စစ်အာဏာရှင် အလိုကျ အသုံးတော်ခံမည့် မျက်နှာပြောင်တိုက် ဖက်ခွက်စားများ

Author နိုင်ရာဇာမင်း
Categories
Published on Apr 02, 2023

စစ်ကောင်စီသည် အသက်ငင် သေဆုံးလုနီးပါး ဖြစ်နေသည့် ၂၀၀၈ ခြေဥ ကို ပြန်အသက်သွင်း နိုင်ရန် ကြိုးစားလျက် ရှိသည်။ အဆိုပါ ခြေဥ သက်ဝင်ရှင်သန်နေခြင်းသည် စစ်သုံးစစ် ဟု ခေါ်သည့် စစ်အုပ်စု၊ စစ်အာဏာရှင်နှင့် စစ်အုပ်ချုပ်ရေး ယန္တရားများ၏ နောက်ဆုံး အသက်ကယ်ဆေး ဖြစ်လျက် ရှိနေခြင်းလည်း ဖြစ်သည်။

ထိုသို့ အသက်ငင်နေသည့် ခြေဥကို အသက်သွင်းရန် ကြိုးစားပုံမှာ နိုင်ငံအတွင်းရှိ ၄င်းတို့ ထိန်းချုပ်ထားနိုင်သည့် ဒေသများ၊ မြို့ကြီးများ၌ တော်လှန်ရေးတွင် ပါဝင် ပတ်သက်ခြင်း မပြုသူများအား ၂၀၀၈ ခြေဥပါ ပြဌာန်းချက်များ အတိုင်း လွတ်လပ်ခွင့် အချို့ကို ပေးထားခြင်း ဖြစ်သည်။

သို့သော် တော်လှန်ရေးတွင် စိတ်နှစ်ပါဝင်ကြသူများကိုမူ ပိုက်စိတ်တိုက် စုံစမ်းကာ ပြင်းထန်သော ဖိနှိပ်ရက်စက်မှုများကို အသုံးပြု ဖြိုခွင်းလျက် ရှိသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လွတ်လပ်သော သတင်းသမားများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့သည်။ ကနဦး ကာလမှာပင် 7Days၊ Myanmar Now၊ Mizzima၊ ခေတ်သစ်မီဒီယာ၊ ကမာရွတ် မီဒီယာ စသည့် ဂုဏ်သိက္ခာရှိ ပြည်တွင်း သတင်းဌာနအများအပြားကို လိုင်စင် ပိတ်သိမ်းပစ်လိုက်သည်။

ကနဦး လိုင်စင်ပိတ်သိမ်း ခံရမှုများမှာ ထိုစဥ်က စစ်ကောင်က ၄င်းတို့ အာဏာသိမ်းမှုကို အာဏာထိန်း၊ စစ်ကောင်စီ ဆိုသည်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အဖြစ်သာ ရေးသား ထုတ်ဝေခွင့် ပြုကြောင်း ပိတ်ပင်ခြင်းဖြင့် စတင်ခဲ့သည်။

ထို့နောက် ဆန္ဒပြပွဲများကို ဖြိုခွင်းရာတွင် သတင်းသမားများကို ဦးတည်ချက်ထား ဖမ်းဆီးမှုများစွာ ဖြစ်လာခဲ့ပြီး သတင်း အလုပ်ကို လုပ်ကိုင်နေသည့် သတင်းသမား အများအပြား ဖမ်းဆီးခံခဲ့ရသည်။

ထို့ပြင် ကမာရွတ်၊ Mizzima စသည့် သတင်းဌာနများကို အင်အားသုံး ဝင်ရောက်စီးနင်းခြင်း၊ သတင်းထောက်များကို ဖမ်းဝရမ်းထုတ် လိုက်လံ ဖမ်းဆီးခြင်းများ ဖြစ်ပေါ်လာခဲ့ပြီး စစ်ကောင်စီ ဒဏ်မှ လွတ်မြောက်နယ်မြေများသို့ သတင်းသမား အများအပြား ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။

ထိုသို့ စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် လွတ်လပ်စွာ သတင်းရေးသား တင်ဆက်လိုသည့် သတင်းဌာနများသည် ပြည်တွင်း၌ လွတ်လွတ်လပ်လပ် လှုပ်ရှား သတင်းယူခွင့် မရှိတော့ပေ။

