NUG ကိုင်ကို ကိုင်ထားရမယ့် ဝှက်ဖဲ

Author နိုင်ရာဇာမင်း
Categories
Published on Mar 25, 2023

ရှိုးဆော့နေတဲ့ ဖဲဝိုင်းတစ်ခုမှာ မှောက်ထားတဲ့ အောက်ဖဲလေးက တစ်ဖက်ပြိုင်ဘက် အပေါ် စိတ်လှုပ်ရှားမှု အပေးစွမ်းနိုင်ဆုံး အရာဖြစ်နေဖို့ လိုပါတယ်။ တစ်ချက်ခြင်းစီ ရင်ခုန်သံတွေ ပေးတဲ့ လှန်ဖဲတိုင်းကလည်း အောက်ဖဲလေး အသက်ရှိနေစေဖို့ ချိတ်ဆက်နေစေဖို့ လိုပါတယ်။ အပေါ်ဖဲ အောက်ဖဲ ချိတ်ဆက်နေမှာသာ ကြိုက်ကြေးခေါ် နိုင်မှာ ဖြစ်ပြီး ခေါ်ကြေးကိုလည်း ဆက် ပြန်တင် ရှိုးကာ အပြိုင်ကြဲ ရဲမှာ ဖြစ်ပါတယ်။

အမြင်မှာ တစ်ပန်း ရှုံးနေစေဦးတော့ အကယ်၍ အောက်ဖဲ သာ အသက်ရှိနေခဲ့ရင် ဆိုတဲ့ စိတ် က ရှိုးဝိုင်း တစ်ခုကို အသက်ဝင်လှပနေစေတဲ့ အရာဖြစ်နေပါလိမ့်မယ်။ ဂျိုကာ ဆိုတာ ပိုကာ ၀ိုင်းတစ်ခုမှာ တစ်ကောင်ထဲဆို ဘာမျှ သိပ်ပြီး လှုပ်မရတဲ့ ကဒ်တစ်ခုပါပဲ။

ဒါပေမယ့် ရှိုးဝိုင်းတစ်ခုမှာတော့ အောက်ဖဲ မှောက်ဖဲလေးဟာ ကိုးမှ စပိတ် တစ်ထိ မည်သည့်ဖဲ ဖြစ်နေစေကာမူ အရေးပါလှတဲ့ ၀ှက်ဖဲ လေးဖြစ်နေမှာပါပဲ။ ဒီဖဲရဲ့ အရေးပါခြင်း မပါခြင်းကို ကြည့်ပြီး ကစားသူဟာ ပွဲရဲ့ အရှိန်ကို တင်ပြီး အနိုင်ရဖို့ ဆော့ကစားရမှာ ဖြစ်ပါတယ်။

အလှည့်ကျ ဝေသမျှ Hide Card အဖြစ် ပေးမှာ ဖြစ်လို့ ဘယ်ကဒ်ကို ဖုံးကွယ်ထားမယ် ဆိုတာကတော့ ကစားသူအပေါ် မူတည်တဲ့ အရာပါပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲကြီးများ အကြမ်းဖက်နှိမ်နင်းခံရပြီးနောက် ပျောက်ကွယ်သွားရချိန်မှာ အမျိုးသားညီညွှတ်ရေး အစိုးရဟာ လူငယ်တွေရဲ့ လွတ်မြောက်လိုစိတ်၊ စစ်အာဏာရှင်အပေါ် နာကျည်းမှုတွေကနေ အရင်းတည် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ရဲ့ တပ်ဦး အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

နှစ်ခြောက်ဆယ်ကျော် နိုင်ငံကို ချယ်လှယ်စိုးမိုးထားတဲ့ စစ်အာဏာရှင် စစ်ခေါင်းဆောင် တစ်စုနဲ့ သူတို့ရဲ့ လက်နက်ကိုင် တပ်တွေကို တော်လှန်ဖို့ရာ NUG က တောခိုလာတဲ့ လူငယ်တွေကို စနစ်တကျ ဦးဆောင်ပြီး လုပ်ဆောင်ပေးဖို့ တာဝန်ရှိနေတာလည်း ဖြစ်ပါတယ်။

တော်လှန်ရေး အစိုးရနဲ့ စစ်အာဏာရှင်တွေဟာ ကစားဝိုင်းရဲ့ တစ်ဖက်တစ်ချက်မှာ ထိုင်ထားပြီး နွေဦးတော်လှန်ရေးရဲ့ အနိုင် အရှုံးကို လောင်းကြေးထပ်ထားပါတယ်။

ကစားပွဲအစ လွန်ခဲ့တဲ့ နှစ်နှစ်ကာလမှာ စစ်အာဏာရှင်တစ်စုအတွက် ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ သူတို့ရဲ့ စစ်တပ်ဟာ အကောင်းဆုံးသော လှန်ဖဲ တစ်ချပ်ပါပဲ။ နှစ်ချက်သာ ဝေရသေးတဲ့ ရှိုးဝိုင်း တစ်ခု အခြေအနေမျိုး အဖြစ် သတ်မှတ်ရရင် တစ်ဖက်က NUG အစိုးရဟာ လက်နက်ကိုင်တော်လှန်ရေး အစမှာ ပါဝါ သိပ်မကြီးလှသေးတဲ့ လှန်ဖဲ တစ်ချပ်ကိုသာ ပိုင်ဆိုင်ထားခဲ့ပါတယ်။

