“အညာ ဘယ်တော့ လွတ်မြောက်မှာလဲ”

Author CJ Platform
Categories
Published on Apr 23, 2023

မိုးနည်းရေရှား ရပ်ဝန်းဒေသဖြစ်သည့် အညာဒေသတစ်ခွင်၏ နွေရာသီ အပူရှိန်က အစဥ်အလာမပြတ် ပူပြင်းလျက် ရှိနေသည်။ ပျမ်းမျှ ၄၀ ဒီဂရီ ဆယ်စီးရပ် အထက်တွင် ရှိနေသည့် နွေရာသီဒဏ်က အညာဒေသရှိ တော်လှန်ရေး ရဲဘော်များ တိုက်ပွဲဝင်ရာတွင် နှစ်ဆ ပို၍ ပင်ပန်းစေသည်။

ဆုံးဖြတ်ချက် ပြတ်သားခိုင်မာသည့် တော်လှန်ရေး ရဲဘော်များအတွက် မည်မျှ ပူပြင်းနေစေကာမူ စစ်အာဏာရှင် ပြုတ်ကျရေး မလျှော့တမ်း တိုက်ပွဲဝင်လိုစိတ်ကိုတော့ လျော့ကျ မသွားစေနိုင်ခဲ့ပေ။

သို့သော် လက်နက်ခဲယမ်း ကွာဟမှုကြောင့် ပြေးပြေးလွှားလွှား တိုက်ပွဲဝင်နေရသည့် ရဲဘော်များ၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းကတော့ အညာနွေအပူရှိန်အောက်၌ လျော့ကျလာနေခဲ့သည်။

” အရင်ကထက် နှစ်ဆ ပိုပင်ပန်းတယ်။ သိတဲ့အတိုင်း အညာနွေက ပူရတဲ့ထဲ ကျနော်တို့က ပြောက်ကျားတိုက်နေရတာဆိုတော့ ပြေးရလွှားရတာ၊ အပူရှိန်က အရမ်းပြင်းတော့ ရဲဘော်တွေ တအားပင်ပန်းတယ်။ ” ဟု အညာဒေသ၌ ပြည်သူ့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ရဲဘော်လေးသည် EROs များထံ၌ စစ်ပညာသင်ကြားခဲ့ပြီးနောက် စစ်ကိုင်းနှင့် အညာဒေသသို့ စစ်ကောင်စီတပ်များကို တော်လှန် တိုက်ခိုက်ရန် ရောက်ရှိနေခဲ့သူ တစ်ဦး ဖြစ်သည်။

၄င်း အပါအဝင် အခြားသော ဒေသပေါင်းစုံမှ ဗမာ လူမျိုး တော်လှန်ရေး ရဲဘော်များစွာသည်လည်း စစ်ကောင်စီကို မဆုတ်တမ်း တော်လှန်နေသည့် အညာဒေသသို့ လာရောက်ကာ အားဖြည့် တိုက်ပွဲဝင်နေခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဗမာလူမျိုး အများစု နေထိုင်သည် စစ်ကိုင်းတိုင်းသည် ဗမာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများကို ကြုံတွေ့ခဲ့ရသည်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်မှုများအား အညာဒေသ၌သာမက တစ်နိုင်ငံလုံး၌ ဗမာစစ်တပ်က ရက်စက်စွာ ပစ်ခတ်နှိမ်နင်းခဲ့သည်။

အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများက လက်နက်ကိုင်တော်လှန်ရေး သို့ ကူးပြောင်းသွားစေခဲ့သည့် အဓိက အကြောင်းအရင်း ဖြစ်သည်။

လက်နက်ကိုင် တော်လှန်ရေးသို့ ကူးပြောင်းစ ကနဦး အချိန်ကာလများတွင် တူမီး၊ လက်လုပ်သေနတ်၊ ဆွဲမိုင်းများဖြင့် အညာဒေသ မှ ဗမာတော်လှန်ရေး ရဲဘော်များ၏ ပြောက်ကျား ခုခံမှုများက အာဏာသိမ်း စစ်တပ်အား အထိအခိုက် အကျအဆုံး ထင်မှတ် မထားလားအောက် များပြားသွားစေခဲ့သည်။

