ပဲခူးမြို့တွင် လျှပ်စစ်မီး ပုံမှန်မရရှိသဖြင့် အသေးစား အထည်ချုပ်လုပ်ငန်းများ ရပ်နားထားရပြီး အလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာ

Author မိုးည
Categories
Published on Jul 13, 2023

ပဲခူးမြို့တွင် လျှပ်စစ်ဓာတ်အား လျှော့ချမှုကြောင့် နေ့ အချိန်တွင် မီးမလာ သဖြင့် အသေးစား အထည်ချုပ်လုပ်ငန်းများ ရပ်နားထားရကြောင်း ပဲခူးမြို့ဒေသခံများထံမှ သိရသည်။

ကျနော်တို့ရက်ကွက်မှာ မီးက နေ့ခင်းဆို မလာဘူး၊ လူအိပ်ချိန် ည ၉ နာရီမှာ လာတယ်၊ ဆက်တိုက်လာပြီး မိုးမလင်းခင် ၄ နာရီဆို မီးပြတ်တယ်၊ အိမ်မှာက အပ်ချုပ်စက် ၅ လုံး၊ မော်တာစက် ၂ လုံးနဲ့ ဝန်ထမ်း ၇ယောက်လောက်နဲ့ အထည်ချုပ်တာ၊ အသေးစားလုပ်ငန်းပေါ့၊ ချုပ်စက်က မီးမလာတော့ အလုပ်မဖြစ်ဘူး၊ မီးစက်နဲ့ဆို ဆီဈေးကြီးတော့ တွက်ချေမကိုက်ဘူး၊ ခုတော့ လုပ်ငန်းခဏ ရပ်နားထားတယ်”ဟု အမည်မဖော်လိုသူ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်နေသူ ပဲခူးဒေသခံ တစ်ဦးမှ CJ Platform သို့ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အရပ်သားအစိုးရ လက်ထက်တွင် နိုင်ငံအနှံ့ လျှပ်စစ်မီးများ ၂၄ နာရီနီးပါး ရရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင်မူ ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင်ပါ လျှပ်စစ်မီးများ ပြတ်တောက်မှု ပိုမိုဆိုးဝါးလာခဲ့သည်။

“လောလောဆယ် အလုပ်နားထားတာဆိုတော့ လစာတော့ မရတော့ဘူးပေါ့နော်။ အလုပ်ရှင်တွေက မီးမလာတော့ ရပ်နားကုန်တာ၊ နယ်ကလာပြီး အလုပ်လုပ်တာဆိုတော့ အခက်ခဲမျိုးစုံပါပဲ၊ မိဘဆီ လစာ ပြန်ထောက်ပံ့လို မရတော့ဘူး၊ အဆောင်းငှားခနဲ့ ထမင်းစားဖို့ အဆင်ပြေအောင် ဈေးရောင်း ဖြေရှင်းနေရတာပေါ့။ ဈေးရောင်းရတာ ထင်သလောက် မလွယ်ဘူးဆိုတော့ ပင်တော့ပင်ပန်းတာပေါ့၊ အရင်အလုပ်နဲ့က တခြားဆီဖြစ်နေတာ ဆိုတော့လေ” ဟု နယ်မြို့မှ လာရောက်လုပ်ကိုင်နေသော အထည်ချုပ် အလုပ်သမား တစ်ဦးက ဆိုသည်။

ထို့ပြင် ပဲခူးမြိုတွင် အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ပုံမှန်မရရှိမှုကြောင့် တစ်နိုင်တစ်ပိုင် အသေးစား အထည်ချုပ်လုပ်ငန်း ၅ ခု ထက်မနည်း ရပ်နားထားရပြီး အလုပ်သမားဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်ခဲကြုံနေရကြောင်း အဆိုပါ ဝန်ထမ်းကဆိုသည်။