သို့သော် စစ်ကောင်စီသည် ၂၀၀၈ ခြေဥ အတိုင်း သတင်းလွတ်လပ်ခွင့် ပေးထားဟန်တော့ အစဥ်တစ်စိုက် ပြုလုပ်ပြတတ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း များပြားလှစွာသော သတင်းစာရှင်းလင်းပွဲများကို ပြုလုပ်ခဲ့ပြီး ၄င်းတို့၏ ဘုန်းတော်ဘွဲ့များကို သီကျူးကာ မေးခွန်းမေးလေ့ရှိသည့် အမည်ခံ သတင်းဌာနများ တက်ရောက်လေ့ ရှိသည်။

အမည်ခံ သတင်းဌာနများမှ စစ်ကောင်စီထံမှ နို့သက်ခံ ဆို့နေသည့် ဝါဒဖြန့်သမားများ သက်သက်ဖြင့် စစ်ကောင်စီသည် ၄င်းတို့၏ စာအုပ်စိမ်း အောက်မှ သတင်းလွတ်လပ်ခွင့် ဆိုခြင်းကို ပုံဖော်ပြ၍ မရပေ။

သို့ဖြစ်ရာ ပြည်တွင်းမှ လိုင်စင်ရှိနေဆဲ သတင်းဌာနများအား စစ်ကောင်စီ၊ အာဏာသိမ်း စကားလုံးများ အသုံးမပြုပါက အတိုင်းအတာ တစ်ခု ဖြင့် လွတ်လပ်စွာ ရေးသားခွင့် ပေးထားလိုက်သည်။

ထို့ပြင် NUG နှင့် တော်လှန်ရေးကို ထောက်ခံသည့် သဘော သတင်းဆောင်းပါးများကို မရေးသားပါက စစ်ကောင်စီသည် ၄င်းတို့ကိုပင် ဝေဖန်ရေးသားခွင့် ပြုနိုင်သည့် သဘောမျိုးလည်း ပြုလုပ်ပြနေခဲ့သည်။

ထို့ကြောင့်ပင် ပြည်တွင်း၌ ကျန်ရှိနေခဲ့သည့် သတင်းဌာနများသည် ဦးသန်းရွှေ လက်အောက်ကထက် သိသာစွာ လွတ်လပ်နေသေးသည့် သတင်းတင်ဆက်မှုများဖြင့် သတင်းအလုပ်ကို လုပ်ကိုင်ခွင့်တော့ ရှိနေခဲ့သည်။

စစ်ကောင်စီကို နစက အဖြစ် အသုံးပြုရေးသားကာ အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုလိုက်ခြင်း ဖြင့် လိုင်စင်ရ သတင်းဌာနများသည် ၂၀၁၀ခု နှစ်ဝန်းကျင်ကာလ လောက်ကထက် ပိုသည့် သတင်းလွတ်လပ်ခွင့်မျိုးကို ရရှိနိုင်မည် ဖြစ်သည်။

သို့သော် စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုမူ လွတ်လပ်စွာ ရေးသားခွင့် ရှိမည် မဟုတ်ပေ။

ထိုအခါ ယခင်က နိုင်ငံရေးသတင်းများကို ဦးစားပေးဖော်ပြခဲ့သည့် သတင်းဌာနများပင် နိုင်ငံရေး သတင်းများကို လက်ရှောင်လာခဲ့ရပြီး စီးပွားရေး၊ လူထု၏ လူမှုအကျပ်အတည်းများဘက်သို့ လှည့်ကာ ရသလို သတင်းတင်ဆက်မှုများ ပြုလုပ်လာရတော့သည်။

ထို့ပြင် စစ်ကောင်စီသည် ၄င်းတို့ ထိန်းချုပ်ထားသည့် ဝါဒဖြန့် မီဒီယာများတွင် တော်လှန်ရေးကို ပုံဖျက် အပုတ်ချနေသည့် အကြောင်းအရာများကို တွင်တွင် ဝါဒဖြန့်နေသော်လည်း တစ်ခါတစ်ရံတွင် စစ်ကောင်စီ၏ အားနည်းချက်များကို ပြောဆိုထောက်ပြခွင့် အချို့ကိုလည်း ခွင့်ပြုပေးထားသည်။

ဤသို့ အသက်ရှုပေါက် အနည်းငယ်ပေးလိုက်ခြင်းအားဖြင့် စစ်ကောင်စီသည် ၄င်းတို့ကို ထောက်ခံသူများနှင့် မြို့ပြမှ တော်လှန်လိုစိတ် နည်းပါးသည့် လူထုအား ၄င်းတို့သည် ၂၀၀၈ ခြေဥ အတိုင်း လွတ်လပ်ခွင့်ပေးထားဆဲ ဖြစ်ကြောင်း ထင်မြင်သွားစေမည် ဖြစ်သည်။