ဗမာလူငယ် အများအပြားဟာ စစ်အာဏာသိမ်း ကနဦးကာလ ၄င်းတို့ရဲ့ အကြမ်းမဖက် သပိတ်တွေ အကြမ်းဖက်ဖြိုခွဲခံရ၊ သတ်ဖြတ်ခံရပြီးနောက်ပိုင်းမှာ စစ်ဘီလူးကို အမြစ်ဖြတ်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်များရှိရာ လွတ်မြောက်နယ်မြေများစီ ထွက်ခွာလာခဲ့ပါတယ်။

ဒါက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လွတ်လပ်ရေးခေတ်ဦးက မအောင်မြင်ခဲ့တဲ့ တော်လှန်ရေး ကာလနောက်ပိုင်း ဗမာလူမျိုးတွေရဲ့ ဗမာစစ်တပ်ကို တော်လှန်ဖို့ရာ အများဆုံး လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်လာခဲ့တာလည်း ဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အစမှာ ဗမာစစ်တပ်ဟာ အငိုက်မိသွားတဲ့ ပုံစံ ဖမ်းခဲ့တာကြောင့် ဒီ ဗမာလူငယ်အများအပြား တောခိုလာခဲ့ကြတာဟာ NUG အစိုးရအတွက် ခေတ်မီ လက်နက် တပ်ဆင်ထားတဲ့ စစ်တပ်ဆိုတဲ့ စစ်အာဏာရှင်တစ်စုရဲ့ လှန်ဖဲလောက် ပါဝါ မကြီးသော်လည်း အင်အားရှိတဲ့ လှန်ဖဲ တစ်ချက်ကို ပြထားနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အဲ့ဒီကာလမှာ စစ်အာဏာရှင်တစ်စုအတွက် Hide Card က သူတို့ စစ်အာဏာရှင်တွေ ကိုယ်တိုင်ပဲ ဖြစ်နေပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ဆိုရှယ်လစ် တပ်မှူးတွေ ရိုက်သွင်းထားခဲ့တဲ့ တစ်သွေးတစ်သံ တစ်မိန့် စစ်တပ်ကို လိုသလို ကြိုးကိုင်နိုင်တာ စစ်ခေါင်းဆောင် အာဏာရှင် တစ်စုသာ ဖြစ်ပါတယ်။

သူတို့က လက်နက် လူသူ အင်အားကောင်းတဲ့ စစ်တပ်ကို လှန်ဖဲထားပြီး သူတို့ကိုယ်တိုင် Hide Card အဖြစ်နဲ့ ကစားပွဲကို ချိတ်ဆက် ထားခဲ့ပါတယ်။
တစ်ဖက်က NUG အစိုးရအတွက်ကတော့ သူတို့ရဲ့ Hide Card က ဘာဆိုတာကို စစ်အာဏာရှင်များအတွက် ခန့်မှန်းရခက်ခဲစေခဲ့ပြီး ပြိုင်ဘက် ရန်သူ စစ်အာဏာရှင်တွေ ခြောက်ခြားစေလောက်တဲ့ Hide Card တစ်ခုကို ကိုင်ထားနိုင်ခဲ့ပါတယ်။

လက်နက်မပါတဲ့ လူထုသပိတ်တွေကို ခေါင်းကို တည်ပစ်ပြီး ရက်စက်စွာ အကြမ်းဖက်ဖြိုခွဲပြခြင်းကြောင့် ဗမာစစ်တပ်ဟာ နိုင်ငံတကာရဲ့ ဖိအားကို ပြင်းထန်စွာ ခံနေခဲ့ရတာ အခုချိန်ထိပါပဲ။ လက်နက်ကိုင်တော်လှန်ရေး စဖြစ်ပေါ်လာတဲ့ အချိန်မှာ အဲ့ဒီ ဖိအားက ပိုပြီးတော့ ပြင်းထန်နေခဲ့ပါတယ်။

NUG ဟာ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ အစိုးရတစ်ရပ် ဖြစ်တာကြောင့်လည်း နိုင်ငံတကာမှ တရားဝင် အသိအမှတ် ပြုခွင့်ရရေး အလေးသာနေခဲ့ပါတယ်။ ဒီအချက်က ကစားပွဲအစမှာ စစ်အာဏာရှင်တွေ အလွန်ကို ကြောက်ရွံ့ခဲ့ဖွယ်ရှိတဲ့ NUG အစိုးရ လက်ထဲမှာ ကိုင်ထားနိုင်ခဲ့တယ်လို့ ၄င်းတို့ ထင်မှတ်ခဲ့တဲ့ Hide Card တစ်ခု ဖြစ်ခဲ့ဖွယ်ရှိပါတယ်။

NUG ကိုသာ နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရတစ်ရပ် အဖြစ် အသိအမှတ်ပြုခဲ့ရင် NUG ဟာ တော်လှန်မယ့် လူငယ်တွေကို တရားဝင် တပ်မတော် တစ်ခုအဖြစ် လက်နက်တပ်ဆင်ပြီး စစ်အာဏာရှင်တွေကို တော်လှန်နှိမ်နင်းဖို့ရာ အလွယ်တကူ လက်နက်တပ်ဆင်ခွင့်ရလာမှာ ဖြစ်ပါတယ်။

