ဆိုက်ကားခေတ်မှ ဘေးတွဲကယ်ရီ ခေတ်ဆီသို့
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ လူမှုစီးပွားရေးတွေ ကျပ်တည်း နိမ့်ဆင်းကုန်ပြီး အလုပ်လက်မဲ့ ဖြစ်ရသူတွေ များလာခဲ့ပါတယ်။
ဒါ့အပြင် လက်လုပ်လက်စား ကျပန်း အလုပ်သမားတွေ အတွက်လည်း အလုပ်အကိုင် ရှာဖွေရ ခက်ခဲတဲ့ ပြဿနာကို ဆိုးဆိုးရွားရွား ကြုံတွေ့ လာရပါတယ်။
ကိုဖြိုးကြီး (အမည်လွှဲ) က အသက်လေးဆယ်ကျော် အရွယ်ရှိပြီး မလေးရှားနိုင်ငံမှာ နှစ်အတန်ကြာ အလုပ်သွားရောက် လုပ်ကိုင်ခဲ့သူ တစ်ဦးပါ။
မြန်မာနိုင်ငံ ပြန်ရောက်လာပြီးနောက် ကိုယ်ပိုင် စီးပွားရေး အချို့ လုပ်ကိုင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ စုဆောင်းထားတဲ့ ငွေကြေးတွေ ကုန်သလောက် ဖြစ်ခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့ အချိန်မှာတော့ ကိုဖြိုးကြီး မှ စုဆောင်းထားသမျှ တွေလည်း မရှိတော့ပါဘူး။ ရတဲ့ အလုပ်တစ်ခုကို ရှာဖွေ လုပ်ကိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အလုပ်ရှာမရခဲ့ဘူး လို့ ဆိုပါတယ်။
ဒီလိုနဲ့ အလုပ်ရှာမရတဲ့ ကိုဖြိုးကြီး သူနေထိုင်ရာ ရပ်ကွက်အတွင်းက ဆိုက်ကားဂိတ် တစ်ခုမှာ ကယ်ရီ ဆွဲဖို့ ဖြစ်လာပါတော့တယ်။
” ရှိတာ လုပ်ရတာပဲ ငါ့ညီရေ။ အလုပ်က ရှာမရဘူး။ ကြာရင် ပုန်းက ကြောင်တော့မယ်” လို့ သူက ပြောပါတယ်။
ကိုဖြိုးကြီးက သူရဲ့ ဆိုက်ကယ်ဘေးတွဲကို အုံနာခ တစ်ရက် ကျပ်နှစ်ထောင်ပေးပြီး ငှားဆွဲတာပါ။ စက်သုံးဆီက တစ်ရက်ကို နှစ်ထောင်ကျပ် ဖိုးလောက်ထည့်ထားရုံနဲ့ တစ်နေကုန် ကယ်ရီ ဆွဲလို့ ရတယ်လို့ သူက ပြောပြပါတယ်။
” အုံနာကြေးက တစ်ရက်နှစ်ထောင်ကွ၊ ဆီကတော့ကွာ နှစ်ထောင်ဖိုးဆို တစ်နေကုန် အေးဆေးပဲလေ။ ” လို့ ကိုဖြိုးကြီးက ဆိုပါတယ်။
ဘေးတွဲ ငှားခက ခရီးစဥ်တစ်ခုအတွက် အနိမ့်ဆုံး ကျပ်တစ်ထောင် တောင်းကြပါတယ်။ ဒါက ဆိုက်ကားစီးနင်းခနဲ့ အတူတူပါပဲ။
မတူတာက သွားလိုတဲ့ နေရာကို ဘေးတွဲကယ်ရီတွေက လျင်လျင် မြန်မြန် ပို့ဆောင်ပေးနိုင်တဲ့အပြင် ပိုပြီး သက်တောင့်သက်သာ စီးနင်းနိုင်တာပါ။