စစ်ကောင်စီ၏ ဟန်ပြ မီဒီယာ လွတ်လပ်ခွင့်အောက်တွင် အကျိုး ဖြစ်ထွန်းလာသူများက အနုပညာသတင်းဌာနများ ဖြစ်သည်။ အနုပညာသတင်းများသာ တင်ဆက်ခြင်း ဖြစ်သဖြင့် စစ်ကောင်စီသည် ၄င်း သတင်းဌာနများကို ပို၍ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးထားခဲ့သည်။

စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာထိ အနုပညာနယ်ပယ် တစ်ခုလုံး ငြိမ်သက်သွားခဲ့ပြီး ကိုဗစ် တတိယလှိုင်း၏ ရိုက်ခတ်မှုကလည်း ကြီးသဖြင့် နိုင်ငံရေးနှင့် ကျန်းမာရေးအကြောင်း မှလွဲ၍ ၂၀၂၁ခု နှစ်အတွင်း အခြား အကြောင်းများကို လူစိတ်ဝင်စားမည်လည်း မဟုတ်ပေ။

သို့သော် နှစ်ကုန်ပိုင်းလောက်ကစပြီး အနုပညာ အသိုင်းအဝိုင်းသည် လှုပ်ရှားစပြုလာခဲ့သည်။ အနုပညာသတင်းဌာနများသည် နာမည်မကြီးသော အနုပညာသမား အချို့၏ စားဝတ်နေရေး ကျပ်တည်းနေမှုများကို ရိုက်ကူးသတင်းတင်ဆက်လာခဲ့ကြပြီး စားဝတ်နေရေးအတွက် ကိုယ့်အလုပ် ကိုယ်လုပ်ရမည်ဟူသည့် အယူအဆ တစ်ခုကိုလည်း ပုံသွင်းလာခဲ့သည်။

ထိုမှ တစ်ဆင့် စီးပွားရေးသမားများက ကြေညာငှားရမ်းခြင်း၊ ပွဲများ စမ်း ၍ ပြုလုပ်လာကြခြင်းများဖြင့် အနုပညာနယ်ပယ်သည် တစ်ဖန်ပြန်လည်ကာ အသက်ဝင်လာခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အတွင်း အနုပညာနယ်ပယ် သည် တစ်စ တစ်စ အသက်ဝင်လာခဲ့ရာမှ ပျော်ရွှင်ဖွယ်ရာများ ဖော်ကြူးနေသည့် သာယာသည့် ပတ်ဝန်းကျင် တစ်ခုသဖွယ် ဖြစ်လာခဲ့သည်။

အကယ်ဒမီ ဆုများစွာ ရရှိထားသည့် နာမည်ကြီး အနုပညာရှင်များက ပရိသတ်၏ ဝေဖန်ပြစ်တင်မှုများကို ဥပေက္ခာပြုရင်း စစ်ကောင်စီ ပြုလုပ်သည့် သင်္ကြန်ပွဲတွင်ပင် ဦးဆောင်ပါဝင် လှုပ်ရှားလာခဲ့ကြသည်။

ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ ဖြစ်နေသည့် အနုပညာသတင်းဌာနများကလည်း အနုပညာရှင်များ၏ ကိုယ်ရေးကိုယ်တာ ပြဿနာများကအစ သတင်းလုပ်ရင်း အနုပညာနယ်ပယ်ကို ပြန်လည် အသက်သွင်းမှုများတွင် ပါဝင်လာသည်။

အနုပညာသမား၊ အနုပညာ သတင်းဌာနနှင့် စီးပွားရေး သမားများသည် အစာကွင်းဆက် တစ်ခုသဖွယ် တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပြီး တည်ရှိသည်။

အနုပညာသမားများ၏ သတင်းများသည် လူထု ၏ စိတ်ဝင်စားမှုကို များများစားစား ရရှိပြီး လူကြည့်များမှု အပေါ် မူတည်၍ စီးပွားရေးသမားများက ကြေညာများ ထည့်သွင်းကြသည်။

သို့ဖြစ်ရာ အနုပညာ သတင်းဌာနများက လူကြည့်များစေမည့် အနုပညာသမားများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများပါမကျန် သတင်းလုပ် တင်ဆက်လာပြီး လူကြည့်များသဖြင့် အဆိုပါ သတင်းများတွင် စီးပွားရေးသမားများက ကြေညာ ထည့်သွင်းကြသည်။