ထို့ပြင် စစ်တပ် အသိုင်းအဝိုင်း၊ သတင်းပေးများ စသဖြင့် အာဏာသိမ်း စစ်တပ်နှင့် ဆက်နွယ်သည်ဟု ယူဆခံရသူ အများအပြားသည်လည်း တော်လှန်ရေး တပ်ဖွဲ့များ၏ ရှင်းလင်းခြင်းကို ကြုံတွေ့လာခဲ့ရသည်။

အဆိုပါ အညာဒေသသည် ယခင်က အာဏာသိမ်း စစ်တပ်အတွင်းသို့ ဝင်ရောက်သူ အများအပြား ရှိခဲ့ရာ ဒေသတစ်ခုဖြစ်ပြီး ဗမာ စစ်တပ်အတွင်း ထိပ်ပိုင်း အရာရှိကြီးများကအစ အောက်ခြေ စစ်သား များထိ အညာဒေသတွင် နေထိုင်သူ အများအပြား ရှိသည်။

၄င်းတို့၏ မိသားစုဝင်များသည် ဖိနှိပ်သူ ဗမာစစ်တပ်ဘက်မှ ရပ်တည်သူများအဖြစ် ဖိနှိပ်ခံရသူ ဒေသခံအများစုက ယူဆ ယုံကြည်မှုများ ရှိသည်။

သတင်းပေး ဒလန် ရှင်းလင်းရေး ဖြစ်စဥ်များသည် လက်နက်ကိုင် တော်လှန်ရေး ကနဦးကာလများတွင် မြို့ကြီးများ၌ပင် မကြာခဏ ကြားသိရသည့် အကြောင်းအရာ များ ဖြစ်သည်။

အညာ ကျေးလက်ဒေသများတွင်လည်း အလားတူ ဖြစ်စဥ်များက သတင်းထုတ်ပြန်ခြင်း၊ သတင်းဌာနများ ဖော်ပြခြင်းများထက် သိသိသာသာ များသည်။

များစွာသော စစ်တပ်အနွယ်ဝင်များသည် နေအိမ်များကို စွန့်ခွာသွားခဲ့ပြီး နေပြည်တော် အပါအဝင် စစ်တပ် စိုးမိုးနယ်မြေများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ခြင်းများ ရှိလာခဲ့သည်။

အခြားနေရာများသို့ ပြောင်းရွှေ့ နေထိုင်နိုင်ခြင်း မရှိသူများသည် စစ်တပ်ထောက်ခံသူများ အားကောင်းရာ ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်ကြပြီး ၄င်းတို့အား စစ်တပ်က ပြည်သူ့စစ်အဖြစ် လက်နက် တပ်ဆင်ပေးလိုက်ခြင်းဖြင့် ပျူစောထီးများ ပေါင်းစုရာ ပျူစောထီးရွာများ ထွက်ပေါ်လာသည်။

ပြီးခဲ့သည့်နှစ်အတွင်း စစ်ကိုင်းတိုင်း၌ တော်လှန်ရေး တပ်ဖွဲ့များ စုစည်းမှု ပိုမိုအားကောင်းလာခြင်း နှင့်အတူ တစ်ဖက်တွင်လည်း ပျူစောထီးများကို စစ်တပ်က လက်နက်တပ်ဆင်ပေးမှု ပိုများလာပြီး ပျူစောထီးများသည်လည်း အင်အားများလာခဲ့သည်။

အာဏာသိမ်း စစ်တပ်သည် စစ်ကိုင်းနှင့် အညာဒေသအတွင်း အဆိုပါ ပျူစောထီးများ၏ နယ်မြေကျွမ်းကျင်မှု၊ သတင်းပေးမှုများကို အသုံးချပြီး စစ်ကြောင်းထိုး၊ ရွာများကို မီးတင်ရှို့မှုများ ကို ပြုလုပ်ခဲ့သည်။

တော်လှန်ရေး တပ်ဖွဲ့များနှင့် ဆက်နွယ်သည်ဟု သတင်းရသည်နှင့် မြေလှန် မီးရှို့ ဖျက်ဆီးသည့် ရက်စက်ကြမ်းကြုတ်မှုများကို နှစ်နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ်က ကျူးလွန်ခဲ့သည်။

