စီးပွားဖြစ် ခဲတူးဖော်မှုလုပ်ငန်းကြောင့် ကံပေါက်ဒေသရှိ ဒီရေတောအချို့ ပျက်စီးမှုများ ဖြစ်ပေါ်နေ
တနင်္သာရီတိုင်းဒေသကြီး ၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် ကင်းဘုရားစေတီအနီးရှိ ဒီရေတောနေရာများတွင် စီးပွားဖြစ် “ခဲ” တူးဖော်မှု လုပ်ငန်းကြောင့် ဒီရေတော ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ခဲတူးဖော်သည့် လုပ်ငန်းစုစုပေါင်း ဧရိယာသည် ဧက ၁၀၀ နှင့် အထက်ရှိကြောင်း၊ ဒီရေတော ခြံပိုင်ရှင်များအား ခဲတူးဖော်မည့် လုပ်ငန်းရှင်များမှ တစ်ဧကလျှင် ကျပ်သိန်း ၅၀ မှ သိန်း ၈၀ ပေးဝယ်ယူပြီး ခဲတူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။
“အရင်ကတော့ ဝက်နားခရုတို့ ဂဏန်းတို့ ရှာလို့ရသေးတာပေါ့ ၊အခုလို အပင်တွေခုတ်လိုက်လို့ ဒီရေတော မရှိမှတော့ ကျွန်တော်တို့က ဘယ်မှာရှာရဦးမလဲ”ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောကြားသည်။
အဆိုပါ ခဲ တူးဖော်မှုလုပ်ငန်း ကို ယခုနှစ် မေလအတွင်းက စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လက်ရှိတူးဖော်နေသည့် လုပ်ငန်းနှစ်ခုနှင့် စတင်တူးဖော်ရန် ပြင်ဆင်နေသော လုပ်ငန်းတစ်ခုရှိကြောင်း၊ ခဲတူးဖော်ရန်အတွက် ဒီရေတောအတွင်းရှိ ယောပင် ၊လမုပင်နှင့် ဓနိပင်များကို တူးဖော်ရေးစက်ကြီးများနှင့် ဦးစွာခုတ်ထွင်ရှင်းလင်းမှုများ ပြုလုပ်ခြင်းကြောင့် သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှု ကြုံတွေ့လာနိုင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ကံပေါက်ဒေသရှိ ဒီရေတောအတွင်း ဝက်နားခရု ၊ပုဇွန် ၊ဂဏန်း ၊အခြားသော ပင်လယ်စားစရာများနှင့်အိ မ်အမိုးအကာအတွက် အသုံးပြုနိုင်သော ဓနိဖက်များလည်း ထွက်ရှိကြောင်း ယခုကဲ့သို့ ဒီရေတောများ ခုတ်ထွင် ရှင်းလင်းခံရသည့်အတွက် ရေလုပ်ငန်း လုပ်ကိုင်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု ရေလုပ်သား တစ်ဦးက ဆိုသည်။
“ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းရင် ဒီရေတောမှာ နေထိုင်တဲ့ ရေနေသတ္တဝါတွေ ရှားပါးလာမှာ၊ နောက်ပြီးတော့ ဒီရေတောဆိုတာ မုန်တိုင်းဒဏ်ကို ကာကွယ်ပေးတဲ့ အမျိုးအစား၊ အခုလို ပြီးစလွယ် လုပ်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဖြစ်ကိုဖြစ်လာမှာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ဒီရေတောအတွင်း ခဲ တူးဖော်မှုအား ကော့သောင်းမြို့၊ ပဲခူးမြို့ ၊ ရွှေကျင်မြို့ နှင့် ဒေသခံ ခဲလုပ်ငန်းရှင်များ ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ဒီရေတောများသည် ကမ်းရိုးတန်း ရေတိုက်စားမှုကို ထိန်းချုပ် ကာကွယ်ပေးနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းပေးနိုင်ခြင်းနှင့် ကာဗွန်စုဆောင်းခြင်းစသော ကောင်းကျိုးများကို ဆောင်ရွက်ပေးသည်။
ဦးသန်းရွှေ ဦးဆောင်သည့် စစ်အစိုးရလက်ထက်တွင် ဒီရေတောများအား အလွန်အကျွံခုတ်ခြင်း၊ ဒီရေတောများမှ မီးသွေးထုတ်ယူခြင်းများကို လုပ်ဆောင်ခဲ့သည့်အတွက် ဒီရေတောများ ပျက်စီးခဲ့ပြီး ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခိုက်မှုကြောင့် မုန်တိုင်းဒဏ်ကာကွယ်ပေးသည့် ဒီရေတောများ နည်းပါးခဲ့သည့်အတွက် ပြည်သူအများအပြား သေဆုံးခဲ့သည့် ဖြစ်စဉ်ကိုလည်း သဘာဝတ်ပတ်ဝန်းကျင် ပညာရှင်များက ထောက်ပြခဲ့ကြသည်။