ဝဋ်ကြွေးထက်ပိုသော အပြစ်ဒဏ်
လက်တစ်ဖက်က ချိန်ခွင်ကို ကိုင်၊ တစ်ဖက်က ဓားကို ဆွဲ၍ မျက်လုံးတွင် အ၀တ်စီးထားသော Justitia အမည်ရှိ နတ်သမီး ရုပ်ထုသည် ရှေးဟောင်း ရောမ အင်ပါယာ ပြည့်ရှင် သြဂတ်စတပ် အုပ်စိုးစဉ်က စပြီး တရားမျှတမှုကို ဖော်ညွှန်းသည့် အမှတ်သင်္ကေတ တစ်ခု အဖြစ် တည်ရှိခဲ့သည်။
ဘုရင်သြဂတ်စတပ်က တရားမျှတမှုကို နတ်ဘုရား တစ်ပါးသဖွယ် ကိုးကွယ်မှုအဖြစ် အဆိုပါ နတ်သမီး ရုပ်ထုကို ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ၁၆ ရာစုက စ၍ အဆိုပါ နတ်သမီး ရုပ်ထု၌ မျက်လုံးကို အ၀တ်စည်းထားသည့် ဟန်ကို ထည့်သွင်းလာခဲ့သည်။
ထိုသို့ ထည့်သွင်းရခြင်းတွင်လည်း ပြည့်၀သည့် အနက်အဓိပ္ပာယ် ဖော်ညွန်းချက် ရှိနေခဲ့သည်။ မျက်လုံး၌ အ၀တ်စည်းထားခြင်းသည် တရားမျှတမှုအတွက် ဆုံးဖြတ်ရာတွင် မျက်စေ့ အမြင်ဖြင့် မဟုတ်ဘဲ ဥာဏ်ပညာဖြင့် ဆုံးဖြတ်ခြင်း ဟူသည့် အနက် ကို ဖော်ကျုးထားခြင်း ဖြစ်သည်။
Justitia ၏ လက်၌ ဓားတစ်ချောင်းနှင့် ချိန်ခွင်တစ်ခုကို ကိုင်ထားသည်။ လောကကြီး၌ မတရားမှုများ ရှိနေ၍ တရားမျှတမှုသည် လိုအပ်လာရခြင်း ဖြစ်သည်။ မတရားမှုများ မရှိပါက လောကကြီး အတွင်း တရားမျှတမှုဟူသည်လည်း ရှာဖွေရန် လိုအပ်မည် မဟုတ်ပေ။
ယင်နှင့် ယန်၊ အလင်းနှင့် အမှောင် ကဲ့သို့ တရားမျှတမှုနှင့် မတရားမှုသည် သိမ်မွေ့စွာ တည်ရှိသည်။
Justitia လက်မှ ချိန်ခွင်၌ တစ်ဖက်သည် တရားမျှတမှုဖြစ်ပြီး အခြားတစ်ဖက်မှာ မတရားမှု ဖြစ်သည်။ ချိန်ခွင်လျှာသည် မည်သည့်ဘက်ကို မျှ စောင်းနေခြင်း မရှိ။ အလယ်၌ တည့်မတ်စွာဖြင့် တည်ရှိနေသည်။
မတရားမှုများ ကြီးစိုးနေခြင်းကို ဖော်ကျူးလိုကြသည့်အခါတွင် Justitia ၏ ချိန်ခွင်လျှာ တစ်ဖက်သို့ စောင်းနေသည့်ဟန်မျိုးဖြင့် ဖော်ပြခဲ့ကြဖူးသည်။
Justitia ၏ အခြားလက်တစ်ဖက်မှ ကိုင်ထားသည့် ဓားသည် တရားမျှတမှု ရရှိရေး ထက်မြက်ခိုင်မာသည့် အာဏာစက်ကို ဖော်ညွှန်းသည်။
တရားဥပဒေ၏ အထက်၌ မည်သူမျှ ရှိ၍ မရဆိုသည့် သဘောကို ဆောင်ပြီး တရားမျှတမှုကို ဖော်ဆောင်မည့် အဖွဲ့အစည်း၏ အာဏာကို လည်း ဖော်ညွှန်းသည်။
ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖောက်ခွဲဖျက်ဆီးပြီး ရာနှင့် ချီသည့် တက္ကသိုလ်ကျောင်းသားများ သွေးမြေကြကျခဲ့ရမှု၏ သမိုင်းတရားခံ၊ ဆလိုင်းတင်မောင်ဦးကို ကြိုးပေးသတ်ခဲ့သူ၊ စသည်ဖြင့် နိုင်ငံကို ဖိနှိပ် ရက်စက်ခဲ့သူ ဦးနေ၀င်းသည် သူ ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် မည်သည့်အခါမျှ တရားဥပဒေ၏ စီရင်ခြင်းကို ခံခဲ့ရခြင်း မရှိပေ။
သူ့နောက်တွင် တက်လာခဲ့သည့် ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွှန့် ယခု နောက်ဆုံး အာဏာသိမ်း စစ်ခေါင်းဆောင် အထိ သူတို့ ကျူးလွန်ခဲ့ကြသည့်၊ ကျူးလွန်နေဆဲ ဖြစ်သည့် ပြစ်မှုများအတွက် တရားစီရင်ခံရခြင်း မရှိသလို မည်သည့် ပြစ်ဒဏ်ကိုမျှ ခံထားရခြင်း လည်း မရှိပေ။
ပြီးခဲ့သည့် ရက်ပိုင်းက ယခင် စစ်အာဏာရှင် ဦးသန်းရွှေ အယ်လ်ဇိုင်းမား ဖြစ်နေပြီ ဟူသည့် သတင်းများ ခိုင်လုံစွာ ကြားသိခဲ့ရသည်။
လူမျိုးခြား ဗြိတိသျှ ကိုလိုနီ အစိုးရပင် မကျူးလွန်ခဲ့ဖူးသော ဆန္ဒပြနေသည့် သံဃာတော်များကို ရက်ရက်စက်စက် ပစ်သတ်စေခဲ့မှု အပါအ၀င် လူသတ်မှု၊ အဂတိလိုက်စားမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုများစွာ ကျူးလွန်ခဲ့သူ တစ်ဦးသည် သူ၏ ပြစ်မှုများအတွက် မည့်သည့် တရားစီရင်ခြင်းကိုမျှ ကြုံတွေ့ခဲ့ရခြင်း မရှိ။
အသက် ၉၀ အရွယ် သက်ကြီးရွယ်အို တစ်ဦးအတွက် အယ်လ်ဇ်ိုင်းမားရောဂါ ဖြင့် မည်မျှ ကြာကြာ အသက်ဆက်ရှင်နိုင်မည်နည်း။ မကြာတော့မည့် အချိန်တစ်ခုအတွင်းမှာပင် ဦးသန်းရွှေသည် သူကျူးလွန်ခဲ့သည့် ပြစ်မှုများကို မေ့လျော့ကာ အယ်လ်ဇိုင်မားရောဂါ၏ ဒဏ်ကို ခံရတော့မည် ဖြစ်သည်။
မသေခင်တွင်ပင် ဦးသန်းရွှေသည် သူ၏ ပြစ်မှုများကို သတိရတော့မည် မဟုတ် လုံးလုံးလျားလျား မေ့လျော့ပြီး အသိစိတ်ကင်းမဲ့စွာ သေဆုံးရမည် ဖြစ်သည်။
ဗုဒ္ဓဘာသာ သမိုင်းဇာတ်လမ်းများ၌ ဂေါတမ ဘုရား သက်တော်ထင်ရှားရှိစဉ်ကာလက နာမည်ကျော် အဖသတ်သမား အဇာတသတ်သည် ဖခင်ကို ခြေခွဲ ဆားသိပ်ကာ ရက်ရက်စက်စက် သတ်ခဲ့မှုအတွက် ညစဉ် အိပ်မပျော်နိုင်ပဲ ပူလောင်ပြင်းပြစွာ နောင်တတရားကြီးစွာဖြင့် ဆက်လက်ရှင်သန်ခဲ့ရသည်။ (ဘုရားရှင် သာမညဖလသုတ် ဟောကြားပြီးနောက် အဆိုပါ ဒုက္ခမှ လွတ်ကင်းခဲ့သည်ဟု ကျမ်းဂန်များ၌ ဆိုသည်)
ထို့နောက် သေဆုံးပြီးနောက်တွင် အဝီစိငရဲ၌ ငရဲကျခံရမည်ဟု ဆိုလေသည်။
