စက်တင်ဘာ ၇ရက်မှစတင်ကာ တစ်နိုင်ငံလုံးမိုးပို၍ ဒေသအလိုက်မိုးကြီးနိုင်

Published on Sep 03, 2022

စက်တင်ဘာ ၇ ရက်မှ စတင်ကာ တစ်နိုင်ငံလုံးမိုးပိုလာပြီး ဒေသအလိုက် မိုးကြီးမှုများဖြစ်နိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် လာမည့် ၅ရက်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပြီး ပိုမိုအားကောင်းကာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်မည်ဟု ၎င်းကဆိုသည်။

“ECMWF MODEL ခန့်မှန်းချက်က စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းက စပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စ တင်ဖြစ်ပေါ်နိုင်ကြောင်း အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ တစ်ချိန်ထဲမှာဘဲ ဗီယက်နန်နဲ့ ကမ္ဘောဒီယားနိုင်ငံတွေပေါ်မှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းတစ်ခုကလဲ ဖြစ်ပေါ်လာနိုင်ကြောင်းကြိုတင်ခန့်မှန်းထားတာတွေ တွေ့ရပါတယ်”ဟုဦးဝင်းနိုင်ကပြောသည်

သို့သော် GFS MODELခန့်မှန်းချက်တွင် ပိုမိုအားကောင်းသော လေဖိအားနည်းရပ်ဝန်း/မုန်တိုးင်ဖြစ်လာနိုင်သည်ကို တွေ့ရပြီး ECMWF MODELခန့်မှန်းချက်တွင်အားပျော့သည့် မုန်တိုင်းငယ်တစ်ခုသာဖြစ်နိုင်သည်ကို တွေ့ရကြောင်း ဦးဝင်းနိုင်ကဆိုသည်။

“ဒီအခြေအနေကြောင့် နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း(စက်တင်ဘာလ ၇ ရက်မှ စတင်၍)တစ်နိုင်ငံလုံးမှာ မိုးပိုလာနိုင်ပြီး ဒေသအလိုက်မိုးကြီးနိုင်မှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်”ဟု ဦးဝင်နိုင်က ပြောကြားသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ပထမဆယ်ရက်ပတ်မိုးလေဝသခန့်မှန်းချက်တွင်လည်း ဘဂ်လားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခုဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။