အစိုးရ အချင်းချင်း သဘောတူညီမှုဖြင့် လက်နက်ရောင်းဝယ်တာဟာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်မနေပါပဲ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကို အစိုးရ တစ်ခုက လက်နက်ရောင်းချခြင်းကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တယ်လို့ ပြောလို့ရတဲ့ အခြေအနေတစ်ခုပါပဲ။

စစ်အာဏာရှင်တွေဖက်က ဒီအခြေအနေမှာ NUG အစိုးရဟာ နိုင်ငံတကာ အသိအမှတ်ပြုမူကိုများ ရသွားနိုင်မလားဆိုတဲ့ အိပ်မက်ဆိုးတွေကို ဆိုးဆိုးရွားရွား မက်ခဲ့ဖူးပါတယ်။

လက်နက်ကိုင်တော်လှန်ရေး စတင်အပြီး လပိုင်းအကြာမှာပဲ D-Day ကြွေးကြော်သံနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခုခံစစ် ဆင်နွှဲကြောင်း ကြေညာလိုက်တာခြင်းဖြင့် NUG ဟာ ကစားပွဲရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ NUG ရဲ့ ယာယီသမ္မတ ဒူလဝါရှီးလက ခုခံစစ်ကို စတင်ပြီ ဖြစ်တယ်လို့ နိုင်ငံက ပြည်သူတွေကို အသိပေး ကြေညာခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ရေး အရှိန်မြှင့်လိုက်ခြင်း ဖြစ်ပြီး မြို့ကြီးတွေမှာပါ ဗမာ စစ်တပ်ကို ပျောက်ကြား တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ဖြစ်ပွားလာခဲ့ပါတယ်။

ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ကရင်၊ ကချင် ဒေသတွေမှာတော့ ဗမာစစ်တပ်ဟာ ကနဦးမှာ အထိနာတဲ့ တိုက်ပွဲတွေအကြား အလူးအလဲ ခံလိုက်ရပါတယ်။

ဒါပေမယ့် နိုင်ငံတကာက NUG ကိုရော စစ်ခေါင်းဆောင်တွေကိုပါ တရားဝင် အစိုးရအဖြစ် အသိအမှတ်မပြုပေးပဲ NUG နဲ့ လက်နက်ကိုင် တော်လှန်ရေး အတွက်လည်း ထိရောက်တဲ့ ထောက်ခံမှု သဘောကို ပြသနိုင်မယ့် လက်နက်ရောင်းချတာတွေမျိုး၊ ပေါ်ပေါ်တင်တင် ထောက်ခံပြတာတွေမျိုးကိုလည်း မပြုလုပ်လာခဲ့ပါဘူး။

ဗမာစစ်အာဏာရှင်တွေက တော်လှန်ရေး အစိုးရ NUG ရဲ့ တစ်ဆင့်တက် ရှိုးလိုက်တဲ့ ခုခံစစ်ရဲ့ နောက်ကွယ်မှာ နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ဆိုတဲ့ Hide Card များ ရှိနေလေမလား တွေးထင်ခဲ့ကြ ဖူးပါလိမ့်မယ်။

ဒါပေမယ့် အချိန်အနည်းငယ်အတွင်းမှာပဲ ဒါက မဟုတ်မှန်း ရုပ်လုံးပေါ်သွားပါတယ်။ ဗမာစစ်တပ်ဟာ တော်လှန်ရေး ရဲဘော်တွေကို တစ်နိုင်ငံလုံး အနှံ့ တပ်တွေ ဖြန့်ပြီး ရက်ရက်စက်စက် နှိမ်နင်းလာခဲ့ပါတော့တယ်။

လက်နက်အင်အား ကွာခြားမှုက တော်လှန်ရေး အင်အားစုတွေအတွက် ဗမာစစ်တပ်ကို ရင်ဆိုင်ရာမှာ အကြီးမားဆုံးသော အခက်အခဲပါပဲ။ ဗမာစစ်အတွက်လည်း တော်လှန်သူများကို ဖြိုခွင်း နှိမ်နင်းရာမှာ လူထုထောက်ခံမှု မရခြင်းက အကြီးမားဆုံးသော အခက်အခဲ ဖြစ်နေခဲ့ပါတယ်။

NUG ရဲ့ ခုခံစစ် ဆိုတဲ့ ခေါ်ကြေးနောက်ကို စစ်အာဏာရှင်တွေက သူတို့ရဲ့ ပထမဆုံး လှန်ဖဲ စစ်တပ်ကို အားကိုးပြီး ပြည်သူ့ ဘဏ္ဍာနဲ့ ဝယ်ထားတဲ့ ခဲယမ်းမီးကျောက်တွေကို ပုံလိုက်ပြီး နောက်မဆုတ်ပဲ လိုက်လာပါတယ်။

ခုခံစစ်ကြေညာပြီးစ လပိုင်းတွေမှာ စစ်လော်ဘီတွေက NUG နဲ့ PDF တပ်တွေနဲ့အတူ EAOs တွေ ပူးပေါင်း ပါဝင်မှာ မဟုတ်ဘူးဆိုပြီး ဝါဒတွေ ဖြန့်ခဲ့ကြတာ ရှိပါတယ်။