ဗုဒ္ဓဘာသာ အယူအဆအရ ၀ဋ်ကြွေးဟူသမျှ ခံရမည် ဖြစ်သည်။ ဘုရားရှင်ပင်လျင် ၀ဋ်ကြွေးမှ လွတ်ကင်းနိုင်ခြင်း မရှိဆိုသည်မှာ ဗုဒ္ဓဘာသာ အယူအဆ တစ်ခုဖြစ်သည် ။
၀ဋ်ကြွေးသည် မဖြစ်မနေခံရမည့် အရာဖြစ်ပြီး ငရဲဟူသည်မှာကား အမိအဖသတ်ခြင်း၊ သံဃာသင်းခွဲခြင်း၊ ဘုရားရှင်ကို သွေးစိမ်တည်အောင် ပြုလုပ်ခြင်း၊ ရဟန္တာကို သတ်ဖြတ်ခြင်း ဟူသည့် ပြစ်မှု ကျူးလွန်သူများမှ အပ ကျန်သူများမှာ အကုသိုလ် ရာဇ၀တ်မှုများ မည်မျှ ကျူးလွန်ခဲ့စေကာမူ လွတ်မြောက်ရန် အခွင့်အလမ်း ရှိနိုင်သည့် အရာတစ်ခုအဖြစ် ဗုဒ္ဓဘာသာ အယူအဆ တွင် တွေ့ရပေသည်။
ဦးသန်းရွှေသည် ဗိုလ်စောမောင်အား ဗိုလ်ခင်ညွှန့်နှင့် ပူးပေါင်း၍ အသိစိတ်ကင်းမဲ့ ရူးသွပ်အောင် ပြုလုပ်ခဲ့သူ အဖြစ် ခိုင်မာသည့် စွတ်စွဲချက်များ ရှိထားသူ ဖြစ်သည်။ သို့ဖြစ်ရာ အယ်လ်ဇိုင်းမား ရောဂါ ဖြစ်လာခြင်းသည် ဦးစောမောင်၏ ၀ဋ်ကို ခံရခြင်းဟု ဆိုသူများလည်း ရှိသည်။
အဆိုပါ ၀ဋ်ကို ခံရသဖြင့် ဦးသန်းရွှေသည် သေဆုံးချိန်တွင် အသိစိတ်ကင်းမဲ့စွာဖြင့် သေဆုံးရမည်ဟု ပြောဆိုမှုများ ရှိနေခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာ အယူအဆရ တစ်သက်တာလုံး ပြစ်မှုများ စွာ ကျူးလွန်ခဲ့သူများသည် သေဆုံးချိန်တွင် စုတိစိတ်ကောင်းသည်သာ ငရဲမှ လွတ်၍ ဘုံကောင်းကောင်း သို့ရောက်နိုင်မည့် လမ်းဖြစ်သည်။
စုတိစိတ်ဟူသည့် သေဆုံးခါနီး နောက်ဆုံး စက္ကန့်အပိုင်းအခြား၌ အာရုံပြုထားရမည့် ကုသိုလ် စိတ် အကုသိုလ် စိတ်ကို ရည်ညွှန်းသည်။
ကုသိုလ်စိတ် ဖြစ်ပါက မည်မျှပင် ငရဲကျစေမည့် ပြစ်မှုများကိုကျူးလွန်စေကာမှု သုဂတိဘုံသို့ ရောက်သွားနိုင်ပြီး ထိုမှတစ်ဆင့် ဘုရားပွင့်သည့် ကာလနှင့် ကြုံရပြီး တရားနာရ၍ အရိယာဖြစ်ပါက ငရဲသို့ မည်သည့်အခါမျှ ကျရန် လမ်း မရှိတော့သည့် သဘောမျိုးကို ဗုဒ္ဓဘာသာ အယူအဆတွင် တွေ့ရသည်။
ဦးသန်းရွှေသည် မသေခင်တွင် အသိစိတ်ကင်းမဲ့သွားခြင်း ဖြစ်၍ စုတိစိတ်ကောင်းရန် မည်သို့မျှ မဖြစ်နိုင်တော့ပဲ မလွဲမသွေ သူကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ငရဲကျရမည်သာ ဖြစ်သည်ဟုလည်း ပြောဆိုမှုများ ရှိသည်ကို တွေ့ရသည်။
အဆိုပါ သဘောတရား အရ ဆိုလျင် ဦးသန်းရွှေသည် အသိဥာဏ်မပျောက်ဆုံးမီတွင် တရားကောင်းကောင်း နာရချိန် စုတိစိတ်ကောင်းကို သွင်းနိုင်ချိန်တွင် သေဆုံးခဲ့ရပါကမူ သုဂတိဘုံတစ်ခုခုသို့ ရောက်နိုင်သေးသည့် သဘောမျိုးလည်း ဖြစ်နေမည် ဖြစ်သည်။
