ရန်ကုန်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နေရာအချို့ ရေကြီးရေလျှံနေသော်လည်း နေပြည်တော်တွင် မိုးခေါင်နေမှုကြောင့် သီးနှံစိုက်ပျိုးရေးများပါ အခက်အခဲဖြစ်နေ

Author ခွန်ဆိုင်း
Categories
Published on Aug 01, 2023

ရန်ကုန်မြို့အပါအဝင် နေရာအချို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီခေါင်းဆောင်များ အခြေစိုက်သည့် နေပြည်တော်နှင့် အနီးဝန်းကျင်တွင် မိုးခေါင်နေမှုကြောင့် သီးနှံစိုက်ပျိုးရေးများပါ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဗိုလ်ချုပ်များ အခြေစိုက်ရာ နေပြည်တော်နှင့် အနီးတဝိုက်တွင် မိုးရွာသွန်းမှုနည်းပါးပြီး မိုးခေါင်နေခြင်းကြောင့် အချို့ စိုက်ပျိုးသီးနှံများ ပျက်စီးမည့် အရေးနှင့် ရင်ဆိုင်နေရပြီး ရေသွင်း စိုက်ပျိုးခြင်းများကိုပါ လုပ်ဆောင်နေရကြောင်း ဒေသခံများကပြောသည်။

“ ကျမတို့ နေပြည်တော် ၊ ရမည်းသင်းဘက်မှာ မိုးမရွာတာ အတော်ကြာပြီ စိုက်ပျိုးရေးသီးနှံတွေ မဖြစ်ထွန်းဘူး အထူးသဖြင့် ငရုတ်တို့ ပဲတို့စိုက်တာ မိုးမရွာတော့ ငုတ်တုတ်တွေမေ့တာပဲ” ဟု ဒေသခံ တောင်သူအမျိုးသမီး တစ်ဦးကပြောသည်။

ရန်ကုန်မြို့တွင်မူ ယမန်နေ့မှစတင်၍ မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး ရန်ကုန်မြစ်ရေသည်လည်း မြင့်တက်လာနေကြောင်း သိရသည်။

“ရန်ကုန်မှာ မနေ့ထဲက မိုးရွာတာ ခုထိ မရပ်သေးပါဘူးနားလိုက်ရွာလိုက်ပါပဲ ရန်ကုန်မြစ်ရေလည်း တက်လာတယ်.. ပန်းဘဲတန်းတဝိုက်ဆို မနေ့က နေ့လယ်ပိုင်းက ရေက ဒူးဆစ်ထိမြုပ်ပါတယ်”ဟု ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့ စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒထုတ်ပြန်ချက်တွင် “ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။