၄င်းတို့၏ မြေလှန်ဖျက်ဆီး၍ အကြောက်တရားသွင်းခြင်းဖြင့် ဒေသခံ လူထုကို တော်လှန်ရေးနှင့် ကင်းကွာအောင် ပြုလုပ်ခြင်း နည်းလမ်းသည် အညာဒေသလူထုအတွက်တော့ အသုံးမဝင်ခဲ့ပေ။

မြို့ကြီးများတွင် ရုပ်ဝတ္ထုပစ္စည်း စွဲလမ်းမှု ပိုများသည့် မြို့နေ လူထုက စစ်တပ်၏ တစ်စတစ်စ ရက်စက်လာသည့် ဖိနှိပ်မှုများကို ကြာရှည်တောင့်ခံနိုင်စွမ်း မရှိခဲ့ပေ။

အကြောက်တရားကို တစ်ရစ်ခြင်း ထပ်သွင်းခြင်းဖြင့် ရန်ကုန် အပါအဝင် မြို့ကြီးများ၌ မြို့ခံလူထုသည် တော်လှန်ပါဝင်လိုစိတ် အပေါ် အကြောက်တရား၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။

သို့သော် အညာလူထု၏ တော်လှန် လွတ်မြောက်လို စိတ်ကိုတော့ စစ်တပ်၏ အကြောက်တရား သွင်းမှု မအောင်မြင်ခဲ့ပေ။

စစ်တပ်ထောက်ခံသူများ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည့် ကျေးရွာများ သို့မဟုတ် မူလကတည်းက စစ်တပ်ထောက်ခံသူ မရှိသည့် ကျေးရွာများသည် ရွာလုံးကျွတ် တော်လှန် လွတ်မြောက်လိုသူများ ရှိရာ ကျေးရွာများ အဖြစ် ယေဘုယျ ကောက်ချက်ချ နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

တော်လှန်လိုစိတ် ပြင်းပြသူများ နေထိုင်ရာ ကျေးရွာများအား စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်တိုင်း မီးရှို့ဖျက်ဆီးလေ့ ရှိသည်။

ရွာလုံးကျွတ် ဆန့်ကျင်သည်ဟု ယူဆပါက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပစ်သည်။ မိသားစုလိုက် သတ်ပစ်ခြင်း၊ ဖမ်းဆီးပြီးနောက် အစုအလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများကိုလည်း ဆက်တိုက် ကျူးလွန်သည်။

အညာဒေသတွင် အာဏာသိမ်းစစ်တပ် အပေါ် ဒေသခံလူထု၏ နာကျည်းမှုများက အဆိုပါ စစ်တပ် အလုံးစံပြုတ်ကျရေးသည်သာ ပဓာန ပန်းတိုင်အဖြစ် လုံးလုံးလျားလျား ခံယူ တော်လှန်ဖို့ ဖြစ်လာခဲ့သည်။

တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ လွတ်မြောက်နယ်မြေ အသွင်မျိုးကိုတော့ စစ်ကိုင်းနှင့် အညာမြေ၌ မြင်တွေ့ရမည် မဟုတ်ပေ။

နှစ်နှစ်ကျော်အတွင်း အိမ်ခြေ ခြောက်သောင်းနီးပါး မီးရှို့ဖျက်ဆီးခံရ၊ စစ်ကြောင်းထိုး ဝင်ရောက်လာတိုင်း ဆုတ်ခွာပေးရသည့် အခြေအနေမျိုးအား လွတ်မြောက်နယ်မြေ အဖြစ် သတ်မှတ်ရန် ခက်ခဲပေမည်။

သို့သော် စစ်ကောင်စီ စစ်ကြောင်း မရှိသည့် အချိန်မျိုးတွင်မူ အညာဒေသသည် လွတ်မြောက်နယ်မြေ အသွင်မျိုးတော့ မြင်တွေ့ရမည် ဖြစ်သည်။

NUGက ဒေသန္တရ အုပ်ချုပ်ရေး ယန္တရားကို အညာ ကျေးလက်ဒေသ၌ ဖြန့်ကျက်ထားနိုင်သည်။ ဒေသခံအများစုက စစ်တပ်ကို အလုံးစုံဆန့်ကျင်နေခြင်း ဖြစ်သဖြင့် အရပ်ဘက် အုပ်ချုပ်ရေးကို လုံးဝတည်ဆောက်နိုင်ခြင်း မရှိပေ။

