ရန်ကုန် ပြောက်ကျားသပိတ်များအတွက် အန္တရာယ်အများဆုံး စိန်ခေါ်မှုမှာ CCTV မှတ်တမ်းများဟု ရေဘဝဲ ဆို

Author နာဂျင်
Categories
Published on Jun 12, 2023

ရန်ကုန်ပြောက်ကျား သပိတ်များအတွက် အန္တရာယ်အများဆုံး စိန်ခေါ်မှုမှာ CCTV မှတ်တမ်းများဖြစ်ကြောင်း ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌ ကပြောသည်။

ရန်ကုန်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်နေသည့်ကြားက မြို့ပြ ပြောက်ကျားသပိတ်ပွဲပြုလုပ်ရသည်မှာ အန္တရာယ်များစွာရှိကြောင်း နှင့် အထူးဂရုပြု လုပ်ဆောင်နေရကြောင်း ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌ ကပြောသည်။

“ပြောက်ကျားသပိတ်တွေအတွက် စိန်ခေါ်မှုတွေက အများအပြားရှိပါတယ် ခင်ဗျာ။ အဲ့ဒီထဲကမှ ဖော်ပြဖို့သင့်တဲ့ စိန်ခေါ်မှုကတော့ CCTV မှတ်တမ်း တွေပဲဖြစ်ပါတယ်။မိဘပြည်သူတွေအနေနဲ့ ကိုယ်အိမ်၊ကိုယ်ဆိုင် အနီးတဝိုက်မှာ ပြောက်ကျားသပိတ်ဖော်ဆောင်သွားတယ်ဆိုတဲ့ သတင်းကြားရင် ချက်ချင်း CCTV မှတ်တမ်းတွေကို ဖြတ်ပစ်ပေးဖို့ မေတ္တာရပ်ခံပါရစေ”ဟု ရေဘဝဲ ဥက္ကဋ္ဌ က ပြောသည်။

ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း အနေဖြင့် စစ်ကောင်စီတပ်၏ မတရားအကြမ်းဖက် ဖမ်းဆီးမှုကို ယနေ့အထိ ၃ကြိမ်ခံစားခဲ့ရပြီး မြေပြင်သပိတ်ရဲဘော် ၁၁ဦး ဖမ်းဆီးခံရခဲ့ကြောင်း ရေဘဝဲ ဥက္ကဋ္ဌ က ပြောသည်။

“အခုနှစ်ထဲမှာတော့ ဖမ်းခံရသူမရှိဘူး၊၂၀၂၁မှာ ၂ကြိမ်ဖမ်းခံရတယ်။၂၀၂၂ခုနှစ်မှာ ၁ ကြိမ် ဖမ်းခံရတယ်၊စုစုပေါင်း ၃ကြိမ်ပေါ့။ ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသား က စုစုပေါင်း (၁၁) ဦးရှိပါပြီ။ ရန်ကုန်မြို့ရဲ့ လုံခြုံရေးအခြေအနေဟာ တစ်နှစ်ထက်တစ်နှစ် တစ်လထက်တစ်လ ပိုမိုတင်းကျပ်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီအနေနဲ့ တနိုင်ငံလုံးမှာရှုံးနိမ့်သမျှကို ရန်ကုန်လိုမြို့ပြတွေမှာ ဖိနှိပ်နေတဲ့အတွက် မြေပြင်အခြေအနေအရ ခန့်မှန်းရခက်တဲ့ အနေအထားမျိုး ရောက်ရှိနေပါတယ်။ အကြမ်းဖက် စစ်ကောင်စီအနေနဲ့ မထင်ရင်မထင်သလို စစ်ဆေးမှုတွေကအစ ဖမ်းဆီးသတ်ဖြတ်မှုတွေအဆုံး၊ ရန်ကုန်ပြည်သူလူထုရဲ့ လူ့အခွင့်အရေး၊ တရားမျှတမှု နဲ့ ဒီမိုကရေစီစံနှုန်းတွေကို နေ့စဥ်ချိုးဖောက်လျက်ရှိနေပါတယ်”ဟု ရေဘဝဲ ဥက္ကဋ္ဌ က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့အား စစ်ကောင်စီတပ်မှ လုံခြုံရေးတင်းကြပ်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း ပြောက်ကျားသပိတ်များအား အခွင့်အရေးရလျှင် ရသလို သပိတ်တိုက်ပွဲဖော်ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။