သို့ဖြင့် စစ်ပြေးဒုက္ခသည် သန်းချီ၏ ဝမ်းနည်းဖွယ်ရာ အကြောင်းအရာများ၊ စစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှု အကြောင်းရာများ ကို ဖော်ပြသည့် သတင်းများ နေရာတွင် အနုပညာသတင်းများက အစားထိုး ဝင်ရောက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း လက်ယက်ကုန်းကျေးရွာ လေကြောင်း အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ဒါဇင်နှင့်ချီသည့် ကလေးငယ်များ ထိခိုက် သေဆုံးခဲ့ရမှု၊ အညာဒေသတစ်ခွင် မီးဟုန်းဟုန်းတောက် ဖျက်ဆီးခံခဲ့ရမှု၊ အနန့်ပါပွဲ ဗုံးကြဲခံရမှု၊ ရခိုင်တစ်ကျော့ပြန် စစ်ပွဲ၊ ကိုဇေယျာသော်၊ ကိုဂျင်မီတို့ သေဒဏ်ပေးခံရမှု စသဖြင့် စစ်တပ်၏ အကြမ်းဖက်မှုများ ဆိုးဆိုးရွားရွား ဖြစ်ခဲ့သည်။

တစ်နိုင်ငံလုံးမှ သိန်းနှင့်ချီသည့် ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရပြီး သန်းနှင်ချီသည့် ပြည်သူများ စစ်ပွဲများ၏ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးကာ အိမ်ဟူသည့် အရာကို စွန့်လွှတ်ခဲ့ကြရသည်။

အဆိုပါ တိုင်းပြည်၏ ဒုက္ခ အပူမီးသည် ဝမ်းရေးအတွက် အနုပညာအလုပ် ပြန်လုပ်ရသည် ဆိုသည့် အနုပညာရှင်များ၏ မေ့ထားခြင်းကို ခံရသလို ၄င်းတို့ အကြောင်း အစဥ်တစ်စိုက် ဖော်ပြလာခဲ့သည့် အနုပညာသတင်းဌာနများကလည်း ဖော်ပြခြင်း မရှိပေ။

စစ်ကောင်စီက ပြည်တွင်းသတင်းသမားများကို အကြီးအကျယ် ဖိနှိပ်နေသဖြင့် ကင်မရာပင် မကိုင်ရဲသည်ထိ ဖြစ်နေချိန်တွင် အနုပညာသတင်းသမားများကတော့ စစ်သားများ ရှေ့တွင်ပင် လွတ်လပ်စွာ ရိုက်ကူးခွင့် ရှိနေခဲ့သည်။

နိုင်ငံရေး သတင်း၊ စစ်တပ်၏ အကြမ်းဖက်မှုများ ဖော်ပြခြင်း မဟုတ်သဖြင့် စစ်တပ်သည် ၄င်းတို့ကို အရေးယူ ဖမ်းဆီးခြင်း ပြုလုပ်မည် မဟုတ်ပေ။

တစ်ဖြည်းဖြည်းဖြင့် အဖမ်းအဆီး မရှိ လုပ်ကိုင်ခွင့် ရလာခြင်းဖြင့် အနုပညာ သတင်းဌာနများက ပို၍ အနုပညာနယ်ပယ်ကို အသက်သွင်းလာနိုင်ကြသလို အနုပညာသမားများကလည်း အနုပညာသတင်းဌာနများထက်၌ ၄င်းတို့၏ မည်သည့် ထမင်းကို စား၍ မည်သို့ နင် သည် ဆိုသည့် အသေးအဖွဲ ကိစ္စများကို ထုတ်ဖော်ပြောခြင်း ဖြင့် အလုပ် ဖြစ်လာခဲ့တော့သည်။

စစ်အာဏာသိမ်းမှု ကနဦး ကာလများ၌ လူထု သပိတ်များကို ဦးဆောင် လှုံ့ဆော်ခဲ့ကြသည့် အနုပညာရှင် အများအပြား ရှိခဲ့ဖူးသည်။ ထိုထဲ တွင် နာမည်ကြီး အနုပညာရှင် အများစုလည်း ပါဝင်သည်။

စစ်ဘီလူး၏ မျက်နှာဖုံး မကွာကျခင် အချိန်များက အဆိုပါ အနုပညာရှင်များသည် ဒီမိုကရေစီ ကြွေးကြော်သံများကို တက်ကြွစွာ ဟစ်ကြွေးခဲ့ကြသည်။

အချို့က အနုပညာသမားများကို ခြောက်လှန့် ခြိမ်းခြောက်၍ မည်သည့်အခါမျှ ရမည်မဟုတ်၊ အနုပညာသမားများသည် မကြောက်တတ်ဟူ၍ ပင် ရဲရဲတောက် စိတ်ထားများ ရှိသည့်သဖွယ် ပြသခဲ့ကြသည်။