ဒီအတွက်လည်း ကိုဖြိုးကြီး တစ်ယောက် တစ်ရက်ကို ခရီးစဥ် ဆယ်ခေါက်လောက်တော့ ပုံမှန် ပြေးဆွဲရတယ်လို့ ဆိုပါတယ်။
” ဒီမှာကြည့် လီဗာလေးဆွဲ အမိုးလေးနဲ့ မင်းကလည်း သက်သက်သာသာကွာ။ ပြီးရင် ရွှိကနဲပဲ မင်းသွားချင်တဲ့ နေရာကို ရောက်သွားရောလေ။ “လို့ ကိုဖြိုးကြီးက သူ့ ဘေးတွဲကယ်ရီရဲ့ လီဗာကို ဆွဲပြရင်း ဆိုပါတယ်။
ကိုဖြိုးကြီးက ကယ်ရီဆွဲတာ မကြာသေးတဲ့ အတွက် ခရီးသည် ရရှိမှုကတော့ အခြား ဂိတ်က ဘဝတူ ကယ်ရီသမား အချို့နဲ့ ယှဥ်ရင်တော့ နည်းပါသေးတယ်။
သူ ဂိတ်ထိုးတဲ့ နေရာက အရင်က ဆိုက်ကား ရှစ်စီးလောက် ဂိတ်ထိုးတဲ့ ဆိုက်ကားဂိတ်တစ်ခုပါ။ ကိုဖြိုးကြီး ဘေးတွဲကယ်ရီ စဆွဲ ချိန်မှာတော့ ဒီ ဂိတ်က ဆိုက်ကယ်ဘေးတွဲတွေပဲ ဂိတ်ထိုးကြတဲ့ နေရာ တစ်ခု ဖြစ်သွားပါပြီ။
ဒီ ဂိတ်မှာ နှစ်နှစ်ဆယ်လောက် ဆိုက်ကားနင်းခဲ့တဲ့ အသက် ငါးဆယ်ကျော် အရွယ် ဦးမိုးကျော်(အမည်လွှဲ)လည်း ရှိနေပါတယ်။ သူက ဆိုက်ကား တစ်ခါစီး ငါးဆယ်ကျပ် ခေတ်ကထဲက အနှေးယာဥ်လုပ်သား ဖြစ်ခဲ့သူပါ။
ဒီ အလုပ်နဲ့ပဲ မိသားစုကို ရှာဖွေကျွေးမွေးခဲ့ပြီး သားသမီးတွေကိုလည်း ဘွဲ့ရပညာတတ်တွေ ဖြစ်အောင် ပြုစု ပျိုးထောင်နိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး ဦးမိုးကျော်က သူ နှစ်ပေါင်းများစွာ နင်းခဲ့တဲ့ ဆိုက်ကားကို ရောင်းချပြီး ဘေးတွဲကယ်ရီ တစ်စီးကို ဝယ်ယူခဲ့ပါတယ်။
အသင့်ပြင်ဆင်ပြီးသား ဆိုက်ကယ်ဘေးတွဲ တစ်စီးကို ကျပ်ခြောက်သိန်း ဝန်းကျင်လောက်ကျသင့်ပြီး ကိုယ်တိုင် စိတ်ကြိုက် ဆင် ရင်တော့ ဒီထက် ကုန်ကျစရိတ် အနည်းငယ် သက်သာနိုင်ပါတယ်။
စိတ်ကြိုက် ပြန်ဆင်မယ်ဆိုရင်တော့ ကိုယ်ပိုင်ဆိုက်ကယ် ရှိဖို့ လိုမှာ ဖြစ်ပြီး တပ်ဆင်ပေးသူတွေက လက်ခအပါအဝင် အဲ့ဒီဆိုက်ကယ်ကို ဘေးတွဲ တပ်အပြီး သုံးသိန်းကျပ်ဝန်းကျင် တောင်းခံပါတယ်။
” ဆင်ပြီးသား ဝယ်ရင် ခြောက်သိန်းလောက်ကျမယ်။ ကိုယ့်ဘာသာ ပြန်ဆင်ရင်တော့ ငါးသိန်းကျော်လောက်တော့ ကျတာပေါ့။ အမိုးတပ် ဘာတပ်ကတော့ ကိုယ့်စိတ်ကြိုက် လုပ်လို့ရတာပေါ့” လို့ ဦးမိုးကျော်က ဆိုပါတယ်။