အာဏာသိမ်းစစ်တပ်သည် အုပ်ချုပ်၍ မရသည့် ဒေသအား အကြမ်းဖက် ဖိနှိပ်မှုဖြင့် ထိန်းချုပ်ရန် ကြိုးစားနေသော်လည်း အောင်မြင်ခြင်း မရှိပေ။

ရွာပျက်များ အစီအရီ ပေါ်ထွန်းလာပြီး လူတစ်သန်းနီးပါး စစ်ပြေးဒုက္ခသည် ဘဝသို့ ရောက်သွားစေခြင်းသည်သာ စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှု၏ ရလာဒ်အဖြစ် ထွက်ပေါ်လာသည်။

ဒေသ၏ အချို့ အစိတ်အပိုင်းများကို NUG လက်အောက်မှ မဟုတ်သည့် တော်လှန်ရေး တပ်ဖွဲ့ အချို့က ထိန်းချုပ်ထားပြီး အရပ်ဘက်အုပ်ချုပ်ရေးတွင်မူ NUG မှ ဆောင်ရွက်နေခြင်း များလည်း ရှိသည်။

စစ်ကောင်စီ၏ အရပ်ဘက်အုပ်ချုပ်ရေး ခိုင်မာလာနေသည့် မြို့ပြများနှင့် နှိုင်းယှဥ်ပါကမူ အညာဒေသသည် လုံးဝအုပ်ချုပ်ခွင့် မရစေရ လက်နက်ကိုင်တော်လှန်ရေး ကနဦးကာလ ကြွေးကြော်သံနှင့် အညီ ဖြစ်နေစဲ ဖြစ်သည်။

လက်လုပ်သေနတ်များ၊ ဆွဲမိုင်းများ အားထားပြီး ပြောက်ကျား ခုခံနေရသည့် အညာမြေမှ တော်လှန်ရေးရဲဘော်များသည် လက်နက်ခဲယမ်း ပေါပေါသီသီ၊ လေကြောင်း အင်အား အသာစီးရထားသည့် စစ်ကောင်စီတပ်အား ထိပ်တိုက် ရင်ဆိုင်ခြင်း ဖြင့် အနိုင်ယူရန် မလွယ်ကူပေ။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဒီပဲယင်း၊ ခင်ဦးနယ်များကို စစ်ကောင်စီ တပ်များ ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေချိန်တွင် ဒေသတွင်းမှ တော်လှန်ရေး တပ်ဖွဲ့များသည် လက်နက်အင်အား မပြည့်စုံမှုကြောင့် စစ်ကောင်စီတပ်များ ကျေးရွာများအတွင်း ဝင်ရောက်ဖျက်ဆီးသည်ကို တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

အလားတူ ဖြစ်စဥ်များက လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့စဥ်ကတည်းက ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်း၊ မကွေး အညာတစ်ခွင်မှ တော်လှန်ရေးရဲဘော်များအတွက် အဓိက လိုအပ်နေသည်က လက်နက်ဖြစ်ပြီး လက်နက်အင်အား ပြည့်စုံမှ သာလျင် စစ်ကောင်စီတပ်များ၏ ကျူးကျော်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်မည်ဟု ၄င်းတို့က အများစု ယူဆသည်။

” ကျနော်တို့က ပြောက်ကျားချနေရတာပဲ။ ဆွဲမိုင်းတွေ အဓိကထား၊ ချုံခိုတိုက်၊ ပစ်ပြီး ပြန်ဆုတ်နဲ့ပဲ သွားနေရတာပဲ။ တကယ်တမ်း ခံတိုက်ဆို ကျနော်တို့ လက်ထဲက သေနတ်တွေ လောက်နဲ့ မရဘူးလေ။ စစ်ကြောင်းထိုးလာပြီဆို ပြေးရတာပဲ။ အဓိက လိုအပ်တာ လက်နက်ခဲယမ်းပဲ” ဟု စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဝင်နေသည့် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