စစ်အာဏာသိမ်း ဆန့်ကျင်သည့် လူထုသပိတ်များ မြေပြင်တွင် အားကောင်းခဲ့စဥ်က လူမှုကွန်ယက်တွင်လည်း မဆန့်ကျင်သူများကို Social Punishment လုပ်ရေး လှုံ့ဆော်မှုများ အားကောင်းခဲ့သည်။

နာမည် အလွန်ကြီးသော အနုပညာရှင် အချို့သည် စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း မထုတ်ဖော်သော်လည်း ဆန့်ကျင်ကြောင်းလည်း မပြောရဲသဖြင့် လူထု၏ လူမှုရေးပြစ်ဒဏ်ပေးခြင်းများကို ခံခဲ့ရဖူးသည်။

လူထုကပေးသည့် လူမှုရေးပြစ်ဒဏ်သည် စစ်အာဏာသိမ်းမှုကို မဆန့်ကျင်ရဲသည့် အနုပညာရှင်များအား ၄င်းတို့ မည်မျှပင် ကြိုက်နှစ်သက်စေကာမူ အားပေးခြင်းကို ရပ်တန့်ပစ်လိုက်ကြ ခြင်း ဖြစ်သည်။

ပရိသတ်ကပေးသည့် Social Punishment ပြစ်ဒဏ်အား အနုပညာရှင်အများအပြား ကြောက်ရွံသဖြင့် အချို့က ဟန်ပြ စစ်အာဏာရှင် ဆန့်ကျင်မှုများကို ပြုလုပ်ခဲ့သည်။

မကြာလှပေ။ စစ်ဘီလူးသည် သူ၏ အကြမ်းကြုတ်ဆုံး သရုပ်အမှန်အား ပြသလာခဲ့သည်။ နေ့မှာ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ် ည၌ အကြမ်းဖက် စီးနင်းဖမ်းဆီး ခြင်းဖြင့် လူထုသပိတ်များကို ဖြိုခွဲလာခဲ့သည်။

များစွာသော အနုပညာရှင်များ ၅၀၅ (က) ကိုယ်စီ ခြင့် ဖမ်းဝရမ်းများ ထုတ်ခံရသည်။

( ၂၀၂၁ခု နှစ်အတွင်း ခိုင်ခံမြဲမြံသော စိတ်ထားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် အနုပညာရှင်များသည် ထောင်သွင်း အကျဥ်းချခံရခြင်း၊ တိုင်းတစ်ပါးသို့ ထွက်ပြေးရခြင်းများကို ကြုံခဲ့ရသည်။

၄င်းတို့ထဲမှာ နာမည်ကြီး အနုပညာရှင် အချို့ အဖမ်းခံရပြီး အချို့က ယခုတိုင် တိုင်းတစ်ပါး၌ အနုပညာ အလုပ်များအစား ကျပန်းလုပ်၍ ရှင်သန်ရေး ကြိုးစားနေရဆဲ ဖြစ်သည်။

အချို့က လွတ်မြောက် နယ်မြေများတွင် နေထိုင်ရင်း တော်လှန်ရေးအတွက် စိတ်နှစ် ပါဝင်လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။

ယခု ဆောင်းပါးသည် အဆိုပါ စစ်အာဏာရှင်ကို ဆန့်ကျင်နေဆဲ အနုပညာရှင်များအား ရည်ညွှန်းလိုခြင်း မဟုတ်ပေ။)

ဖမ်းဝရမ်း ထုတ်ခံရသည် ဆိုသော်လည်း နေအိမ်မှာပင် အနေအထိုင် မပျက် ရှိနေခဲ့သည့် အနုပညာရှင် အများအပြား ရှိခဲ့ပြီး ၄င်းတို့အား အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခြင်းမျိုး ပြုလုပ်ခြင်း မရှိခဲ့ပေ။

သို့သော် ဖမ်းဝရမ်း ထုတ်စ အချိန်မှ စ၍ အဆိုပါ အနုပညာရှင်များ၏ စစ်အာဏာရှင် ဆန့်ကျင်မှုများလည်း ပျောက်ဆုံးသွားခဲ့သည်။

များစွာသော နာမည်ကြီး အနုပညာရှင်များသည် နိုင်ငံရေး မလုပ်ပါဟူသော ခံဝန်များကို ကြိတ်၍ လက်မှတ်ထိုးခဲ့ကြပြီး ၄င်းတို့၏ စစ်အာဏာရှင် ဆန့်ကျင်သံများကို မြေမြှပ်ပစ်လိုက်ကြသည်။

