လက်ခတ်တောင်အား လက်နက်ကြီး၊ တင့်ကားများ အသုံးပြုကာ စစ်ကြောင်းထိုးသော်လည်း ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ပြန်လည်ဆုတ်ခွာခဲ့ရ

Author လင်းခိုင်
Categories
Published on Aug 13, 2023

ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ လက်ခတ်တောင်အား စစ်ကောင်စီဘက်မှ လက်နက်ကြီးများ၊ တင့်ကားများ အသုံးပြုကာ ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် စစ်ကြောင်းထိုးသော်လည်း၊ KNLA ပူးပေါင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်သဖြင့် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က CJ Platform သို့ပြောကြားသည်။

စစ်ကောင်စီတပ်များသည် ဩဂုတ် ၁၃ ရက် မနက် ၅ နာရီခန့်မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး လက်ခတ်တောင်သို့ တက်ရောက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

“မနက်က မစ်ဇိုင်းတွေ၊ တင့်ကားတွေ အသုံးပြုပြီးတော့ ပစ်ခတ်တာ၊ ပြီးတော့ သူတို့တွေ အင်အား ၁၀၀ ကျော်လောက်နဲ့ တောင်ကို တက်လာတာ၊ ကျွန်တော်တို့ဘက်က‌နေ စနိုက်ပါနဲ့ ပစ်တာတင် ၁၀ ကျော်ရတယ်။ ကျန်တဲ့ အရေအတွက်ကတော့ စဉ်းစားသာကြည့်၊ အခုတော့ သူတို့ ပြန်ဆုတ်သွားပြီး လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ဩဂုတ် ၁၂ ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ၊ နယ်ခြားစောင့်တပ်(BGF) မှ ဗိုလ်မှူးကြီး စောချစ်သူ၏ မွေးစားသားအား တော်လှန်ရေးပူးပေါင်းတပ်များမှ စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့သည့်အပေါ် မကျေနပ်သဖြင့် ယခုကဲ့သို့ လက်နက်ကြီးပစ်ကူ အင်အားအများအပြားဖြင့် လာရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ရှင်းပြသည်။

“လက်ခတ်တောင်ကို စောချစ်သူကိုယ်တိုင် ဦးဆောင်ပြီးတိုက်မယ်လို့ ကြားတယ်လေ။ အခုတော့ ခွေးပြေးဝက်ပြေး ပြန်ပြေးသွားပြီ၊ လေယာဉ်တော့ လာဝဲတယ်။ ကင်းထောက်နေမယ်” ဟု မြေပြင်သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ခတ်တောင်အား ဇူလိုင် ၂၁ ရက်တွင် KNLA ၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Federal Wings ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီနှင့် BGF တပ်များသည် လက်ခတ်တောင်အား ပြန်လည်ရရှိရန် နေ့စဉ် လက်နက်ကြီးများပစ်ခတ်ခြင်းများပြုလုပ်ပြီးနောက် ဩဂုတ် ၇ ရက်တွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်သော်လည်း အကျအဆုံးများဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

လက်ခတ်တောင်အား သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီထံမှ ရိက္ခာအများအပြား၊ ၆၀ မမ စိန်ပြောင်း ၂လက်၊ ၆၀ မမ ၁၆ လုံး၊ ရှေ့ထွက်မိုင်း ၆လုံး၊ ကားမိုင်း ၉လုံး၊ jammer စက် ၂လုံး၊ မိုင်းရှာစက် ၂လုံး၊ စက်လက်ပြောင်း ၁ပြောင်း၊ ၄၀ မမ ၉လုံး၊ G3 ကျည်ဘောက် ၂ဘောက်၊ စစ်ခမောက် ၈လုံး၊ RPG ပို့ယမ်း ၃တောင့်၊ RPG သီး၁လုံး၊ ၇ဒသမ၆ ကျည် ၁၈၈၀ တောင့်၊ ၅ဒသမ၅၆ကျည် ၃၀၂တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။

လက်ခတ်တောင်သည် စစ်ရေးအရ အလွန်အရေးပါသည့် တောင်ကြောဖြစ်သဖြင့် စစ်ကောင်စီတပ်များသည် တောင်ကြောအား ပြန်လည်ရရှိနိုင်ရန် နေ့စဉ် စစ်ဆင်ရေးများ ပြုလုပ်နေခြင်းဖြစ်ကြောင်းလည်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။