မိုချာမုန်တိုင်း သည် စစ်တွေသို့ ဝင်ရောက်မည်ဖြစ်ကာ ရခိုင်၊ မကွေး နှင့် စစ်ကိုင်းတွင် လေပြင်းတိုက်ခိုက်ခံနိုင်ပြီး လူဦးရေ ၂ သန်း မုန်တိုင်းဒဏ်ခံရနိုင်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း မိုချာသည် ရခိုင်ပြည်နယ်၊ စစ်တွေသို့ ဝင်ရောက်မည်ဖြစ်ကာ ရခိုင်၊ မကွေး နှင့် စစ်ကိုင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူဦးရေ ၂ သန်း မုန်တိုင်းဒဏ်ခံရနိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“မုန်တိုင်းလမ်းကြောင်း က စစ်တွေကို ဝင်မယ်ဆိုတာ သေချာသွားပြီ ဖြစ်ပါတယ်။ ကမ္ဘာ့သဘာ၀ဘေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် ကလဲ မြန်မာနိုင်ငံကို အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ လောက်နဲ့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခိုက်မဲ့ အခြေအနေကြောင့် လူဦးရေ ၂ သန်းကို ထိခိုက်နိုင်ပါတယ်။ ရခိုင်ပြည်နယ်က လူဦးရေ ၉၃၀၀၀၀၊ မကွေးတိုင်းမှာ လူဦးရေ ၁၇၀၀၀၀၊ စစ်ကိုင်းမှာ လူဦးရေ ၄၄၀၀၀၀ ဟာ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခိုက်ခြင်းကို ခံရနိုင်တယ်လို့ GDACS က ထုတ်ပြန်ထားပါတယ်” ဟု ဦးဝင်းနိုင်က ဆိုသည်။

နာဂစ်တွင် မုန်တိုင်းဒဏ်သင့်ခဲ့သည့် ပြင်စလူ ဒေသခံအများစု လပွတ္တာနှင့် မြောင်းမြမြို့ပေါ်များသို့ မုန်တိုင်းရှောင်ခိုလှုံနေကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီမနက် ၈ခွဲမှာ မိုးနည်းနည်းရွာပြီးတော့ လေငြိမ်နေတယ်။ ရာသီဥတုက ပုံမှန်အနေအထားလိုပါပဲ၊ မုန်တိုင်းရှောင်သူ အများစုကတော့ လပွတ္တာ၊ မြောင်းမြကို သွားတာတွေရော ဆိုက်ကလုန်းရှပ်တာတတွေပေါ် မှာရော သွားနေကြပြီ။ ရှပ်တာပေါ်မှာတော့ ရိက္ခာတွေမရှိသေးဘူး။ သောက်သုံးရေတွေတော့ လုပ်ထားပေးတယ်” ဟု ပြင်စလူမြို့ခံတစ်ဦးက CJ Platform သို့ပြောကြားသည်။

ထို့ပြင် လပွတ္တာမြို့နယ် ဒေသခံ တစ်ထောင်ကျော်သည် မြောင်းမြမြို့နယ် မြစိမ်းရောင်တောင်ပေါ်သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေပြီး၊ နေရာ ၇ ခုခွဲကာ စောင့်ရှောက်မှုများပေးနေကြောင်း မြောင်းမြမြို့နယ် ပရဟိတအသင်း တစ်ခုက CJ Platform သို့ပြောကြားသည်။

“မြောင်းမြမြို့ပေါ်ကို ရောက်လာတဲ့ လပွတ္တာမြို့နယ် ကျေးရွာ အသီးသီးက မုန်တိုင်းရှောင်ရောက်လာတဲ့သူတွေ လတ်တလော ဒုက္ခရောက်နေကြတယ်။ အခုဆိုရင် မြို့ပေါ်မှာ မုန်တိုင်းရှောင်လာတဲ့သူက ၁၃၀၀ ကျော်နေပြီ၊ မြစိမ်းရောင်တောင်ပေါ်မှာကတော့ အများဆုံးပေါ့၊ပြီးတော့ မုန်တိုင်းရှောင်တဲ့ ပြည်သူတွေကို ကျွေးဖို့ အခက်အခဲဖြစ်နေတယ်” ဟု ပရဟိတ လုပ်ဆောင်သူက ဆိုသည်။

လက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ဧရာ၀တီတိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ခြေ မရှိတော့သော်လည်း နာာဂစ်မုန်တိုင်းအား ခံစားခဲ့ရသဖြင့် ယခု့ကဲ့သို့ တိမ်းရှောင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မေ ၁၁ ရက်မှ စတင်ကာ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးရွာသွန်းနိုင်ကြောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်တွင် မိုးသက်လေပြင်းများကျရောက်နိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် လှိုင်းအမြင့်သည် မြန်မာ့ကမ်းရိုးတစ်လျှောက်တွင် အနည်းဆုံး ၈ပေမှ ၁၁ ပေခန့်အထိရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်း မိုချာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမြောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီ မိုင် ၉၀ မှ ၁၀၀ ခန့်အထိ တိုက်ခတ်နိုင်ကြောင်းလည်း မိုးဇလက ဆိုထားသည်။

ယင်းအပြင် ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများ၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်သူများ သတိပြုရန်လည်း မိုးဇလက အသိပေးထားသည်။