ယခုအခါ အဆိုပါ အနုပညာရှင်များသည် စစ်ကောင်စီ အလိုကျ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပေးပွဲကိုပင် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ရန် ကြိုးစားလာနေကြသည်။

နေပြည်တော်၌ ပြုလုပ်ရန် အသံ ကျယ်ကျယ်လောက်လောင် ထွက်နေသည့် အဆိုပါ အကယ်ဒမီ ပေးပွဲတွင် အကဲ ဖြတ်ဒိုင်များ အဖြစ် နာမည်ထွက်သူများမှာ စစ်တပ်ဝါဒဖြန့်ဇာတ်ကား အသစ် စောင်နီလေးတစ်ထည်တွင် ပါဝင် သရုပ်ဆောင်ကြသူများ ဖြစ်သည်။

၂၀၁၉ခု နှစ်အတွက်မှတစ်ပါး စစ်ကောင်စီ ပြုလုပ်မည့် အကယ်ဒမီပေးပွဲ၌ ဇကာတင် စာရင်းပါ ဇာတ်ကားအများစုမှာမှာ မြန်မာပေါကား ဟု သတ်မှတ်ကြသည့် အဆင့်အတန်းမျိုးဖြင့် ဖန်တရာထေ ဟာသ ဇာတ်ကားများသာ ဖြစ်သည်။

ထို့ပြင် အဆိုပါ ရုပ်ရှင်ကားအများစု၌ စောင်နီလေးတစ်ထည်မှ အနုပညာသမား အများစု ပါဝင် သရုပ်ဆောင်ထားကြသည်။

အကယ်ဒမီဟူသည် အနုပညာသမားများ အလိုချင်ဆုံးအရာ ဖြစ်၍ ယခုကဲ့သို့ အကယ်ဒမီ ပွဲ ဖြစ်မြောက်အောင် ကြိုးစားနေကြခြင်းဟုလည်း အဆိုပါ အနုပညာသမားများက ဆိုကြသည်။

သို့သော် ၄င်းတို့ ထုတ်ပြန်ထားသည့် အကယ်ဒမီ ဇကာတင် စာရင်းပါ ရုပ်ရှင်ကား အချို့မှ ပါဝင်သရုပ်ဆောင် ရိုက်ကူးဖန်တီးသူ အချို့သည် အကယ်ဒမီဆုရရှိရေးထက် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးကို ပိုတန်ဖိုးထားသဖြင့် စစ်ကောင်စီက နိုင်ငံအတွင်းပင် ဝင်ခွင့်မပြုထားခဲ့ပေ။

အလားတူ အချို့သော အနုပညာရှင်များသည် အကယ်ဒမီ ဆုရနိုင်လောက်သည့် သရုပ်ဆောင် အားထုတ်မှုများ ရှိထားသော်လည်း စစ်တပ်၏ ဖမ်းဆီးခြင်း ခံရမှုမှ လွတ်မြောက်လာပြီးနောက်တွင် မည်သည့် အနုပညာလှုပ်ရှား မှုမျိုးကိုမှ ပြုလုပ်ခဲ့ခြင်း မရှိပေ။

ယင်းအနုပညာရှင်များသည် စစ်ကောင်စီ ပြုလုပ်မည့် အကယ်ဒမီပေးပွဲကို တက်ရောက်ရန် အလားအလာ မရှိသလောက် ဖြစ်ပြီး အကယ်ဒမီ ရွှေစင်ဆုကို အရည်အချင်း ရှိသူစစ်စစ်ကိုသာ ပေးမည်ဆိုပါက မတက်ရောက်နိုင်မည့် အနုပညာရှင်များသာ ရရှိရန် အလားအလား များနေပေသည်။l

အကယ်ဒမီ ဆုရ နိုင်လောက်သည့် အနုပညာရှင်များ စစ်တပ်၏ ဖမ်းဝရမ်းထုတ်၊ ဖမ်းဆီးထောင်ချ ဖိနှိပ်မှု အမျိုးမျိုးအကြား နစ်မြုတ်နေရဆဲ ဖြစ်နေချိန်တွင် စစ်ကောင်စီနှင့် ပလဲနံသင့် နာမည်ကြီး အနုပညာသမားများက အကယ်ဒမီပေးပွဲကို အနုပညာရှင်များနှင့် ပရိသတ်များ၏ လိုလားမှုအရ ဆိုကာ ပြုလုပ်ရန် စီစဥ်နေခဲ့တော့သည်။