လွတ်မြောက်နယ်မြေတစ်ခု ပီပီပြင်ပြင် ထွက်ပေါ်ရန်မှာ အဆိုပါ နယ်မြေအတွင်း ခံစစ်ကိုလည်း အခိုင်အမာ ပြင်ဆင်ထားနိုင်ရန် လိုအပ်မည် ဖြစ်ပြီး သို့မှသာ အလွယ်တကူ ကျူးကျော်ဝင်ရောက်လာခြင်းမျိုးကို မကြုံတွေ့ရတော့မည် ဖြစ်သည်။

သို့သော် အညာတစ်ခွင်၌တော့ ကတုတ်ကျင်း အခိုင်အမာ တူး၍ ခံစစ်ပြင်ထားခြင်းမျိုးပင် နည်းပါးနေသေးကြောင်း အဆိုပါ ရဲဘော် ဆက်၍ ပြောသည်။

အခြားတစ်ဖက်တွင်မူ စစ်ကောင်စီတပ်သည် အကြမ်းဖက်နှိမ်နင်းမှုများကို ပို၍ လုပ်ပြလာပြီး သင်္ကြန်မတိုင်မီက ဖြစ်ခဲ့သည့် ပဇီကြီးကျေးရွာ ဖြစ်စဥ်တွင် လူအုပ်ကြီးထဲ ပေါင် ငါးရာဗုံး ကြဲချခြင်းမျိုးထိ ရက်စက်ကြမ်းကြုတ်လာနေသည်။

သို့သော် တော်လှန်ရေး ရဲဘော်များအတွက်မူ မီးကျိုးမောင်းပျက် သေနတ်များ ၊ လက်လုပ်စစ်လက်နက်ပစ္စည်းများဖြင့် ကျူးကျော်သူများကို ပြန်လှန်တွန်းလှန်ရန် အခွင့်မသာနိုင်သေးပေ။

ထို့ပြင် တော်လှန်ရေးကာလ ကြာရှည်လာသည်နှင့် အမျှ စစ်ဘေးသင့် ပြည်သူ အရေအတွက် အလွန်အမင်းတိုးလာခြင်း၊ အဆိုပါ စစ်ဘေးသင့် ပြည်သူများကို လုံလောက်စွာ ထောက်ပံ့နိုင်ရန် ခက်ခဲခြင်း ပြဿနာများကိုလည်း ရင်ဆိုင်နေရသည်။

ဒေသတွင်း လူဦးရေ၏ ထက်ဝက်နီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ဒေသတစ်ခုလုံး နီးပါး စစ်ဘေးသင့်နေရခြင်းကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ရှားပါးလာမှုများလည်း ဖြစ်ပေါ်လာနေသည်။

ဒေသတွင်း စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့လာနေရခြင်းက တော်လှန်ရေး ရဲဘော်များအပေါ် ထပ်မံထိုးနှက်လာသည့် အကြောင်းအရာ တစ်ခု ဖြစ်သည်။

ထို့ပြင် လိုအပ်သည့် ဆေးဝါးပစ္စည်များ ရှားပါး ပြတ်လပ်နေသဖြင့် အရေးပေါ် ဆေးဝါးကုသမှုများ ပြုလုပ်ရန် အခက်အခဲ ရှိသည့် အခြေအနေများလည်း ဖြစ်နေသည်ဟု သိရသည်။

” အခုဆို ရာသီဥတု ပူတော့ ကျနော်တို့ အမြန်ပြန်ဆုတ်တာတွေ အမြန်တက်ပစ်ရတာတွေ လုပ်တဲ့အချိန်မှာ တစ်ချို့ မူးလဲကျတဲ့ ရဲဘော်တွေတောင်ရှိတယ်။ သူတို့ကို ကုဖို့ ဆေးမရှိတာမျိုးပေါ့ အဲ့လိုတွေ အများကြီးပါပဲ “ဟု ဆားလင်းကြီးနယ်မှ တော်လှနိရေး ရဲဘော်တစ်ဦးက ပြောသည်။