ဦးမိုးကျော်က အရင်ကတည်းက နှစ်ပေါင်းများစွာ စီးနင်းနေကျ ခရီးသည် မိတ်ဆွေတွေ ရှိတဲ့အတွက် ဘေးတွဲကယ်ရီ ပြောင်းလိုက်ချိန်မှာ ပိုလို့တောင် အလုပ် ဖြစ်လာတယ်လို့ ဆိုပါတယ်။
အပူရှိန် ပြင်းတတ်တဲ့ ရန်ကုန်မှာ အမိုးတပ်ထားပြီး မြန်မြန်ဆန်ဆန် ရောက်နိုင်တဲ့ ဘေးတွဲကယ်ရီက စီးနင်းသူတွေ ပို၍ မျက်စိကျ ငှားရမ်းချင်စရာ ဖြစ်နေတယ်လို့ ဦးမိုးကျော်က ပြောပါတယ်။
” နေပြင်းတော့ အရင် ဆိုက်ကားတုန်းက ဆို နေ့ခင်းဘက် သိပ်ပြီး လာမငှားကြဘူး။ အခု ဘေးတွဲနဲ့ကျတော့ နေ့ခင်းဘက်တွေလည်း လာငှားစီကြတယ်” လို့ ဦးမိုးကျော်က ပြောပြပါတယ်။
အရင် ဆိုက်ကားတုန်းကတော့ ရှာ၍ ရသမျှ အသားတင် အမြတ်သဖွယ် ကျန်တာ ဖြစ်ပေမယ့် ဆိုက်ကယ်ဘေးတွဲ ပြောင်းချိန်မှာတော့ ခရီးသည် ရရင် ရသလို စက်သုံးဆီဖိုးက ကုန်ကျစရိတ်တစ်ခု အဖြစ်တော့ ရှိနေပါတယ်။
ပြင်ဆင်ထိန်းသိမ်းခကလည်း ဆိုက်ကားထက် သုံးဆလောက် ပိုများတာမျိုးလည်း ရှိတယ် လို့ သိရပါတယ်။
” ဆိုက်ကားခတော့ ဘီးပေါက်လည်း ကိုယ့်ဘာသာ ဖာ၊ ဂွေလဲလည်း ကိုယ့်ဘာသာ လုပ် ဘာမှ သိပ်မကျဘူးပေါ့။ ဘေးတွဲကျတော့ အဲ့လို မရတော့ဘူးလေ။ လေထိုးတာက အစ ဆိုင်ပြေးထိုး၊ တာယာလဲ ရင်လည်း သုံးသောင်းဝန်းကျင်တော့ သွားကျတာပဲ။ ဒါတွေတော့ ရှိတာပေါ့” လို့ ဦးမိုးကျော်က ဆိုပါတယ်။
ဒါ့အပြင် တရားဝင် ပြေးဆွဲ ခွင့်မပေးထားလို့ သက်ဆိုင်ရာ နယ်ထိန်းရဲကို လိုင်းကြေး တစ်လ တစ်သောင်းကျပ် တော့ ပေးရတယ်လို့ သူက ဆိုပါတယ်။
ဒါမှလည်း ဖမ်းဆီးခံရမယ့် အရေးက လွတ်မှာဖြစ်ပြီး စီမံချက် ရှိလို့ လာဖမ်းတာတွေ ကြုံရင်လည်း အပြီး သိမ်းဆည်းခံရမယ့် အရေးက လွတ်နိုင်မှာလို့ သိရပါတယ်။
” ရဲကို လိုင်းကြေးပေးရတယ်။ တစ်လ တစ်သောင်းပေါ။ မပေးရင် ဖမ်းမှာပေါ့။ မပေးလို့ ဖမ်းခံလိုက်ရရင် ဇယားတွေ ရှုပ်တယ်။ သိမ်းချင် သိမ်းသွားမှာပဲ” လို့ ဦးမိုးကျော်က ပြောပါတယ်။
ဦးမိုးကျော်တို့ ကိုဖြိုးကြီးတို့လို ဆိုက်ကယ် ဘေးတွဲမောင်းတဲ့ အလုပ်ကို ပြောင်းလဲ လုပ်ကိုင်လာကြသူ များလာလို့ ဘေးတွဲ ဆင်တဲ့ သူတွေအတွက်လည်း အလုပ်အပ်သူတွေနဲ့ အဆင်ပြေနေပါတယ်။