အနုပညာသတင်းဌာနများကလည်း တိုင်းပြည်အနှံ့မှ အနိတ္ထာရုံများကို လစ်လျူရှုထားပြီး အကယ်ဒမီ ပေးပွဲ ကြီး မည်သို့ မည်ပုံ စည်ကားနိုင်မည်ဆိုကြောင်းကို အသားပေး တင်ဆက်လာကြပေတော့သည်။

အစကတော့ ဝမ်းရေးအတွက် ဟု ကြွေးကြော်ခဲ့ကြသည့် အနုပညာ အသိုင်းအဝိုင်းသည် ယခုအခါ စစ်ကောင်စီ အလိုကျ တိုင်းပြည် သာယာဝပြောနေကြောင်း ပုံဖျက်ပြမည့် ဖက်ခွက်စားများ ဖြစ်လာခဲ့ချေပြီ ဖြစ်သည်။

မှော်ဘီ ဆရာသိန်းက မြန်မာ့ဇာတ်ပွဲသဘင် စာအုပ်၌

” ၄င်းခွက်တို့နှင့် ပွဲတော် တင်ပြီးသော် ” ငါ့ကျွန်များကို ဤဖက်ခွက်နှင့် ကျွေးလိုက်ပါဘိ” ဟု မိန့်တော်မူသည့် အတိုင်း အစေခံတို့က ယူ၍ သဘင်သည်တို့ကို ကျွေးရသည်။ ပွဲတော်ကျ ဖက်ခွက်အတိုင်း စားကြ၍ ဂုဏ်ရှိသောကြောင့် ဝမ်းမြောက်ကြလေသည်။

ဝန်စုမှူးစုတို့ ကလည်း ရံဖန်ရံခါ အကြောင်းအားလျော်စွာ ဖက်ခွက်နှင့် အယဥ်အကျေးပြု၍ ကျွေးလေ့ရှိပေသည်။ ဤသို့ ဖက်ခွက်နှင့် စားသုံးကြရသည်ကို အစွဲ ပြုကာ ဖက်ခွက်စားဟု ခေါ်ကြလေသည်” ဟု ဆိုထားခဲ့သည်။

ပဒေသရာဇ်ခေတ်က မြန်မာဘုရင်များသည် တိုင်းပြည် မည်မျှ ချွတ်ချုံကျ ပျက်စီး နေစေကာမူ ၄င်းတို့၏ နန်းတော်နှင့် နေပြည်တော် တစ်ခွင်၌တော့ ပျော်ပွဲရွှင်ပွဲ ဇာတ်သဘင်ပွဲများကို အစဥ်မပြတ် ပြုလုပ် ဇိမ်ခံလေ့ ရှိကြသည်။

ထိုသို့ ပြုလုပ်ရာတွင်လည်း ဘုရင်အလိုကျ ဇာတ်သဘင် သမားများက ကပြ ဖျော်ဖြေလေ့ရှိကြပြီး ယင်းသို့ ဖျော်ဖြေ၍ ဘုရင်အပါအဝင် မင်းဆွေမင်းမျိုးများက ဆိုခဲ့ပါ ဇာတ်သဘင် သမားများကို ပွဲတော်အုပ်ကျ များကို ဖက်ရွက်ဖြင့် စွန့်ကြဲ ပေးကျွေးရာ ဖက်ခွက်စား များဟူ၍ အမည်နာမ တစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

အာဏာရှိသူ ဘုရင်နှင့် အပေါင်းအပါများက ၄င်းတို့ စိတ်ကျေနပ်စေရန် ဖျော်ဖြေပေးနိုင်သူများကို ၄င်းတို့ စားပြီးသား အကြွင်းအကျန်များကို ကျွေးခြင်းအား ဖျော်ဖြေသူများက ဂုဏ်ယူခဲ့ကြဖူးလေသည်။

ပဒေသရာဇ် အတွေးအခေါ် အယူအဆများသည် ယနေ့ နည်းပညာခေတ်၌ အသုံးမဝင်တော့ သော်လည်း စစ်ကောင်စီ အလိုကျအသုံးတော် ခံနေသည့် နာမည်ကြီး အနုပညာရှင်များသည် ခေတ်သစ် ဖက်ခွက်စားများ ဖြစ်လာခဲ့သည်။

နိုင်ငံအနှံ့ စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်မှုများ၊ စစ်ပွဲများအကြား နွမ်းနယ်နေသည့် ပြည်သူများကို မေ့ထားရက်နိုင်ပြီး ၄င်းတို့သည် အနုပညာသမားများ အနုပညာ အလုပ်လုပ်သည်ဟု ဆိုကာ မျက်နှာပြောင်ကို ခပ်မာမာပင် တိုက်လာကြပြီ ဖြစ်သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက ၄င်းတို့အား နိုင်ငံတကာ အသိအမှတ်ပြု ရရေး အသည်းအသန် ကြိုးစားနေခဲ့သည်။

