ဝက်လက်တွင် ကျေးရွာပကဖမှ ကောင်းသူစံသမဝါယမအဖွဲ့ဝင် လယ်သမားအချို့၏ လယ်များအား သိမ်းယူ

Author သတင်းအယ်ဒီတာအဖွဲ့
Categories
Published on Mar 31, 2023

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ကျေးရွာ ပကဖ ခေါင်းဆောင်မှ ကျေးရွာလယ်သမား ၉၁ဦး ပါဝင်ဖွဲ့စည်းထားသည့် ကောင်းသူစံ သမဝါယမ အသင်း၏ လယ်အချို့အား သိမ်းယူပြီး မြို့နယ်ပကဖ ခေါင်းဆောင်ထံ လာဘ်ပစ္စည်းအဖြစ် ပေးအပ်မှုရှိခဲ့ကြောင်း လယ်မြေသိမ်းဆည်းခံရသည့် တောင်သူများထံမှ သိရသည်။

ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာမှ ပကဖ ခေါင်းဆောင် ကိုစန်းသည် ကျေးရွာရှိ လယ်သမား ၉၁ ဦး ပါဝင် ဖွဲ့စည်းထားသည့် ကောင်းသူစံ သမဝါယအဖွဲ့မှ လယ်သမား ၁၁ ဦး လုပ်ကိုင်နေသည့် လယ်မြေဧက ၂၀၀ နီးပါးကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ ဝန်းကျင်ခန့်တွင် သိမ်းဆည်းကာ ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင် ကိုနေမျိုးအောင်၏ ဖခင်ဖြစ်သူထံ လာဘ်ပစ္စည်းအဖြစ် ပေးဆောင်ခဲ့ကြောင်း လယ်လုပ်ပိုင်ခွင့် သိမ်းဆည်းခံရသည့် ဒေသခံလယ်သမားများက စွပ်စွဲပြောဆိုသည်။

ထိုသို့ သိမ်းဆည်းခံရသည့် လယ်မြေများသည် နိုင်ငံတော်ပိုင် လယ်မြေများဖြစ်ပြီး နိုင်ငံတော်မှ အဆိုပါ လယ်သမား ၉၁ ဦးထံ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ချပေးကာ လုပ်ကိုင်ခွင့်ပေးထားသည့် လယ်မြေများဖြစ်ပြီး ထိုလယ်မြေများကို ဆားတောင်ကြီးကျေးရွာ ပကဖ ခေါင်းဆောင် ကိုဆန်းမှ သိမ်းယူကာ မြို့နယ် ပကဖခေါင်းဆောင်ကိုနေမျိုးအောင်၏ ဖခင်ဖြစ်သူထံ လုပ်ပိုင်ခွင့်များချပေးမှုသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ၎င်းကျုးလွန်ခဲ့သည့် ဒေသခံ စစ်ဘေးရှောင် နှစ်ဦးအား သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်အား ကာကွယ်ပေးရန် လာဘ်ထိုးခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“ကျွန်တော်တို့ အသင်းသား ၁၁ ဦးကို ပယ်ပြီးတော့ နေမျိုးအောင်ရဲ့ အဖေကို ၂၄ ဧက ချပေးတယ်ပေါ့၊ ကျန်တဲ့ ဧက ၁၀၀ ကျော်ကိုလည်း သူတို့ ပကဖ ခေါင်းဆောင်တွေ အချင်းချင်း ပြန်ချပေးတယ်ပေါ့၊ ကျွန်တော်တို့ ရွာက စည်းမဲ့ကမ်းမဲ့နိုင်တယ် သူတို့ ပကဖ ဖွဲ့ပြီးနောက်ပိုင်း ပြည်သူတွေကို မတရားညှင်းပန်း သတ်ဖြတ်နေတော့ ကျွန်တော်တို့ကလဲ ရွာမှာ မနေရဲတော့ ရွာကနေ ပြေးနေရတာ၊ ပြေးတဲ့ထဲ ပါတဲ့လူ ၁၁ ဦးရဲ့မြေကို သိမ်းတာပေါ့၊ ပြီးတော့ရွာမှာက မရှိဆင်းရဲတဲ့သူတွေကို နှစ်သောင်း လယ် ၃ ဧက ပိုင်တဲ့သူဆို သုံးသောင်းဆိုပြီး ကောက်တာတွေရှိတယ်”ဟု လယ်လုပ်ပိုင်ခွင့် သိမ်းဆည်းခံရသည့် လယ်သမားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ လယ်ယာလုပ်ပိုင်ခွင့် သိမ်းဆည်းခံရသည့် တောင်သူများ၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး ဆားတောင်ကြီးရွာ ပကဖ ခေါင်းဆောင် ကိုဆန်းထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင်
“ကျွန်တော် ပြောပြမယ်ဗျ၊ ကျွန်တော်တို့ ၁၁ ဦးကို ယာယီဆိုင်းငံ့လိုက်တယ်၊ ယာယီဆိုင်းငံတာသည် ဘာလို့လဲဆိုတော့ မနှစ်က က အဲ့ ၉၁ ဦးလုံးကို ကျွန်တော်တို့ ပြန်လုပ်စားခွင့် ပေးထားတယ်၊ အဲ့ထဲက ၁၁ ယောက်က လုပ်မစားတော့ဘူး၊ ဘာဖြစ်လို့ လုပ်မစားလဲဆိုတော့ သူတို့က ပျူဒလန်တွေဗျ ပျူသင်တန်း တက်ထားတဲ့ ကောင်တွေဗျ ပျူတွေဆိုတော့ သူတို့က လုပ်မစားပဲနဲ့ ဘေးကို ထွက်ပြေးတော့ မြေလွတ်တွေ ဖြစ်သွားတယ်၊ အဲ့မြေတွေက နိုင်ငံတော်ပိုင်မြေတွေ သမမြေတွေပေါ့ သူတို့ ထွက်ပြေးတိမ်းရှောင်သွားတော့ မြေလွတ်မြေရိုင်းတွေဖြစ်တော့ တခြား အသင်းသားတွေနဲ့ တောင်သူတွေလုပ်ဖို့ အခက်အခဲဖြစ်တယ်၊ ဒီနှစ်ကြတော့ စည်းကမ်းပျက်သွားတဲ့ သူတို့ကို ခတ္တဆိုင်းငံ့ပြီး ကျန်ရှိတဲ့ သမအသင်းသားတွေကို ပြန်ချပေးလိုက်တယ်ပေါ့၊ သိမ်းတာကတော့ ကျွန်တော်တို့ ပိုင်ဆိုင်ဖို့အတွက် သိမ်းတာမဟုတ်ပါဘူး”ဟု ဆားတောင်ကြီးရွာ ပကဖခေါင်းဆောင် ကိုစန်းမှ ပြောသည်။