ဗမာစစ်ခေါင်းဆောင်တွေ အဆက်ဆက်အပေါ် အကာအကွယ်ပေးခဲ့တဲ့ တရုတ်အစိုးရဟာ သူတို့ရဲ့ နယ်စပ်တစ်လျှောက်မှာ အခြေတည် လှုပ်ရှားနေရတဲ့ EAOs တွေ အပေါ်မှာ မူဝါဒရေးရာမှာ ချုပ်ကိုင်ထားနိုင်တယ်လို့ စစ်ခေါင်းဆောင်တွေက ယူဆထားခဲ့ပုံရပါတယ်။

ဒါက စစ်ခေါင်းဆောင်တွေအတွက် NUG ရဲ့ Hide Card ဟာ EAOs တော့ မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားခဲ့တဲ့ သဘောမျိုးကို တွေ့ခဲ့ရပါတယ်။ ဒါမှမဟုတ် ထပ်ပြီး ကစားပွဲထဲ အလှည့်ကျ ရောက်လာမယ့်ဖဲချပ်တွေထဲမှာ အရေးပါတဲ့ EAOs တွေ NUG ဘက် မရောက်လာဖို့အရေး EAOs တွေကို အပိုင် စည်းရုံးချုပ်ကိုင်ထားနိုင်ဖို့ အရေး စစ်ခေါင်းဆောင်တွေက တစ်ပြိုင်တည်း ကြိုးပမ်းလာခဲ့ပါတယ်။

ဗမာစစ်တပ်ဟာ NUG ရဲ့ ခုခံစစ် ကြေညာအပြီးမှာ တရုတ်အစိုးရနဲ့ ခပ်ကင်းကင်း ရှိနေတဲ့ KNU နယ်မြေတွေမှာ တိုက်ပွဲတွေ ထိုးစစ်တွေကို အရှိန်တင်ပါတယ်။

ခုခံစစ်ကြေညာအပြီး သုံးလအတွင်းမှာတင် လေးကေ့ကော်မြို့သစ်ကို ဗုံးကြဲ တိုက်ခိုက်ပြီး တော်လှန်ရေး အင်အားစုတွေနဲ့ KNU တို့ကို ခွဲ ခြားနိုက်ဖို့ အကြမ်းဖက် ဖိနှိပ်ပါတော့တယ်။

ထိုင်းနယ်စပ် တစ်လျှောက်မှာ အခြေပြု လှုပ်ရှားနေတဲ့ KNU နယ်မြေတစ်ကြောမှာ PDF နဲ့ တော်လှန်ရေး ရဲဘော်တွေ ဟာစစ်ပညာ ဆည်းပူးသင်ကြားရင်း ခုံလှုံနေခဲ့ကြပါတယ်။

ဗမာစစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေကို လက်ခံသင်ကြားပေးနေတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုကြီး KNU အပေါ် စစ်ပွဲတွေ ဆင်နွဲဲပြီး အကြမ်းဖက် ဖိနှိပ်ပြခြင်းဖြင့် NUG ကို အကူအညီမဲ့အောင် ပြုလုပ်ခဲ့ပါတော့တယ်။

ဒါပေမယ့် လအတန်ကြာ ဗမာစစ်တပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်တွေကို ကြံ့ကြံ့ခံ တွန်းလှန်ခဲ့ပြီးနောက် ကရင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေအကြားမှာ တစ်သားတည်းကျတဲ့ ပေါင်းစည်းမှု ညီညွတ်မှု တွေ ရှိလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကရင်နီတိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့တွေ၊ ချင်းတိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဗမာစစ်တပ်ကို အရှိန်မြှင့် ခုခံတော်လှန်နေခဲ့ပါတယ်။

ဗမာစစ်တပ်ဟာ အဲ့ဒီ တိုင်းရင်းသား ဒေသတွေမှာ အတုံးအရုန်း သေဆုံးမှုတွေနဲ့အတူ ဆုံးရှုံးမှု တစ်စတစ်စ ကြီးမားလာခဲ့ပါတယ်။

မြောက်ပိုင်းနယ်တစ်ကြောမှာလည်း KIA၊ TNLAတို့က ဗမာစစ်တပ်နဲ့ ဆွေးနွေးခြင်းကို မပြုလုပ်ပဲ တော်လှန်ရေး အင်အားစုအသစ်တွေနဲ့သာ လက်တွဲလုပ်ဆောင်ဖို့ ပြတ်ပြတ်သားသား ရွေးချယ်ထားခဲ့ကြပါတယ်။

အထူးသဖြင့် ကိုယ်ပိုင် လက်နက်စက်ရုံရှိပြီး ခိုင်မာအားကောင်းတဲ့ စိုးမိုးနယ်မြေ ပိုင်ထားတဲ့ KIA ဟာ အညာဒေသတစ်ခွင်က ဗမာ တော်လှန်ရေး အင်အားစု အသစ်တွေကို လက်နက်နဲ့ လိုအပ်တဲ့ စစ်ပညာသင်ကြားမှုတွေကို အားကောင်းကောင်းနဲ့ ပေးထားနိုင်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်တွေဟာ နိုင်ဖဲ ဖြစ်လာနိုင်တဲ့ EAOs တွေကို ဖယ်ဒရယ် အသံလွှင့်ပြီး တစ်ဖက်က လက်နက်ပြ ခြိမ်းခြောက်ဖိအားပေးကာ သူတို့ စိတ်ကြိုက် ခြယ်လှယ်မယ့် နိုင်ငံရေး စားပွဲဝိုင်းဆွေးနွေးပွဲတွေစီ ဆွဲခေါ်ဖို့ လုပ်ပါတယ်။

