မန္တလေးတွင် မီးပြတ်ချိန် ကြာမြင့်လာတာကြောင့် သုံးရေပြတ်လပ်မှု တစ်မြို့လုံးနီးပါးကြုံနေရ

Author ခေတ်နီ
Categories
Published on Apr 26, 2023

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ပိုမိုဆိုးရွာလာတာကြောင့် ရေတင်မရမှုများ ဖြစ်ပေါ်နေပြီး တစ်မြို့လုံးနီးပါး သုံးရေပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း မြို့ခံများထံမှ သိရသည်။

ဧပြီလ လလယ်ပိုင်းမှ စတင်ကာ တစ်နေ့လျှင် နှစ်နာရီခန့်သာ လျှပ်စစ်မီးရရှိတာကြောင့် နောက်ဆက်တွဲ ပြဿနာဖြစ်သည့် သုံးရေပြတ်လပ်မှု ပြဿနာကို ရင်ဆိုင်နေရတာပဲ ဖြစ်သည်။

ထိုသို့ လျှပ်စစ်မီးမရရှိမှုနှင့် ရေပြတ်လပ်မှုများကြောင့် မြို့နေအခြေခံလူတန်းများအနေဖြင့် ပရဟိတအသင်းအဖွဲ့များမှ လှူဒါန်းသည့်ရေကိုသာ အားထားနေရကြောင်း သိရသည်။

“မီးအခြေအနေက တခါတလေ သုံးရက်ဆက်ဖြ တ်တဲ့အထိ ဖြစ်လာတယ်၊ ခုလည်း ၂၄ နာရီမှာ ၅မိနစ်ပေး ပြန်ဖြတ် အကြာဆုံးမီးရချိန်က နှစ်နာရီပဲ မီးရတဲ့အချိန် ရေကို အဓိကမောင်းရတယ်၊ နှစ်နာရီဆို တစ်ကန်တော့ ရတယ်လေ၊ ဟိုအခြေခံလူတန်းစားတွေကတော့ဗျာ ချွေတာသုံးကြရတာ ရေပေးတဲ့အိမ် ရေလိုက်ချိုးရတာတို့ ထမင်းချက်ဖို့ လာတောင်းတာတို့ လုပ်ကြရတယ် အချင်းချင်းတော့ ကူရပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် မြို့ခံတစ်ဦးက ဆိုသည်။

ထိုသို့ ရေပြတ်လပ်မှုများဖြစ်ပေါ်နေခြင်းကြောင့် မြို့ခံ လူမှုကူညီရေးအဖွဲ့များမှ ရေသယ်ယာဥ်များဖြင့် ရပ်ကွက်များကို နေစဥ်ရေဂါလံ နှစ်သောင်းဝန်းကျင်ခန့်အထိ ကူညီဖြန့်ဝေနေရပြီး ညအချိန်များအထိပါ ဖြန့်ဝေ ပေးနေရကြောင်း သိရသည်။

“ဒီရက်ပိုင်းက လေပြင်းတိုက်တော့ ဓာတ်တိုင်တွေ ကျိုးတာဖြစ်တာကနေ မီးပြတ်ပြီး ရေတင်မရဖြစ်တာ ရေမောင်းမရဖြစ်တာတွေ ဖြစ်လာတာပေါ့၊ ဒီနေ့ အပါဆို ငါးရက်လောက်ရှိပြီ၊ တစ်နေ့ကို ဂါလံ တစ်သောင်းခွဲ နှစ်သောင်းလောက်ထိ ဖြန့်နေရတယ်၊ အရင်ရက်တွေက တစ်နေ့မှ ဂါလံငါးထောင်လောက်ပဲ ပေးရတာ ဒီရက်ပိုင်းက ရေချိုးဖို့အတွက်တောင် ရေမရှိဖြစ်တဲ့အထိ ဖြစ်သွားတာ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ)တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံနေရာအနှံ့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် တစ်နေ့တခြား ပိုမိုဆိုးရွားလို့လာနေပြီး အချို့မြို့များတွင် တစ်နေ့လျင် ၄ နာရီမှ ၆နာရီခန့်အထိသာ ဓာတ်အားရရှိသည်အထိ ဖြစ်ပေါ်နေတာပဲ ဖြစ်သည်။
ဓာတ်ပုံ- မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
ပုံစာညွှန်း- မန္တလေးမြို့အတွင်း ပရဟိတအသင်းများမှ သောက်သုံးရေများ လိုက်လံလှူဒါန်းနေပုံ
#CJPlatform #မန္တလေးမြို့ #မီးပြတ် #သောက်သုံးရေ