖြစ်သည်။

အဆိုပါ မြောင်းရှည်တူးဖော်မှုသည် ပုဂံဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းပါက ဘုရားများအတွင်း ရေမဝင်ရောက်နိုင်ရန် သရပါတံခါးအနီးရှိ ကျုံးအတွင်း ရေဝင်ရောက်နိုင်ရန် ရည်ရွယ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

ထို့အပြင် အဆိုပါ တူးဖော်မှုအား အမွေအနှစ်ထိခိုက်မှုဆန်းစစ်ချက် Heritage Impact Assessment HIA စစ်ဆေးချက်ပြုလုပ်ပြီး အီတလီနိုင်ငံမှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး၏ အကြံပေးချက်နှင့် ပြင်ပ ကုမ္မဏီတစ်ခုအား ငှားရမ်းကာ ဆောင်ရွက်နေကြောင်း ရှေး/သု ပုဂံဌာနခွဲမှဆိုသည်။

သို့သော် အဆိုပါ HIA ဆန်းစစ်ချက်နှင့် ပတ်သက်၍ ပုဂံဒေသတွင်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး ကူညီပေးနေသည့် ဒေသအခြေပြုအဖွဲ့များမှ မြောင်းတူးဖော်သည့် ကိစ္စကိုသာ သိရှိကြောင်းနှင့် HIA ဆန်းစစ်ချက်အကြောင်း မသိရကြောင်းဆိုသည်။

“ကျနော်တို့ကတော့ မြောင်းတူးတာ သိတယ်လေ၊ HIAကတော့ ဌာနဖက်ကလုပ်တယ်နေမှာပေါ့ ကျနော်တို့ကိုတော့ ဘာမှလာပြီး ဆွေးနွေးတာမရှိပါဘူး”ဟု ဒေသအခြေပြု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှ ဆိုသည်။

ယခု တူးဖော်နေသည့် နေရာသည် ပုဂံမြို့ဟောင်း၏ အချက်အချာကျသည့် နေရာတစ်ခု ဖြစ်ပြီး စက်ယန္တယားများဖြင့် တူးဖော်မှုအပေါ် ရှေးဟောင်းသုတေသီများမှလည်း ဝေဖန်နေကြသည်။

“လက်ရှိတူးနေတဲ့နေရာက အချက်အချာပဲ ဘယ်နားတူးတူး ပစ္စည်းထွက်တယ် ဘာလို့ဆို ပုဂံနန်းတော်ရှိတယ် ၊ ဘူးလယ်သီးကန်ဘုရားရှိတယ် အဲ့နားက တကယ့် archaeology နေရာ၊ HIA တောင်မလုပ်ပဲ တူးနေတာ HIA ဆိုတာက ဒီရှေးဟောင်းဇုန်နဲ့လွတ်မလွတ် effect ဖြစ်မဖြစ်ကြည့်တာပေါ့၊ ဒီနေရာက ရှေးဟောင်းနေရာကိုမှ အဓိကဖြစ်တဲ့အတွက် တူးလို့ကိုမရဘူး ၊အခုပုံတွေကြည့်ရင် အုတ်သားတွေတောင်ပေါ်နေပြီ၊ တူးမယ်ဆိုရင်တောင် စက်နဲ့တူးစရာ အကြောင်းမရှိဘူး တကယ်တူးမယ်ဆိုရင် အဲ့မြောင်း ဧရိယာပေါ့ အဲ့အတွင်းကို long trench system လုပ်ရမယ်၊ တူးဖော်ရေးကို လက်နဲ့ပဲလုပ်ရမယ် ပြီးရင် report ရှိရမယ် အခုဟာက ဘာ report မှမရှိဘူး၊အပြင်လူတူးရင်တောင်ထားဦး အခုကရှေးသုကလူတွေ လုပ်နေတာ”ဟု ရှေးဟောင်းသုတေသီတစ်ဦးဖြစ်သူ ကိုသူရအောင်မှ ဆိုသည်။

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် ဓာတ်ပုံများအရ အဆိုပါ မြောင်းတူးဖော်မှုအတွင်း ရှေးဟောင်းအဆောက်အဦးများ၏ နစ်မြုပ်နေသည့် အုတ်ရိုးအပိုင်းအစများကိုတွေ့ရပြီး ထိုသို့မြေအနက်ထိ တူးဖော်မှုကို မလုပ်သင့်ကြောင်းနှင့် မြေသားအပေါ်ယံလွှာ တစ်ပေအထိသာ တူးဖော်သင့်ကြောင်း ပညာရှင်အချို့က ထောက်ပြပြောဆိုသည်။

သို့ပေမယ့် ရှေးဟောင်းသုတေသနဌာနဖက်ကတော့ မြောင်းတူးဖော်ရာတွင် GCP Point များစုဆောင်းကာ မြေအနက်အား တွက်ချက်ပြီးမှသာ တူးဖော်ကြောင်း တုံ့ပြန်ထားသည်။

“တူးတဲ့နေရာမှာ မြေလွှာ clear ဖြစ်ရင် စက်နဲ့တူးရတာရှိတယ် လူနဲ့တူးတာရှိတယ် စက်ကလဲ အကြီးကြီးမဟုတ်ဘူး တူးရင်း မြေကိုဘယ်လောက်နိမ့်ဆင်းသွားလဲ တွက်ချက်ပြီးမှ တူးတယ် အကိုတို့အနေနဲ့တော့ သေချာဆောင်ရွက်နေတယ် အကိုတို့ ကုမ္မဏီကိုလဲအပ်တယ် အကိုတို့ဝန်ထမ်းတွေလဲ သေချာလုပ်နေတယ်”ဟု ရှေးဟောင်းသုတေသနဦးစီးဌာန ပုဂံဌာနခွဲ၏ညွှန်ကြားရေးမှူး ဖြစ်သူ ဦးကျော်မျိုးဝင်းက ဆိုသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပုဂံမြို့ဟောင်းအတွင်း ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်မှုများ အားနည်းလာနေပြီး ယခုကဲ့သို့ ယူနက်စကို၏ အမွေအနှစ်ထိန်းသိမ်းရေး လမ်းညွှန်ချက်နှင့် သွေဖယ်သည့် အခြေအနေများပါ ရှိလာနေသည်။