ဒါပေမယ့် ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရပြီးသား ပုံစံ ရှိနေတဲ့ အားကောင်းတဲ့ UWSA၊ ဗမာစစ်တပ်နဲ့ အပေးအယူ လုပ်နေကျ RCSS ၊ RCSS နဲ့ ဒေသတွင်း နယ်မြေစိုးမိုးမှု အားပြိုင်နေရတဲ့ SSPP တို့သာ စစ်တပ်နဲ့ ဆွေးနွေးနေခဲ့တဲ့ EAOs တွေထဲက အားကောင်းမောင်းသန် တပ်ဖွဲ့တွေ ဖြစ်နေပါတယ်။

ကျန်တဲ့ အဖွဲ့တွေကတော့ ဗမာစစ်တပ်ရဲ့ လက်အောက်ခံသဖွယ် ဖြစ်နေတဲ့ အဖွဲ့ငယ်လေးတွေ ဆိုလို့ရတဲ့ အဖွဲ့လေးတွေမျှသာ ဖြစ်ပါတယ်။

နောက်ထပ် အားကောင်းတဲ့ ရက္ခိုင့်တပ်တော်နဲ့ ဗမာစစ်တပ်တို့ဟာ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်း အကျော်မှာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီးနောက် ဒေသခံ လူထု စစ်ဒဏ် ခံရမည် စိုးသည်ဟုဆိုပြီး နှစ်ဖက် ပြန်လည် ငြိမ်သက်နေခဲ့ပါတယ်။

AA ဟာ စစ်တပ်အတွက် မည်သည့်အခါမျှ ဝှက်ဖဲ ဖြစ်လာနိုင်စရာမရှိတာကတော့ အသေအချာပါပဲ။ ဒါပေမယ့် NUG နဲ့အတူ လက်တွဲတိုက်ပွဲဝင်ဖို့ကလည်း မြင်တွေ့ရဖွယ် မရှိသေးပါဘူး။

ဒီအခြေအနေကို ကြည့်ရင် ဗမာစစ်တပ်ဟာ EAOs တွေကို သူတို့ရဲ့ နိုင်ဖဲ အဖြစ်ကိုင်ထားနိုင်ခြင်း မရှိတာကို ကွက်ကွက်ကွင်းကွင်း မြင်လာရပါတယ်။

အရေးမပါတဲ့ နေပြည်တော် ဆွေးနွေးပွဲတွေဟာ တန်းတူညီမျှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လိုချင်တဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေအတွက် မက်လောက်စရာ မရှိပါဘူး။

ခုခံစစ်ကြေညာ၍ ရှိုးခဲ့အပြီး ဗမာစစ်တပ်ဟာ NUG ရဲ့ ခေါ်ကြေးနောက်ကို လက်နက်အားကိုးပြီး လိုက်လာခဲ့ပါတယ်။ NUG ဘက်မှာ နောက်တစ်ချပ် ရလိုက်တဲ့ လှန်ဖဲကတော့ အားကောင်းတဲ့ EAOs တွေရဲ့ ပေါ်ပေါ်တင်တင်တစ်မျိုး သွယ်ဝိုက်၍ တစ်ဖုံ အကူအညီပေးနေခဲ့မှုတွေပါ။

ဗမာစစ်အာဏာရှင်တွေကတော့ သူတို့ရဲ့ ပထမဆုံး လှန်ဖဲ ဖြစ်တဲ့ ဗမာစစ်တပ်ကသာလျင် သူတို့ရဲ့ အကောင်းဆုံး ဖဲတစ်ချပ် ဖြစ်နေရတုန်းပါပဲ။ နောက်ထပ်ရလာတဲ့ လှန်ဖဲကလည်း သူတို့အတွက် အသုံးမဝင်လှတဲ့ ပျူစောထီးတွေ၊ ပြည်သူ့စစ်အမည်ခံ အဖွဲ့တွေလောက်သာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗမာစစ်အာဏာရှင်တွေ က အင်အားအလွန်အကျွံသုံး အကြမ်းဖက်ခြင်းဆိုတဲ့ ခေါ်ကြေးနဲ့အတူ NUG ကို ပြန်ရှိုးလာခဲ့ပါတော့တယ်။

အဲ့ဒီ ခေါ်ကြေးကတော့ အညာဒေသတစ်ခွင်ကို မီးဟုန်းဟုန်းတောက်အောင်ပြုလုပ်ပြီး ဗမာတော်လှန်ရေး အင်အားစုတွေရဲ့ အသည်းနှလုံးကို ထိုးနှက်လာတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ကစပြီး အညာဒေသတစ်ခွင်မှာ ဗမာစစ်တပ်ဟာ အကြမ်းဖက်မှုတွေ သိသိသာသာ ပိုလုပ်ပြလာပါတယ်။ လက်နက်ကိုင် တော်လှန်ရေး စပြီးကတည်းက အညာဟာ ဗမာစစ်သားတွေအတွက် ပြန်လမ်းမဲ့ မရဏ နယ်မြေတစ်ခု ဖြစ်နေခဲ့ပါပြီ။