ဦးသန်းရွှေသည် ဗုဒ္ဓ ၏ လမ်းစဉ်နှင့်အညီ နေထိုင်သည့် သံဃာတော်ကြီးများထံမှ တရားကို နာယူရရန် ကြိုးစားလျက်လည်း ရှိနေသည်ကို တွေ့ရသည်။
သို့သော် နောင်ဘ၀၌ မည်သို့ ဖြစ်လာမည်ကို သာမာန် ပုထုဇဉ်များ သိရှိနိုင်ရန် ခက်ခဲသလို အခြားသော ဘာသားရေးအယူအဆရှိသူများ၊ ဘာသာရေး ကိုးကွယ်မှု မရှိသူများ၏ အမြင်တွင်မူ ဦးသန်းရွှေသည် တစ်ဘ၀လုံး ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် အရေးယူခံရမှုမှ လွတ်ကင်းကာ သေဆုံးသွားရတော့မည့် အခြေအနေ ဖြစ်နေခြင်း ဖြစ်သည်။
သူ သတ်ဖြတ်ခဲ့သော၊ မတရား ထောင်သွင်းအကျဉ်းချခံခဲ့ရသူများ၊ မိသားစုဘ၀ ပျက်ဆီး ခဲ့ရမှုများ၊ သေဆုံးခဲ့ရမှုများ စသည်ဖြင့် မတရားခံခဲ့ရသူများအတွက်တော့ ယခုအချိန်တွင် တရားမျှတမှုကို ရှာဖွေနိုင်ခြင်း မရှိသည့် သဘော ဖြစ်နေပေလိမ့်မည်။
ဘာသာရေး သဘောတရားများ မပါဘဲ ကြည့်လျင် ပြစ်မှုကျူးလွန်သူ တစ်ဦးသည် လွတ်လပ်သည့် တရားရုံးများ၌ မျှတသည့် တရားရင်ဆိုင်မှုကို ခံယူပြီး ထိုက်တန်သည့် ပြစ်ဒဏ်ကို ကျခံရစေခြင်းသည်သာလျင် မတရားခံခဲ့ရသူများအတွက် တရားမျှတမှုကို ရှာဖွေပေးခြင်း ဖြစ်သည်။
Justitia ၏ လက်မှ ချိန်ခွင်သည် တရားရုံးတော်များ၏ အမှတ်သင်္ကေတ တစ်ခု အဖြစ် တည်ရှိနေခြင်းမှာလည်း တရားခွင်သည် ပြစ်မှုကျူးလွန်ထားသူအတွက်ပင် တစ်ဖက်စောင်းနင်း ဖြစ်မနေစေရ ဟူသည့် အနက်သဘော ဖြစ်သည်။
လက်မှ ဓားကတော့ ထို တရားရုံးတော်များမှ စီရင်လိုက်သည့် ပြစ်မှုကျူးလွန်သူအတွက် ထိုက်တန်သည့် ပြစ်ဒဏ်ကို ပေးနိုင်သည့် အာဏာစက်ပင် ဖြစ်သည်။ မျက်လုံးစီးထားခြင်းသည် တရားသူကြီးများ၏ ဘက်မလိုက်သော မျှတစွာ ဆင်ခြင်တုံတရား အပြည့်ဖြင့် တရားစီရင်ခြင်း၏ သဘောပင် ဖြစ်သည်။
သို့သော် ဦးသန်းရွှေသည် ထိုသဘော တရားများ အားလုံးမှ လွတ်ကင်းနေခဲ့သည်။ သူတင်သာမက ဦးနေ၀င်း၊ ဦးခင်ညွှန့်၊ စသည်ဖြင့် ရက်စက်မှု အပေါင်း သရဖူဆောင်းခဲ့သူများလည်း လွတ်ကင်းနေခဲ့ဆဲ သာ ဖြစ်သည်။
ရဲဘော်ရဲဘက်ခြင်းလည်း သစ္စာဖောက်ကာ ရက်စက်ကြမ်းကြုတ်သူ ဦးသန်းရွှေသည် နှစ်နှစ်ဆယ်ကျော် ဖိနှိပ် ရက်စက်ခဲ့ပြီးနောက် ၂၀၀၈ ခြေဥ ဟူသည့် စစ်အာဏာရှင်၏ လည်ပတ်ကြိုးကို ဦးသိန်းစိန်ထံ စွတ်ပေးကာ နေပြည်တော် ခြောက်လုံးတန်း၌ အနားယူသွားခဲ့သည်။