နိုင်ငံတကာက အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုရန်မှာ အစိုးရတစ်ရပ် အဖြစ် ကြွေးကြော်သူများ အနေဖြင့် နိုင်ငံအတွင်း ထိရောက်သည့် အာဏာစက်ကို ဖြန့်ကြက်နိုင်ရမည် ဖြစ်သည်။

အာဏာစက်ကို ဖြန့်ကြက်နိုင်ကြောင်း ပြနိုင်ရန်အတွက် တိုင်းပြည်အတွင်း ပုံမှန်အတိုင်း စည်ကားစွာ အများပြည်သူ သာယာချမ်းမြေ့နေကြောင်း ပြသရန် လိုမည်ဖြစ်သည်။

ယခုအချိန်ကာလတွင် အနုပညာ သတင်းဌာနများထက်မှ သတင်းများကို ကြည့်ပါက တိုင်းပြည်သည် စစ်ပွဲများနှင့် အာဏာရှင် ဖိနှိပ်မှုအကြား မွဲ ပြာကျ စုတ်ပြတ်နေရသည်ဟုပင် ထင်ရမည်မဟုတ်ပေ။

ဟိုတယ်ကြီးများ၊ ရှော့ပင်းမောလ်ကြီးများတွင် ပြုလုပ်လာခဲ့ပြီဖြစ်သည့် ပွဲ အမျိုးမျိုး၌ ပွဲတက်နေသည့် အနုပညာသမားများ၊ စစ်ဘေးရှောင် နှစ်သန်းကျော်အတွက် တစ်ပြားတစ်ချပ်မျှ မလှူသော်လည်း ဆင်းရဲသူများကို အလှူလုပ်ပေးနေသည်ဟု ဂုဏ်ယူလေ့ရှိသည့် အနုပညာသမားများ၊ ရည်းစားနှင့် လမ်းခွဲလိုက်သည့် အနုပညာသမားများ၊ ကလေးမွေးလိုက်သည့် အနုပညာသမားများ၊ Gym ဆော့နေသည့် အနုပညာသမား စသဖြင့် အနုပညာသတင်းဌာနများ၏ သတင်းများက အာဏာသိမ်းခံထားရသည့် နိုင်ငံဟုပင် ထင်ရမည် မဟုတ်ပေ။

အဆိုပါ အခြေအနေသည် စစ်ကောင်စီ လိုလားလျက် ရှိသည့် အခြေအနေမျိုး ဖြစ်သည်။ နိုင်ငံအနှံ့ စစ်မျက်နှာပေါင်းစုံ ဖွင့်ပြီး အကျပ်ရိုက်နေသော်လည်း ငြိမ်းချမ်းနေသယောင် ပြသလိုသည့် စစ်အာဏာရှင် တစ်စုအတွက် ကျေနပ်စရာ အခြေအနေ ဖြစ်သည်။

မကြာခင်ကာလတွင် မဟာသင်္ကြန်ကာလသို့ ရောက်ရှိတော့မည် ဖြစ်ပြီး ဖက်ခွက်စား အနုပညာရှင်များက ပြည်တွင်းစစ်ကို ဥပေက္ခာ ပြုကာ စစ်ကောင်စီ အလိုကျ စည်ကားသည့် သင်္ကြန်ပွဲတော် ဖြစ်နေဟန် ပုံဖော်ရန် ကြိုးစားနေသည်။

အနုပညာသမားဟူသည် ပြည်သူများ၏ ဘဝအမောများ ပြေစေရန် တတ်သည့် အနုပညာဖြင့် ဖျော်ဖြေပေးကြရသူများ ဖြစ်သည်။

သို့သော် စစ်ကောင်စီ နံဘေးမှ ဖက်ခွက်စားအနုပညာသမားများကတော့ ပြည်သူများ၏ ဘဝ အမောများ အဖိနှိပ်ခံရမှုများ ကြုံနေရချိန်တွင် ရယ်မောပျော်ရွှင်လျက် စစ်ခေါင်းဆောင်များ လိုလားနေသည့် သာမာန်အခြေအနေ ရောက်နေပြီ ဖြစ်ကြောင်း လိမ်လည်ပြနေခြင်း ဖြင့်သာ အာဏာရှင်၏ ဖက်ခွက်စားများ ဘဝကို ကျေနပ်စွာ ခံယူနေလျက် ရှိသည်။
#CjPlatform #ဆောင်းပါး #အကယ်ဒမီ #ဖက်ခွက်စား