ဇေကမ္ဘာစက်မှုဇုန်က ချွေးနှဲစာကို လုယက်ကြသူများ

Author ကိုပေါက်
Categories
Published on Jul 01, 2023

မနက်က မိုးအနည်းငယ်ရွာထား၍ ဇေကမ္ဘာဝင်းထဲ လူရှင်းနေသည်။ မိုးရွာထား၍ ကတ္တရာလမ်းမပေါ်တွင် ပြောင်ရှင်းနေပြီး ဆိုင်ကယ်ပေါ်က ကတ္တလမ်းကို ကြည့်ပါက အရိပ်ပင် မြင်နေရသည်။

မိုးရွာထား၍ အန္တရာယ်မဖြစ်စေရန် ဦးဘတူ(အမည်လွဲ)က ဆိုင်ကယ်ကို အရှိန်လျှော့မောင်းနေသည်။ ဇေကမ္ဘာ ၁၁ လမ်းအရောက်တွင် သေနတ်လွယ်ထားသည် စစ်ကောင်စီ တပ်သားသုံးဦးက လှမ်းတားပြီး ဆိုင်ကယ်ရှေ့တွင် အရပ်ဝတ်နှင့် အမျိုးသားနှစ်ဦး စီးလာသည့် ဆိုင်ကယ်တစ်စီးက ပိတ်ရပ်လိုက်သည်။ရပ်ပြီးသည်နှင့် သော့ကို ဆတ်ကနဲ့ဆွဲယူလိုက်သည်။

“ငါတူတို့ရယ် ဦးလေးက ကယ်ရီသမားပါ ခရီးသည် သွားကြိုပြီးပြန်လာတာ စျေးသွားရောင်းရမှာမို့ လွှတ်ပေးပါကွာ”ဟု ဦးဘတူက တောင်းပန်ရှာသည်။

“ဟုတ်ပါတယ် ဆရာကြီးတို့ရယ် စျေးကြိုပြီးပြန်လာတာပါ “ဟု ကန်စွန်းရွက်ထုပ်ကြီးကို လက်မှာပိုက်ကာ ခရီးသည် အမျိုးသမီးက ထောက်ခံပြောဆိုနေသည်။

ထိုစဥ် ဆိုင်ကယ်ဖမ်းဆီးထားသည့်အဖွဲ့မှ စစ်သားတစ်ဦးက “ခင်ဗျားမှာ ဘယ်လောက်ပါလဲ “ဆိုသည့် စကားသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“အခုမှ ဆိုင်ကယ်စပြီးဆွဲတာ သုံးထောင်ပဲရသေးတယ်”ဟုဆိုကာ ဦးဘတူ အကျီအိတ်ကပ်ထဲမှ ဟောင်းနွမ်းနေသည့် တစ်ထောင်သုံးရွက်ကို ထုတ်ပြလိုက်သည်။

“သုံးထောင်တော့မရဘူး ငါးထောင်ပြည့်အောင်ပေး ပေးပြီးရင် ဆိုင်ကယ်ယူသွား “ဟု စစ်သားက ပြန်ပြောသည်။

စျေးဆစ်၍ မရသည့်အဆုံး ခရီးသည် စျေးသည်အမျိုးသမီးမှ နှစ်ထောင်စိုက်ပေး၍ ငါးထောင်ပေးကာ ဆိုင်ကယ်ရွေးခဲ့ရသည်ဟု ဦးဘတူက သူ၏အဖြစ်အပျက် ပြန်ပြောပြသည်။

ဦးဘတူသည် မြောက်ဥက္ကလာပမြို့နယ် ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် နေထိုင်ပြီး ယခင်က ဆိုက်ကားနင်းကာ မိသားစုစားဝတ်နေရေးပြသနာကို ဖြေရှင်းခဲ့ပြီး ခေတ်ကာလအလျှောက် ဆိုင်ကယ်ကယ်ရီအလုပ်ကို ပြောင်းလဲလုပ်ကိုင်ခဲ့သည်ဟု ပြောသည်။

“ဆိုက်ကားကို လူတွေက မစီးကြတော့ဘူး ဒီလမ်းကို သွားမယ် တစ်ထောင်ကျမယ်ဆိုပါတော့ အဲ့ကျရင် တစ်ထောင်ချင်းအတူတူ ဆိုင်ကယ် ဒါမှမဟုတ် ဘေးတွဲပဲစီးကြတယ် အာ့ကြောင့် ကယ်ရီဆွဲတာ “ဟု ပြောသည်။

