ဆောမြို့တွင် အမျိုးသမီးတစ်ဦးကို NUG လက်အောက်ခံ ပလဖ အဖွဲ့ဝင် ၈ဦး အဓမ္မကျင့်မှုကို အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေဟု မြို့နယ် ပအဖ ပြောကြား

Author CJ Platform
Categories
Published on Aug 03, 2023

ဆောမြို့တွင် အမျိုးသမီးတစ်ဦးကို NUG လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အဖွဲ့ဝင် ၈ဦး အဓမ္မကျင့်မှုကို အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်နေဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံက သြဂုတ် ၃ရက်နေ့တွင် CJ Platform သို့ ပြောကြားသည်။

မကွေးတိုင်း ဆောမြို့နယ်အတွင်း ခိုးမှုဖြင့် အချုပ်ကျနေသည့်အမျိုးသမီးတစ်ဦးကို တိုက်နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၈ဦးက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ သတင်းမှာ သြဂုတ် ၂ရက်နေ့တွင် ယောအလင်းတန်း လူမှုကွန်ယက်စာမျက်နှာမှ တဆင့် ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဥ်ကို CJ Platform သတင်းဌာနမှ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ်ကို အတည်ပြုခဲ့ပြီး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်စဥ်မှာ ပြီးခဲ့သည့် ဧပြီလအတွင်း ဆောမြို့နယ်အတွင်းမှာ ခိုးမှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့် အမျိုးသမီးတစ်ဦးကို ၎င်းအား ချုပ်နှောင်ထားသည့် အချုပ်ခန်းအား ကင်းစောင့်ရန် တာဝန်ကျသည့် တိုက်နယ် ပလဖ အဖွဲ့ဝင် ၈ဦးမှ ခြိမ်းခြောက်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ပွားပြီးနောက် ဆောတိုက်နယ် ပလဖ တာဝန်ရှိသူမှ ကျူးလွန်ခံရသူ အမျိုးသမီးအား ငွေကျပ် ၆သိန်းဖြင့် အမှုကြေအေးစေကာ ထိုအမျိုးသမီးကိုလည်း အချုပ်သားအဖြစ်မှ ပလဖ အဖွဲ့ဝင်အဖြစ် ပြောင်းလဲကာ ဖြစ်စဥ်အား ဖုံးကွယ်ထားခဲ့ကာ ကျူးလွန်ခဲ့သည့် ပလဖ အဖွဲ့ဝင် ၈ဦးကိုလည်း မည်သည့် အရေးယူမှု တစုံတရာမှ မလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး တစ်လခန့်အကြာတွင် အဆိုပါ ဖြစ်စဥ်အား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သိရှိပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ လက်ရှိတွင်တော့ အဓမ္မမှုကျူးလွန်ခဲ့သည့် ပလဖ အဖွဲ့ဝင်များကို ဖမ်းဆီး ထိန်းသိမ်းထားပြီဖြစ်ကြောင်း သိရသည်။

“လက်ရှိကတော့ ကျူးလွန်တဲ့ ပလဖ အဖွဲ့ဝင်တွေကို ဖမ်းဆီးထားတယ်၊ ဖမ်းဆီးတာကတော့ လွန်ခဲ့တဲ့ တစ်လကျော်လောက်တည်းက ဖမ်းဆီးထားတာ၊ ရှေ့ဆက်ပြီး သူတို့ကို ဥပဒေနဲ့ အရေးယူနိုင်ဖို့ ဝန်ကြီးဌာနဘက်ကို အကြောင်းကြားထားပြီးပြီ ၊တရားစွဲဆို့ဖို့ အမှုတွဲတွေလဲ တင်ထားပါပြီ “ဟု ဆောမြို့နယ် ပအဖ တာဝန်ခံ ဒေါက်တာကြည်စိုးထွန်းမှ CJ Platform၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားသည်။

လက်ရှိတွင် ကျူးလွန်ခံရသည့် အမျိုးသမီးအား ဆောမြို့နယ် ပလဖ နှင့် ပအဖ အဖွဲ့တို့မှ ကူညီစောင့်ရှောက် ပေးထားကြောင်း သိရသည်။

ထိုသို့ ဖြစ်ရပ်ဖြစ်ပွားခဲ့သည့်အပေါ် ကျူးလွန်သူများကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ကြရန်လည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

“ဒါအရှိတရားပါဘဲ။ အဲ့အတွက် NUGအစိုးရအနေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေကိုလည်း မေ့ထားလို့မရပါဘူး။ ပြစ်မှုကျူးလွန်ရင် ကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်”ဟု ဆိုသည်။

အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ စ်တ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးများအပေါ် အာမခံချက် မရှိတော့ကြောင်းလည်း အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။