ထိုသို့ အခက်အခဲ လိုအပ်ချက်များ ရှိနေသော်လည်း အညာမြေ လွတ်မြောက်ရေးအတွက် ဒေသခံ လူထုနှင့် တော်လှန်ရေး ရဲဘော်များထံတွင် မဆုတ်မနစ် သန္ဓိဌာန် များ ချမှတ်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးတွင် လူများစု ဗမာလူမျိုးများ ကိုယ်တိုင် အာဏာရှင်တစ်စု၏ လက်အောက်မှ လွတ်မြောက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိဖို့ လိုမည်ဖြစ်သည်။

သန်းနှင့်ချီသည် အညာမြေမှ ဗမာလူမျိုးများ၏ ဆန္ဒကို လစ်လျူရှုပြီး တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မည်ဟု စစ်ကောင်စီဘက်က ကြွေးကြော်နေခြင်းမှာ မက်လုံးသက်သက်မျှ အဖြစ် ရှုမြင်၍ ရမည် ဖြစ်သည်။

စစ်ကောင်စီသည် အညာကို အစွမ်းကုန်ဖိနှိပ်၍ မြေလှန်ဖျက်ဆီး၍ အနိုင်ယူပြလိုက်ပါက နွေဦးတော်လှန်ရေးကို အနိုင်ယူလိုက်နိုင်ခြင်းဟု ယူဆထားဖွယ်ရှိသည်။

အညာဒေသတစ်လျှောက် စစ်ပွဲ သတင်းများ ရယူရင်း တိုက်ပွဲဝင်နေသည့် ဓာတ်ပုံသတင်းထောက် ကိုမျိုးထက်လှသော်က မူ အညာမြေ၏ အခြေအနေက နွေဦးတော်လှန်ရေးအပေါ် အပြည့်အဝတော့ သက်ရောက်မည် မဟုတ်ဟု ယူဆ ပြောဆိုသည်။

” အညာကျ ရင် နွေဦးတော်လှန်ရေး ကျဆုံးနိုင်လား ဆိုရင် ငါးဆယ်ငါးဆယ်ပါပဲ။ အညာက တကယ်တိုက်ပွဲဝင်စိတ်နဲ့ တိုက်နေတယ်။ ဒီလိုပဲ တစ်နိုင်ငံလုံးမှာလည်း တိုက်ပွဲတွေ ဝင်နေကြတာပါပဲ။ ကျနော်ပြောချင်တာကတော့ အခြား ဒေသတွေကလည်း တိုက်နေကြတာပဲ။ EROs တွေလည်း တိုက်ပွဲတွေ ဖော်နေကြတာပါပဲ။ အညာက နွေဦးတော်လှန်ရေး အပေါ် အများကြီး သက်ရောက်နိုင်တယ်ဆိုပေမယ့်။ ငါးဆယ်ငါးဆယ်ပါပဲ။” ဟု ၄င်းက ဆိုသည်။

ဆက်လက်၍ ၄င်းက ပြည့်စုံသည့် လက်နက်ခဲယမ်း၊ စနစ်ကျသည့် စုစည်းမှု၊ စားနပ်ရိက္ခာရှားပါးမှု ပြဿနာ စသည့် အခြေအနေများအား ဖြေရှင်းနိုင်ပါကမူ အညာဒေသ တစ်ခုလုံး လွတ်မြောက်သွားနိုင်သည့် အခြေအနေမျိုး ရှိကြောင်းလည်း သုံးသပ်သည်။

“ကျနော်တို့ လက်နက်ခဲယမ်း ပြည့်စုံမယ်၊ စနစ်တကျ စုစည်းမှုအားကောင်းလာမယ် ဆိုရင် စစ်ကိုင်း၊ မကွေး အညာဒေသတစ်ခုလုံးက လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်တယ်။” ဟု ၄င်းက သုံးသပ်သည်။

ပြည်တွင်းမှ နိုင်ငံရေး လေ့လာသူတစ်ဦးကမူ အညာဒေသ အလုံးစုံ လွတ်မြောက်နယ်မြေ အဖြစ်ရောက်ရှိလာခြင်းဖြင့် စစ်ကောင်စီတပ်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို အပြင်းအထန် ထိုးနှက်နိုင်လိမ့်မည်ဟု ယူဆသည်။

ထို့ကြောင့် NUG အနေဖြင့် EROs များနှင့် ပူးတွဲတိုက်ပွဲဆင်ရင်း အညာဒေသကို လွတ်မြောက်အောင် ဦးစားပေးပြုလုပ်သင့်ကြောင်း အကြံပြုသည်။