ဘေးတွဲ တပ်ဆင်ပေးတဲ့အတွက် လက်ခ သီးသန့်အဖြစ် တစ်စီးကို ကျပ် ခုနှစ်သောင်းဝန်းကျင် ရတယ်လို့ တောင်ဒဂုံမြို့နယ်က ဆိုက်ကယ် ဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦးက ဆိုပါတယ်။
” လက်ခပဲ ခုနှစ်သောင်းလောက်ပေးရမယ်။ ဆိုက်ကယ်ကတော့ ကိုယ်ပိုင် ယူလာခဲ့ သူတို့က ပြောသလို ဆင်ပေးလိမ့်မယ်” လို့ သူက ဆိုပါတယ်။
ဘေးတွဲ ကယ်ရီ ဆွဲကြသူတွေ များလာလို့ ဘေးတွဲ အုံနာ လုပ်သူတွေလည်း များလာပါတယ်။ ယခင် နှစ်နှစ်ဆယ်ကျော်လောက်ကလည်း ရန်ကုန်မှာ ဆိုက်ကား အုံနာ လုပ်သူတွေ အများအပြား ရှိခဲ့တဲ့ အခြေအနေလိုပါပဲ။
အုံနာတွေက ဘေးတွဲကယ်ရီကို တစ်ရက် ကျပ်နှစ်ထောင် အနည်းဆုံး ဖြင့် အုံနာခတောင်း၍ ငှားရမ်းကြပါတယ်။ ဘေးတွဲပျက်တဲ့အခါမှာတော့ ပြင်ဆင်ခကို ငှားရမ်းသူနဲ့ အချိုးကျ ကျခံကြပါတယ်။
” သုံးစီးလောက် ထောင်ထားရင် အုံနာခက တစ်ရက်ခြောက်ထောင် လောက်ရမယ်။ တစ်နှစ်ဆို အရင်းကြေပြီ။ အရင်းကြေတယ် ဆိုတာထက်ကွာ မင်းကလည်း သူတို့ ဘေးတွဲတွေက ပြန်ရောင်းလို့လည်း ရတယ်လေ။ အဲ့ဒီတော့ အမြတ်ပဲလို့ ပြောရတာပေါ့” လို့ ကိုဖြိုးကြီးက ပြောပါတယ်။
ဒါပေမယ့် နှစ်ပေါင်းများစွာ ဆိုက်ကားနင်းပြီး အသက်မွေးဝမ်းကျောင်း လုပ်ခဲ့သူ အချို့အတွက်တော့ သူတို့ရဲ့ ဆိုက်ကားကို မိသားဝင် တစ်ယောက်သဖွယ်ပင် သဘောထားကြတာမျိုးတွေ ရှိပါတယ်။
ဒီအတွက် ဘေးတွဲကယ်ရီ ဆွဲသူတွေ များလာပေမယ့် သူတို့ကတော့ ရန်ကုန်မြို့ပြ ယဥ်ကျေးမှု တစ်ခုသဖွယ် ဖြစ်နေတဲ့ ဆိုက်ကားနင်းတဲ့ အလုပ်ကိုပဲ လုပ်ကိုင်နေကြဦးမှာပါ။
ဦးမိုးကျော်တို့ ဂိတ်မှာ တစ်ဦးတည်းသော ဘေးတွဲ မပြောင်းတဲ့ ဆိုက်ကားဆရာ တစ်ယောက်ရှိပါတယ်။ သူကတော့ ကိုမောင်ကြီးပါ။
ကိုမောင်ကြီး တစ်ယောက်ကတော့ ဘေးတွဲ ပြောင်းသူတွေ ဘယ်လောက်များများ သူ့ရဲ့ ဆိုက်ကားလေးကိုပဲ ဆက်နင်းသွားမယ်လို့ ပြောပြခဲ့ပါတယ်။
” ကျွန်တော့်ဆိုက်ကားလေးပဲ ကောင်းပါတယ်။ တစ်ချက်ခြင်း နင်းပြီး ဇိမ်ရှိရှိလေး စီးလို့ရတယ်။ ပြီးရင် ကျွန်တော်ရှာရသမျှလည်း အသားတင်ကျန်တယ်လေ။ ဘေးတွဲ ပြောင်းမလုပ်ဘူး။ ဆိုက်ကားပဲ ဆက်နင်းမှာ” လို့ ကိုမောင်ကြီးက ပြောပါတယ်။