ဆိုင်ကယ်ကယ်ရီ မောင်းနှင်ရာတွင် ဂိတ်အထိုင်ဖြင့် မောင်းပါက တွက်ခြေမကိုက်၍ မိမိအသိအကျွမ်းဖြစ်သူ ခရီးသည်များကို လိုက်လံပို့ဆောင်ရသည်က ပို၍တွက်ချေကိုက်သည်ဟု ဦးဘတူက ပြောသည်။

“ဂိတ်မှာသွားဆွဲရင် အစီးနှစ်ဆယ်ရှိရင် အလှည့်နဲ့ထွက်ရတော့ ပိုက်ဆံမရဘူး အာ့ကြောင့် ကျနော်က ခရီးသည်တွေကို ဖုန်းနံပါတ်ပေးထားတယ် ကိုယ့်ဖောက်သည်နဲ့ကိုယ်ကျတော့ ပိုရတာပေါ့ ဒါပေမဲ့ စစ်တပ်က ဖမ်းတဲ့နေဆို အိမ်ပြန် ပိုက်ဆံမပါဘူး”ဟု ပြောသည်။

ဇေကမ္ဘာဝင်းအတွင်းသို့ ဆိုင်ကယ်ကယ်ရီများ ခရီးသည် လိုက်ပါပို့ဆောင်ရသည့်အခါ လက်နက်အားကိုးဖြင့် မိမိလုပ်အားခကို ခေါင်းပုံဖြတ်နေသည့် ဆိုင်ကယ်ဖမ်းသည့် အဖွဲ့ကြောင့် စိတ်ဆင်းရဲရသည်ဟု ဆင်ခြေဖုံးကျေးရွာနေသူတစ်ဦးက ပြောသည်။

“ဇေကမ္ဘာထဲမှာ ၆ လမ်း ၈ လမ်း ၉ လမ်း ၁၁ လမ်း ဘိုးသိန်းကွေ့ အဲ့ဒီနေရာတွေမှာ ဖမ်းတာ စစ်သားသုံးယောက် အရပ်ဝတ်နဲ့က သုံးယောက် စစ်သားတွေမှာ သေနတ်တွေပါတယ် တစ်ခါတစ်လေ စစ်သား နှစ်ယောက်ပဲပါတယ် ဖမ်းတာမဟုတ်ဘူး ဓားပြတိုက်တာ ရသလောက် ပါသလောက် ယူတာ”ဟု ရှင်းပြသည်။

ဆိုင်ကယ်များကို အမျိုးအစားကြည့်ကာ အသစ်နီးပါးသန့်ပါက ပြန်မပေးဘဲ ယူထားပြီး ဟောင်းနွမ်းနေသည့် ဆိုင်ကယ်များကို နှစ်သောင်းမှ သုံးထောင်အထိ တောင်းသည်ဟု မင်္ဂလာဒုံမှ ကယ်ရီသမားတစ်ဦးက ပြောသည်။

“ကျနော့်တုန်းက ဇေကမ္ဘာ ခြောက်လမ်းထိပ်မှာ ဖမ်းတာ ဆိုင်ကယ်နှစ်စီးနဲ့ လိုက်ဖမ်းတာ သေနတ်တွေနဲ့ဆိုတော့ ရပ်ပေးလိုက်တယ် စစ်သားတစ်ယောက်က ဆိုင်ကယ်ပေါ်က ဆင်းလာပြီး သုံးသောင်းပေးဆိုပြီး တန်းပြောတာ ကယ်ရီဂိတ်က အင်္ကျီလည်းပါတယ် ခရီးသည်လည်းပါတယ် ကယ်ရီသမားလို့ပြောတာ မရဘူး မနက်ကတည်းက နေ့လယ်အထိ ဆွဲလို့ရတဲ့ ကယ်ရီခတွေ ရှစ်ထောင်ပေးလိုက်ရတယ်”ဟု ပြောသည်။

ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲသည့် ရက်များတွင် စစ်ကောင်စီတပ်ဦးဆောင်သည့် ဆိုင်ကယ်ဖမ်းဆီးရေးအဖွဲ့မှာ ရပ်ကွက်အတွင်းထိ လိုက်လံဖမ်းဆီးခြင်းများရှိသည်ဟု ရွှေပေါက်ကံမြို့မှ ကယ်ရီသမားတစ်ဦးက ပြောသည်။