ဒီအတွက်လည်း ဗမာစစ်တပ်ဟာ မြင်သမျှ မီးရှို့ဖျက်ဆီး သတ်ဖြတ်ပြီး အညာဒေသကို အကြမ်းဖက် ဖိနှိပ်ပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ ယခုအချိန်ထိ လပိုင်းအတွင်း နေအိမ်လေးသောင်းကျော်လောက်ကို မီးရှို့ဖျက်ဆီးပြလိုက်ခြင်းက ဗမာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။

ဒါ့အပြင် ဆက်တိုက်ဖြစ်လာနေတဲ့ ရက်စက်စွာ သတ်ဖြတ်ခံရမှုတွေကလည်း အကြောက်တရား ဖြင့် အညာဒေသကို ငြိမ်သက်အောင် ပြုလုပ်ပြီး တော်လှန်ရေးမီးတောက်ကို ငြိမ်းသတ်ဖို့ ကြံရွယ်နေတာမျိုး ဖြစ်ပါတယ်။

အလားတူ တော်လှန်ရေး အားကောင်းတဲ့ ကရင်နီ ပြည်အတွင်းကိုလည်း အင်အားအများအပြား သုံးပြီး ထိုးစစ်တွေ ဆင်နွှဲလာခဲ့ပါတယ်။ ကရင်နီနဲ့ အညာက တော်လှန်ရေးမီးတောက်ကြီးသာ ငြိမ်သက်သွားခဲ့ရင် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန် ကိုလည်း ကြီးစွာ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ နောက်ပြန်လှည့်မရတဲ့ အကြမ်းဖက်မှုတွေကို ခေါ်ကြေးတင်ရှိုးလာမှုကို NUG ဘက်ကလည်း ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးရဲ့ အဆုံးအဖြတ် နှစ်အဖြစ် ကြွေးကြော်ပြီး နောက်မဆုတ်တမ်း လိုက်လာခဲ့ပါတယ်။

ယခုအချိန်ကာလက ငါးချပ် ဝေရတဲ့ ရှိုးကစားပွဲတစ်ခုမှာ လေးချပ်မြောက် ဖဲကို ဝေရတဲ့ အချိန်မျိုး ဖြစ်လာပါတယ်။ ဒီ တစ်ကြိမ်ဝေတဲ့ ဖဲချပ်မှာ စစ်အာဏာရှင်တွေဘက်က Hide Card ကို အပြောင်းအလဲ လုပ်လိုက်တာမျိုး မြင်တွေ့လိုက်ရပါတယ်။

မင်းအောင်လှိုင်က ရွေးကောက်ပွဲ ပြန်လုပ်မယ် ခြေဥအရ အာဏာထိန်းတယ် ကြွေးကြော်ပြီး ပြီးခဲ့ကာလ တစ်လျှောက်မှာ သူတို့ကိုယ်သူတို့ Hide Card အဖြစ် ထားခဲ့ပါတယ်။

ခြေဥအရ တရားဝင် ဖြစ်တယ်လို့ လီဆယ်ထားပြီး စစ်ခေါင်းဆောင်တွေက စစ်တပ်ကို တော်လှန်ရေးအား နှိမ်နင်းရာမှာ အသုံးချပါတယ်။

အာဏာသိမ်းကာလ နှစ်နှစ်မပြည့်ခင်က စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲ ပြုလုပ်မယ်ဆိုတာက ခန့်မှန်းချက်အများဆုံး ဝှက်ဖဲတစ်ခု ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ဒူးမထောက် အညံ့မခံ စတမ်း ခုခံတော်လှန်မှုတွေက စစ်ခေါင်းဆောင်တွေ အာဏာပြန်ရရေး အယောင်ပြ ရွေးကောက်ပွဲ ဆိုတဲ့ Hide Card ကို ဆက်ကိုင်ထားဖို့ မဖြစ်နိုင်တော့ပါဘူး။

ဒီအတွက် စစ်ခေါင်းဆောင်တွေဟာ ဒီ ဝှက်ဖဲကို ပေါ်ပေါ်တင်တင်ပဲ လှန်ဖဲ အဖြစ်ပြောင်းလိုက်ပါတယ်။ နိုင်ငံအတွင်း ငြိမ်းချမ်းမှသာ ရွေးကောက်ပွဲ ပြန်လုပ်နိုင်မှာ ဖြစ်ပြီး ရွေးကောက်ပွဲ ဖြစ်မှသာလျင် ပြည်သူတွေ ပြန်အဆင်ပြေလာနိုင်မယ် ဖြစ်တယ်ဆိုတဲ့ ပုံစံကို ဝါဒဖြန့်လာခဲ့ပါတယ်။

စစ်အာဏာသိမ်း ခြင်းရဲ့ ဆိုးကျိုး အဖြစ် စစ်ပွဲတွေ အပြင် အခြေခံ စားသောက်ကုန်စျေးနှုန်းတွေ သုံးဆကျော် ထိုးတက်၊ ဝင်ငွေတွေ ရပ်တန့်၊ လူမှုဘဝတွေ ချွတ်ချုံကျကုန်ပါတယ်။

စစ်အုပ်စုရဲ့ ညံ့ဖျင်းလှတဲ့ စီမံခန့်ခွဲမှုတွေကလည်း ဒီအခြေအနေတွေစီ ဆိုးဆိုးရွားရွား တွန်းပို့နေခဲ့ပါတယ်။

ဒီလို ဖြစ်နေချိန်မှာ စစ်ခေါင်းဆောင်တွေအတွက် သူတို့အာဏာပြန်ရရေး အယောင်ပြ ရွေးကောက်ပွဲဆိုတာကို ဝှက်ဖဲ အဖြစ် ထားလို့မရတော့ပါဘူး။