” စစ်ကောင်စီ အတွက်လည်း သူ့အမာခံဒေသက သူ့ကို တော်လှန်လာတာက တကယ်အကျပ်ရိုက်ရတဲ့ ကိစ္စပဲ။ အညာမှာ အကြမ်းဖက်လုပ်ပြနေတာတွေက အဲ့ဒီက ရဲဘော်တွေရဲ့ တော်လှန်လိုစိတ်ကို ချိုးပြနေတာပဲ။ တစ်ဆက်တည်း ရဲဘော်တွေရဲ့ တော်လှန်မှုကလည်း စစ်ကောင်စီ တပ်သားတွေရဲ့ စိတ်ဓာတ်ကို ပြန်ရိုက်ချိုးနေတယ်။

ကျနော့်အမြင်ကတော့ အညာက ဒီ နွေဦးတော်လှန်ရေးမှာ အရေးကြီးတယ်။ အညာကို အပိုင်ရလိုက်ခြင်းဟာ စစ်ကောင်စီရဲ့ အနည်းငယ်သော မဟာမိတ်တွေကိုတောင် စိတ်ပျက်သွားစေနိုင်တယ်။ ဒါပေမယ့် အညာကို အပိုင်ရလိုချင်ရင် စစ်ကို စစ်နဲ့ တူအောင်တိုက်မှတော့ရမယ်လေ။ စစ်ကိုစစ်နဲ့ တူအောင်တိုက်ဖို့ဆို စစ်ရေး သဘာရင့်နေတဲ့ EAOs တွေ မကူလို့မရဘူး။ ဒါကို ရအောင်လုပ်ဆောင်သင့်တာကတော့ တပ်ဦးအစိုးရ NUG လူကြီးမင်းတွေရဲ့ ကြံရည်ဖန်ရည် လုပ်ရည်ကိုင်ရည် အပေါ်အများကြီး မူတည်တာပဲလေ။” ဟု ၄င်းက သုံးသပ်သည်။

သို့သော် EROs များ အနေဖြင့် ဗမာလူမျိုးစု၏ အညာဒေသ လွတ်မြောက်နယ်မြေ ဖော်ဆောင်ရေးအတွက် ၄င်းတို့၏ အမာခံ တပ်များကို စေလွှတ် တိုက်ပွဲ ဝင်စေဖို့ ဆိုသည်မှာကား ရာခိုင်နှုန်း အလွန်နည်းပါးသည့် အရာတစ်ခု ဖြစ်သည်။

တစ်ဖက်တွင်မူ တရုတ်၏ ကြားဝင်စေ့စပ်မှုက EROs အချို့အပေါ် သက်ရောက်မှု ကြီးနိုင်ဖွယ်ရှိနေပြီး စစ်ကောင်စီ အနေဖြင့်လည်း EROs များထံ ဖြန့်ထားရသည့် စစ်မျက်နှာများအတွက် စိတ်ပူရန် မလိုသည့် အခြေအနေမျိုး ဖြစ်လာပါက အညာဒေသကို စိတ်ကြိုက်ဖျက်ဆီး ခွင့် ရရှိလာမည်ဖြစ်သည်။

အင်အား ရာဂဏန်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို ခုခံတွန်းလှန်အတွက်ပင် ခက်ခဲနေချိန်တွင် အကယ်၍ စစ်ကောင်စီ တပ်များက အင်အား ထောင်သောင်းချီ အသုံးပြုပြီး အညာဒေသကို စစ်ဆင်ရေး ပြုလုပ်လာခဲ့ပါမူ မည်သို့ ခုခံရမည်ဆိုသည်မှာကား အညာဒေသအတွက် ကြိုတင် ပြင်ဆင်ထားရမည့် အရာတစ်ခု ဖြစ်နေပေမည်။

မာယာများလွန်းပြီး ရက်စက်လွန်းသည့် ဗမာစစ်တပ်နှင့် ရင်ဆိုင်ရာတွင် စိတ်ခွန်အား ရစေရုံ စကားလုံးများ သက်သက်ဖြင့် အနိုင်ယူ၍ ရနိုင်မည်လော ဆိုသည်မှာကား……….။