“အိမ်က သမီးကို ထမင်းချိုင့်သွားပို့တာ ဘိုးသိန်းလမ်းမှာ စစ်တပ်နဲ့သွားတိုးရော ဆိုင်ကယ်ဦးထုတ်လည်း ဆောင်းထားတယ် လူအပိုမပါဘူးဆိုတော့ အေးဆေးပေါ့ ရေတပ်ဝတ်စုံဝတ်ထားတဲ့ စစ်သားက ငါးထောင်တောင်းတယ်၊ မပါဘူးလို့ပြောတာ မရဘူး လိုက်ရှာခိုင်းတယ် သော့ပြန်မပေးဘူး ကျနော်လည်း လမ်းမှာတွေ့တဲ့ ဆိုင်ကယ်တွေဆီက တစ်ထောင်စီတောင်းပြီး လေးထောင်ပေးလိုက်မှ သော့ပြန်ပေးတယ်”ဟု သူ၏အဖြစ်အပျက်ကို ပြောပြသည်။

ဆိုင်ကယ်ဖမ်းဆီးရာတွင် ပါဝင်သည့်စစ်ကောင်စီတပ်သားများမှာ အသက်အရွယ်ကြီးသူများဖြစ်ကာ စစ်ကောင်စီတပ်သားများနှင့်အတူ အရပ်ဝတ်နှင့် အမျိုးသားသုံးဦးမှ လေးဦးအထိ ပါဝင်ပြီး ဖမ်းဆေးစစ်ဆေးရာတွင် ပြန်လည်ပြောဆိုသူများကို ထိုးကြိတ်လေ့ရှိသည်ဟု ထောက်ကြန့်
မှ ကယ်ရီသမားတစ်ဦးက ပြောသည်။

“ကျနော့် ညီတစ်ယောက် နွယ်ခွေကနေ ဇေကမ္ဘာဝင်းထဲပါသွားတာ စစ်တပ်က ဖမ်းတယ် ပိုက်ဆံ နှစ်ထောင်ပဲ ပါတယ်ပြောတော့ အဲ့ပိုက်ဆံနဲ့ ဘီယာသွားဝယ်ခိုင်းတယ် ဆိုင်ကယ်ဆီမရှိလို့ ပြောတာကို ပြန်ပြောတယ်ဆိုပြီး ဝိုင်းထိုးကြတယ် နောက်ဆို ဇေကမ္ဘာထဲ မလိုက်ရဲတော့ဘူး”ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဇေကမ္ဘာစက်မှုဇုန်အတွင်း လူသတ်မှု ၊လုယက်မှုများဖြစ်ပေါ်ခဲ့ပြီး လုယက်ခံရသူများတွင် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများလည်း ပါဝင်သည်။

Taxi ယာဥ်မောင်းများ သတ်ဖြတ်ခံရခြင်း၊ အလုပ်လာလျှောက်သူများ ရိုက်နှက်လုယက်ခံခြင်းနှင့် ဆိုင်ကယ်ကယ်ရီသမားများ ဆိုင်ကယ်ရိုက်လုခံရခြင်းများ မကြာခဏ ဖြစ်နေသော်လည်း ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိခြင်းမရှိပေ။

ပြီးခဲ့သည့် နှစ်များက ဇေကမ္ဘာစက်မှုဇုန်အတွင်း ကားနှင့်ဆိုင်ကယ်များကို ဖမ်းဆီးကာ ငွေကြေးတောင်းခံနေသည့် ရဲဝန်ထမ်းဟောင်းသုံးဦးနှင့် စစ်မှုထမ်းဟောင်းနှစ်ဦးကို စစ်တပ်မှပင် ပြန်လည် ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်ဟု မင်္ဂလာဒုံမြို့မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အဲ့ဒီတုန်းက ဇေကမ္ဘာထဲမှာ ရဲလိုလို စစ်တပ်လိုလိုနဲ့ အဖွဲ့ကိုဖမ်းလိုက်တုန်းက ကယ်ရီသမားတွေ ပျော်ကြသေးတယ် မင်္ဂလာဒုံရဲစခန်းမှာ အမှုဖွင့် စစ်ဆေးတယ်ပဲ ကြားလိုက်ရတယ် နောက်ဘာမှ မကြားရတော့ဘူး “ဟု ပြောသည်။

ရန်ကုန်တွင် ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်သည့် လှိုင်သာယာ၊ တွံတေး ၊ဒလ ၊ခရမ်း၊ သုံးခွနှင့်သန်လျင် ၊သာကေတ ၊တောင်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းအစရှိသည့် မြို့နယ်များတွင် ဆိုင်ကယ်စီးခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထား၍ ကယ်ရီမောင်းနှင်သူများ အခက်အခဲနှင့် ရင်ဆိုင်ကြရသည်။