စစ်ခေါင်းဆောင်တွေဟာ နှစ်နှစ်လောက် ကိုင်ဆွဲလာခဲ့တဲ့ Hide Card ကို လှန်လိုက်ပြီး လေးချပ်မြောက် ဖဲချပ်ကို ဝှက်ဖဲ အဖြစ် ပြောင်းလိုက်ပါတယ်။

NUG ဘက်ကတော့ လေးချပ်မြောက် ဖဲချပ်က ကစားပွဲအစမှာ စစ်ခေါင်းဆောင်တွေ စိုးရိမ်ကြောက်လန့်ခဲ့တဲ့ ခိုင်မာအားကောင်းတဲ့ နိုင်ငံတကာ အကူအညီတွေ ရလာတာမျိုး ဖြစ်လာပါတယ်။

ဒီဖဲချပ်ရဲ့ ပါဝါကို စစ်ခေါင်းဆောင်တွေ အမှန်တကယ်ကို ကြောက်ရွံတာကို တွေ့ရပါတယ်။ ဥပမာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အတည်ပြုပေးလိုက်တဲ့ ဘားမားအက် ရဲ့ အရှိန်က စစ်ခေါင်းဆောင်တွေအတွက် တုန်လှုပ်စရာ ဖြစ်လာပြီး ဝါရှင်တန်ဒီစီမှာ NUG ရုံးဖွင့်ခွင့် ရလိုက်ခြင်းမျိုးက ကစားပွဲရဲ့ ချိန်ခွင်လျှာမှာ NUG အလေးသာစ ပြုလာတဲ့ ပုံစံမျိုး ဖြစ်လာပါတယ်။

ဒီတော့ စစ်ခေါင်းဆောင်တွေ ဝှက်လိုက်တဲ့ လေးချပ်မြောက် ဖဲက ဘာဖြစ်နေနိုင်မလဲ။

အမေရိကန်ရဲ့ သိသိသာသာ NUG ကို ထောက်ခံ အကူအညီတွေ ပေးလာတာက တရုတ်အစိုးရအတွက် ရင်လေးစရာ အခြေအနေဖြစ်ပါတယ်။

တတိယကမ္ဘာစစ်ဖြစ်လုနီးပါး အခြေအနေမှာ တရုတ်အစိုးရဟာ သူ့ရဲ့ အိမ်နီးချင်း မတည်မငြိမ် ဖြစ်နေတဲ့ နိုင်ငံတစ်ခုမှာ ပြိုင်ဘက် အမေရိကန်က စိုးမိုးချယ်လှယ်မှာကို မြင်လိုခြင်း မရှိပါဘူး။

ဝါရှင်တန်မှာ NUG ရုံး ဖွင့်ခဲ့ပြီးနောက်မှာ တရုတ်ဟာ မြန်မာအရေးကို အာရုံစိုက်လာပါတယ်။ ကိုယ်စားလှယ်အသစ်ကို FPNCC အဖွဲ့တွေစီ စေလွှတ်ပါတယ်။

တရုတ်ကိုယ်စားလှယ် အသစ်နဲ့ တွေ့ဆုံအပြီးမှာ FPNCC လို့ ခေါ်တဲ့ မြောက်ပိုင်း မဟာမိတ်တွေက ဗမာပြည်မနဲ့ အလုံးစုံ ငြိမ်းချမ်းရေးယူဖို့ လိုတယ်ဆိုတဲ့ သဘောထားကို ထုတ်ပြောလာပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ ကြားဝင်မှုကို ကြိုဆိုပြီး ဒီအဖွဲ့တွေက သူတို့ လှုပ်ရှားနယ်မြေတွေမှာ တရုတ်နဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်ရေး ဆက်လက် လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။

FPNCC ဟာ UWSA၊ KIA၊ SSPP၊ AA၊ TNLA တို့လို့ အင်အားကောင်းတဲ့ EAOs တွေနဲ့ ဖွဲ့ထားတာဖြစ်လို့ ဒီအင်အားစုကြီးရဲ့ အရေးပါမှုဟာ တော်လှန်ရေးအပေါ် ကြီးကြီးမားမား သက်ရောက်နေမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် နှာစေး ပြနေခဲ့တာကြာပါပြီ။ အခြားတစ်ဖက်မှာလည်း NUG နဲ့လည်း ထိတွေ့ဆက်ဆံတာမျိုး မရှိပါဘူး။

လေးချပ်မြောက်ဖဲ အဖြစ် စစ်ခေါင်းဆောင်တွေ ဝှက်လိုက်တဲ့ ဖဲချပ်ဟာ တရုတ် အစိုးရရဲ့ ကူညီမှု အဖြစ် စစ်ခေါင်းဆောင်တွေက ပုံဖော်ပြလာနိုင်ပါတယ်။

ဒါပေမယ့် တရုတ်အစိုးရဟာ အမေရိကန်ရဲ့ ပါဝင်ပတ်သက်လာမှုကို ထိန်းကွပ်ဖို့ ကြားဝင်ရန် ကြိုးစားလာခြင်းသာ ဖြစ်နိုင်ချေ ပိုများနေပေမယ့် ကံသေကံမတော့ ပြောလို့မရနိုင်ပါဘူး။