ယခုကဲ့သို့ ပကဖ ခေါင်းဆောင်၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ရန် လယ်လုပ်ပိုင်ခွင့် သိမ်းဆည်းခံရသည့် လယ်သမားများနှင့် ၎င်းတို့၏ နီးစပ်သူများထံ ဆက်သွယ်မေးမြန်းရာတွင် ပကဖ ခေါင်းဆောင် ပြောဆိုခဲ့သလို ၎င်းတို့သည် ပျူစောထီး သင်တန်းဆင်းများ မဟုတ်ကြောင်း ငြင်းဆိုသည်။

“သူက ကျွန်တော်တို့ကို ပြန်လာခဲ့ပါ ပြန်လာရင် အကိုတို့ လယ်တွေကိုလဲ လုပ်ပိုင်ခွင့်ပေးမယ် အသင်းပိုင်မြေကိုလဲ လုပ်ရမယ်ပြောတယ်၊ ကျွန်တော်တို့က ပျူသာဆိုရင် သူပြန်ခေါ်ပါ့မလား ကျွန်တော်တို့ ပြေးလာတယ်ဆိုတာလဲ ဒီဖက်မှာ သူတို့က စစ်ဘေးရှောင်ပြည်သူတွေ ဦးလှ နဲ့ ဦးနိုင်ထွန်း ကို သတ်ထားတာရှိတယ်၊ သူတို့သတ်တာက ပျူတွေဒလန်တွေဆိုရင် နောက်လူတွေကို နောက်မလုပ်ရဲအောင် ဘယ်အဖွဲ့အစည်းက သတ်တယ်ဆိုတာ ကြေညာတာပဲ၊ အခုကအဲ့ လိုမဟုတ်ပဲ သတ်ပြီး အလောင်းပါ ဖျောက်လိုက်တော့ အဲ့လိုတွေဖြစ်မှတော့ အစ်ကိုတို့လဲ အစ်ကိုတို့ အသက်တွေ စိတ်မချလို့ ထွက်ပြေးလာရတာ၊ အစ်ကိုတို့လဲ မြို့နယ် ပကဖ တွေ ပလဖ တွေကိုတိုင်တာပဲ ဘာမှ အကျိုးထူးမလာတော့ဘူးလေ “ဟု လယ်လုပ်ပိုင်ခွင့် သိမ်းဆည်းခံရသည့် လယ်သမားတစ်ဦးကပြောသည်။

အဆိုပါ လယ်ယာမြေများသည် အရပ်သားအစိုးရ လက်ထက်ကလည်း လယ်ယာမြေ ပိုင်ဆိုင်မှု အငြင်းပွားမှု ပြဿနာ ဖြစ်ပွားခဲ့ဖူးသေးကြောင်း သိရသည်။

ယင်းလယ်ယာမြေများအား ဆားတောင်ကြီးကျေးရွာ ပကဖခေါင်းဆောင် ကိုဆန်းမှ သိမ်းဆည်းကာ ဝက်လက်မြို့နယ် ပကဖခေါင်းဆောင် ကိုနေမျိုးအောင်၏ ဖခင်ဖြစ်သူအား ပေးအပ်ခဲ့သည်ဟု တောင်သူများ ပြောဆိုမှုနှင့် ပတ်သက်၍ CJ Platform မှ ကိုနေမျိုးအောင်ထံ ဆက်သွယ်မေးမြန်းရာတွင် ယင်းဖြစ်စဉ်အား မသိရှိကြောင်းသာ ပြန်လည်ဖြေကြားသည်။

ယခုကဲ့သို့ ဖြစ်ပွားနေသည့် လယ်ယာမြေလုပ်ပိုင်ခွင့် သိမ်းဆည်းခံရမှု ပြဿနာများအပေါ် ဖြေရှင်းပေးရန် လယ်လုပ်ပိုင်ခွင့် သိမ်းဆည်းခံ လယ်သမားများမှ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ တိုင်တန်းလိုကြပေမယ့် ယခင်က တိုင်တန်းဖူးသည့် ပြဿနာများကိုပင် ဖြေရှင်းဆောင်ရွက်ပေးမှု မရှိခဲ့တာကြောင့် တိုင်တန်းခဲ့ပါက အချက်အလက် ပေါက်ကြားပြီး ၎င်းတို့၏ မိသားစုဝင်များအပေါ် အန္တရာယ်ကျရောက်မည်ကိုလည်း စိုးရိမ်နေကြသည်။