စစ်ကောင်စီတပ်နှင့် ရဲများသည် ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်စဥ်များတွင် အမှန်တကယ် ကျူးလွန်သူများကို ဖမ်းဆီးနိူင်ခြင်းမရှိဘဲ အရပ်သားပြည်သူများ၏ စားဝတ်နေရေး ထိခိုက်နိူင်မည့် ဆိုင်ကယ်စီးခွင့်ပိတ်ခြင်းမှာ မှားယွင်းသည်ဟု အငြိမ်းစား ရဲဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

“အဲ့ဒါ ဦးနေဝင်းတို့ ဦးသန်းရွှေတို့ လမ်းစဥ်အတိုင်းပဲ မရှိ ရှိတဲ့သူ ဖမ်းဆိုတာမျိုး အဲ့လို ဘာလို့လုပ်လဲဆိုတော့ PDF နဲ့ အရပ်သားကို လှည့်ပြီးရန်တိုက်တာ မင်းတို့လုပ်လို့ ငါတို့ ဆိုင်ကယ်တွေ မမောင်းရတာဆိုတဲ့ ဆိုက်ဝါးမျိုး အမှန်က မဆိုင်ဘူးလေ ရဲအလုပ်ရဲလုပ်ရမယ် စစ်တပ်အလုပ် စစ်တပ်လုပ်ရမယ် ပစ်တဲ့သူရအောင်ရှာဖမ်းရမှာ သူတို့အလုပ်လေ ဆိုင်ကယ်မစီးခိုင်းတော့ရော လာမပစ်ဘူးလား “သုံးသပ် ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆိုင်ကယ်စီးခွင့်ကို ၁၉၉၉ ခုနှစ်တွင် နအဖအစိုးရမှ စတင် ပိတ်ပင်ထားခဲ့သော်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်ပြင်ပ မြို့နယ် ၁၁ မြို့နယ်ကို ခွင့်ပြုထားခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဆိုင်ကယ်မစီးရသည့် မြို့နယ်များတွင် ပြောင်းလဲပြင်ဆင်ထားသည့် မော်တော်ယာဥ်ဥပဒေအရ အရေးယူမည်ဆိုပါက ထောင်ဒဏ် ခြောက်လမှ တစ်နှစ်အထိ ချမှတ်နိူင်သည်ဟု ရှေနေတစ်ဦးက ပြောသည်။

“ပုဒ်မ ၇၆ (က) (ခ) (ဂ) နဲ့အများဆုံးအမှုဖွင့်တာပေါ့ ပုဒ်မ ၇၆ (က) နောက်ကြည့်မှန်၊ အိတ်ဇောမပါဘဲမောင်းတာ ၊၇၆(ခ) က ရှေမီး နောက်မီး အချိန်ပြည့် ဖွင့်မမောင်းတာ ၇၆(ဂ)က ဦးထုတ်မဆောင်းတာ ဒဏ်ငွေ သုံးသောင်းပဲဆောင်ရတယ် အခုကတော့ လုပ်ချင်သလို လုပ်နေတာ ဥပဒေက
သူတို့ ပါးစပ်ထဲမှာပဲ ရှိတာ”ဟု ရှင်းပြသည်။

ဒီလိုဥပဒေတွေ ထုတ်ပြန်နေပေမဲ့ စားဝတ်နေရေးအတွက် ဖမ်းဆီးခံရတာနဲ့ လုယက်မှာကို ကြောက်လန့်သည့်ကြားမှ စားဝတ်နေရေးအတွက် ကယ်ရီဆွဲနေရသူများလည်းရှိနေခဲ့သည်။

ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နမိတ်ပြင်ပ မြို့နယ် ၁၁ မြို့နယ်တွင် ဆိုင်ကယ်စီးနင်းခွင့် ပြုသော်လည်း ယခုအခါ ခရမ်း ၊သုံးခွ၊ သန်လျင်၊ ဒလနှင့် တွံတေးမြိုနယ်တို့တွင် ဆိုင်ကယ်စီးခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်ထားဆဲပင် ဖြစ်သည်။

မိုးဖွဲလေးတွေကြား ဇေကမ္ဘာစက်မှုဇုန်အတွင်းက တရစပ်မောင်းပြေးလာသော ဆိုင်ကယ်ကယ်ရီကိုကြည့်ရင်း ဦးဘတူတစ်ယောက် “နှဖူးကချွေးခြေမကျအောင် ရှာထားတဲ့ ငါတို့ ပိုက်ဆံတွေကို လုယက်နေတဲ့ မင်းတို့လည်း ငါတို့လည်း အခက်အခဲနဲ့ မကြုံပါစေနဲ့လို့ပဲ ဆုတောင်းတယ်”ဟု ဇေကမ္ဘာစက်မှုဇုန်ကြီးကို ငေးကြည့်ရင်း တီးတိုးပြောသည်။