ဒါကြောင့် စစ်ခေါင်းဆောင်တွေ ဝှက်လိုက်တဲ့ ဖဲချပ်ဟာ တရုတ်အစိုးရ ရဲ့ အားပေးထောက်ခံမှု ဖြစ်နေမလား ဆိုတာမျိုးကို ကစားပွဲရဲ့ တစ်ဖက်က NUG အနေနဲ့ လေးလေးနက်နက် တွေးဆဖို့ လိုအပ်လာနေပါတယ်။

ဒါ့အပြင် မကြာခင် ငါးချပ်မြောက် နောက်ဆုံးဖဲချပ်က ရောက်ရှိလာတော့မှာပါ။ အဆုံးသတ်တိုက်ပွဲ ဖြစ်လာမယ့် အချိန်မှာ NUG ရဲ့ Hide Card ဟာ စစ်အာဏာရှင်တွေကို အပြုတ်ဖြုတ်နိုင်လောက်တဲ့ ပါဝါမျိုး ရှိနေဖို့ လိုပါလိမ့်မယ်။

လက်ရှိ ဖဲလေးချပ် ဝေပြီးချိန်ထိ NUG နဲ့ စစ်အာဏာရှင်တွေ အကြားမှာ အနိုင်အရှုံး မသဲကွဲ သေးပါဘူး။

တစ်ဖက်နဲ့ တစ်ဖက် အပြိုင် ခေါ်ကြေးတွေ တင် အပြိုင် လိုက်လာခဲ့ပြီးတဲ့နောက် All In ရတော့မယ့် ကာလကို ရောက်လာပါတော့မယ်။

ဒီ နွေဦးတော်လှန်ရေးဟာ သာမာန် ရှိုးဝိုင်းလေး တစ်ခုမဟုတ်ပါဘူး။ NUG ရော စစ်အာဏာရှင်တွေကပါ ဒီနွေဦးတော်လှန်ရေးရဲ့ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်မယ့်သူတွေ မဟုတ်လို့ နွေဦးတော်လှန်ရေးကို လောင်းကြေးထပ် ကစားခွင့်မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုထောက်ခံမှုနဲ့ ပါဝင်ဆင်နွှဲမှုတွေ ကသာ အဆုံးအဖြတ်ပေးနိုင်တာ ဖြစ်ပါတယ်။

ဒီအတွက်လည်း စစ်ခေါင်းဆောင်တွေဟာ တော်လှန်ရေး တပ်ဦးဖြစ်တဲ့ NUG နဲ့ ပြည်သူလူထုကို အကြောက်တရားနဲ့ ခွဲ ခြားဖို့ ကြိုးစားလာသလို တော်လှန်ရေးကာလမှာ ဖြစ်ပျက်ခဲ့တဲ့ အပြစ်အနာအဆာများကို ပုံကြီးချဲ့ရင် ပုံဖျက်လာနေပါတယ်။

စစ်အာဏာသိမ်းကာလ နှစ်နှစ်ကျော်ခဲ့ချိန်မှာ လူထုရဲ့ တော်လှန်ရေးမှာ ထဲထဲဝင်ဝင် အားတက်သရော ပါဝင်ပတ်သက်မှုတွေက အများကြီး လျော့ကျသွားခဲ့ပြီဆိုတာ မြေပြင်က အမှန်တရားပါ။

ဒါက စစ်အုပ်စုရဲ့ အကြောက်တရားသွင်း ဖိနှိပ်မှုတွေကြောင့် ဖြစ်လာခဲ့တာ ဖြစ်ပြီး လူထုကို မကြောက်သွားစေရေးက အရေးကြီးတဲ့ တော်လှန်ရေး လမ်းစဥ်တစ်ခု အဖြစ် ယူဆထားသင့်ပါတယ်။

အာဏာသိမ်းခံထားရတဲ့ နိုင်ငံ တစ်ခုမှာ ပြည်သူ ဆိုတာ အာဏာရှိသူ တွေ စိတ်ကြိုက် ဝါဒဖြန့်
ပုံသွင်းမှုတွေ ဆက်တိုက်ပြုလုပ်ပြီး ဖိနှိပ်မှုတွေ စိတ်ကြိုက် ပြုလုပ်မယ့် အရေးမပါတဲ့ အရာလေးတွေပါပဲ။

အာဏာသိမ်းဖို့ ကြိုးစားနေရတဲ့ နိုင်ငံတစ်ခုမှာတော့ ပြည်သူဆိုတာ အာဏာသိမ်းချင်တဲ့ အဖွဲ့အစည်း၊ သို့မဟုတ် တစ်စုံတစ်ယောက် အတွက် Hide Card တစ်ခု ဖြစ်နေမှာပါပဲ။

ဒါကြောင့် NUG အနေနဲ့ အရှိအတိုင်း လက်ခံပြီး ပြောင်းလဲနိုင်ဖို့ ကြိုးစားရန် လိုအပ်လာနေပါပြီ။ အဆုံးအဖြတ် ဖြစ်လာတော့မယ့် အချိန်ကာလ ရောက်ချိန်မှာ NUG ရဲ့ Hide Card ဟာ တိုင်းပြည်ရဲ့ မူလဘူတပိုင်ရှင် ပြည်သူလူထုရဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ထောက်ခံမှုဖြစ်ကို ဖြစ်နေဖို့ လိုပါလိမ့်မယ်။