အာဇာနည်နေ့ လှုပ်ရှားမှု ပြုလုပ်ခြင်းကြောင့် သာယာဝတီထောင်အတွင်း နိုင်ကျဥ်း (၃၀) ဦးကျော်အား နှိပ်စက်ကာ တိုက်ပိတ်ထား

Author ခေတ်နီ
Categories
Published on Aug 04, 2023

ပဲခူးတိုင်း သာယာဝတီအကျဥ်းထောင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့က ထောင်တွင်း အာဇာနည်နေ့ အထိမ်းအမှတ် ဖဲကြိုးနက် လှုပ်ရှားမှု ပြုလုပ်သည်ဟုဆိုကာ နိုင်ငံရေးအကျဥ်းသား ၃၁ ဦးကို ထောင်အာဏာပိုင်များမှ တိုက်ပိတ်နှိပ်စက်မှုများ ပြုလုပ်နေကြောင်း နိုင်ငံရေးအကျဥ်းသားများအား ကူညီပေးနေသူများထံမှ သိရသည်။

ဖဲကြိုးနက်လှုပ်ရှားမှု ပြုလုပ်သည်ဟု ဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်​နေ့တွင် ထောင်အာဏာပိုင်များမှ အကျဥ်းသား (၁၆) ဦးကို ခေါ်ဆောင်သွားကာ တိုက်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး နောက်တစ်နေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် အကျဥ်းသူ (၁၅) ဦးကို ထပ်မံ တိုက်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ပိတ်ခံရသူများကို အကျဥ်းထောင် အာဏာပိုင်များဘက်မှ ရိုက်နှက်မှုများ ရှိခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဥ်သား လေးဦးမှာ မေ့မျောခဲ့ကာ ထောင်တွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူတို့ လှုပ်ရှားမှုလုပ်နေတုန်းကို ထောင်အာဏာပိုင်တွေက ခေါ်သွားတာပေါ့ ၊မိသားစုတွေကိုတော့ ထောင်ထဲမှာ ပြဿနာဖြစ်လို့ ထောင်ဝင်စာပိတ်တယ်ဆိုပြီး ထောင်ဘက်က ပြောထားတာ၊ အပြင်ကို သတင်းပေါက်မှာ စိုးလို့လေ၊ထောင်ဝင်စာလဲ တစ်လပိတ်ထားတယ် “ဟု ထိုအခြေအနေများကို သိရှိသူ နိုင်ငံရေးအကျဥ်းသားများအရေး ကူညီလုပ်ဆောင်နေသူက ဆိုသည်။

တိုက်ပိတ်ခံထားရသူများသည် မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ ၊မနီလာစိမ်း ၊မဆုရည်ပိုင်၊ မဝတ်ရည်လွင် ၊မအေးသီတာကျော် ၊မရီရီဆွေ ၊မလွင်လွင်ညွန့်(ခ)အားဂျာ၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ ၊မရွှေရည်ညွှန့်(ခ)သဲသဲ ၊မယမင်းထက်၊မထူးထက်ထက်ဝေ ၊မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင်၊ ကိုသန်းတိုးအောင် ၊ကိုရန်နိုင်စိုး ၊ဦးလှစိုး ၊ကိုစုတ်ဖွားကြီး၊ တာမွေ ကိုဇွဲ (ခ)ကိုခင်မောင်ကျော်၊ Dr ကိုဂျိုး ၊ လက်ပံတန်း ကိုအိုဘီ၊ CDMစစ်ဗိုလ်ကြီးတစ်ဦးနှင့် အခြား အတည်မပြုရသေးသည့် နိုင်ငံရေးအကျဥ်းသားများ ဖြစ်ကြကာ ၎င်းတို့သည် အနည်းဆုံး ထောင်ဒဏ် ၃ နှစ် မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်ခံထားရသူများ ဖြစ်သည်။

ထိုသို့ နိုင်ငံရေးအကျဥ်းသားများအပေါ် ထောင်အာဏာပိုင်များဘက်မှ လုပ်ဆောင်နေမှုများအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ယခုလို မှတ်ချက်ပြုထားသည်။

“အကျဥ်းထောင်မှ သတ်မှတ်ထားတဲ့ ထောင်တွင်းလက်စွဲ ဥပဒေတွေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေတာပေါ့ ၊ပုံမှန်ဆို ထောင်ဆူပူမှု၊ ထောင်ဖောက်ရန် ကြံစည်မှုဖြစ်ရင်တောင်မှ သုံးကြိမ်သတိပေးရမယ်လို့ ထောင်ဥပဒေမှာ ပြဌာန်းထားတယ်ပေါ့နော်၊ ဒါပေမယ့်အခုက အာဇာနည်ခေါင်းဆောင်တွေရဲ့ ဝမ်းနည်းခြင်း အခမ်းအနားလုပ်တာ၊ အကျဥ်းသားတစ်ယောက်ဟာလဲ နိုင်ငံသားတစ်ဦးဖြစ်တဲ့ အတွက် ဒါဟာ ထောင်ရဲ့ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူး ၊အာဏာပိုင်တွေ အနေနဲ့ ဒါမျိုးလုပ်ဖို့ မလိုအပ်ဘူးလို့ မြင်တယ်၊နောက်တစ်ခုက အာဏာသိမ်းပြီး နောက်ပိုင်းမှာ ထောင်တွင်းမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို အာဏာပိုင်တွေဖက်က ချိုးဖောက်တာတွေ လုပ်နေဆဲပဲလို့ ပြောချင်တယ်”ဟု ကိုသိုက်ထွန်းဦးက ဆိုသည်။

ထိုနည်းတူ ပြီးခဲ့သည့် ဇွန်လ အတွင်းတွင်လည်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ ကျိုက်ဇကောအကျဥ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ရှစ်ဦးအား စစ်ကောင်စီတပ်မှ ထောင်ပြင်ခေါ်ထုတ်က သတ်ဖြတ်မှုဖြစ်စဥ်လည်း ရှိခဲ့သည်။

မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ အထိ စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရသူ စုစုပေါင်းသည် (၂၄၁၅၄) ဦးထိ ရှိနေပြီး (၆၉၄၅) ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရ​ကာ ၎င်းတို့အနက်မှ ၁၅၈ ဦးသည် သေဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ သိရသည်။