မည်သည့်နောက်ကြောင်းပြန် အရေးယူခြင်းမျှ မရှိစေရဟူသည့် ပြဌာန်းချက်ဖြင့် Justitia ၏ ချိန်ခွင်ပေါ် ထိုင်စီးနေခဲ့ပြန်သည်။ သို့ဖြင့် စစ်အာဏာရှင် နောက် တစ်ယောက် ထပ်ပေါ်လာခဲ့သည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်စပြီး နာမည်ဖော်ပြရန် ပင် စက်ဆုတ် ဖွယ်ကောင်းသည့် စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ထောင်နှင့်ချီသော ပြည်သူများ ရက်စက်စွာ အသတ်ခံခဲ့ရသည်။
လေယာဉ်ဖြင့် ဗုံးကြဲ သတ်သည်။ စစ်ကြောရေး၌ နှိပ်စက်ပြီး သတ်သည်။ လမ်းသွားနေသူကိုလည်း အကြောင်းမဲ့ ပစ်သတ်သည်။ ကိုယ်၀န်ဆောင်မိခင်ကိုလည်း ခေါင်းကို တည်၍ ပစ်ပြီး ငါးနှစ်သားကလေးကို လည်း မီးရှို့၍ သတ်သည်။ စသည်ဖြင့် စသည့်ဖြင့် လူသတ်မှုပေါင်းများစွာ၏ အဓိက တရားခံသည် ထပ်မံ၍ ပြစ်မှုများကို ကျူးလွန်ရင်း လူသိရှင်ကြား လွတ်မြောက်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံအတွက်တော့ Justitia သည် မျက်လုံးအပြူးသားဖြင့် တစ်ဖက်စောင်းနေသည့် ချိန်ခွင်ကို ကိုင်ကာ လက်မှ ဓားလည်း ပြုတ်ကျလျက် ထုဆစ်မှသာလျှင် သဘာ၀ကျမည် ဖြစ်ပေသည်။
၁၉၆၂ ခုနှစ် မတ် ၂ ရက် ကစပြီး မြန်မာနိုင်ငံ၌ Justitia ( တရားစောင့်နတ်သမီး)၏ မျက်လုံးစည်း ကွာကျခဲ့ပြီး ချိန်ခွင်လျှာ ပေါ် အာဏာရှင်များ တက်ထိုင်ခြင်းကို ခံခဲ့ရသည်။ တစ်ဖက်စောင်းခဲ့ရသည့် ချိန်ခွင်နှင့်အတူ ဓားလည်း တုံးခဲ့ရတော့လေသည်။
ယခု နွေဦးတော်လှန်ရေး၏ ရည်မှန်းချက် ပန်းတိုင်များထဲတွင် အဆိုပါ စစ်အာဏာရှင်များအတွက် ၀ဋ်ကြွေးထက်ပိုသော ပြစ်ဒဏ်ကို ပေးရန်သည်လည်း အပါအ၀င် ဖြစ်သည်။
နွေဦးတော်လှန်ရေးသည် တိုင်းရင်းသား အားလုံး တန်းတူညီမျှ ပြဌာန်းအုပ်ချုပ်ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ဖြစ်သည်။ တန်းတူညီမျှ ဟူသည့် ဥပဒေ အထက်တွင် မည်သူမျှ မရှိရခြင်း၊ မည်သူကိုမျှ ခွဲခြား ဆက်ဆံခြင်း မပြုရခြင်းဟူသော သဘောဆောင်သည်။
ထို့ကြောင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာချိန်တွင် စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများအတွက် ထိုက်တန်သည့် တရားဥပဒေကပေးသည့် ပြစ်ဒဏ်ကို စီရင်နိုင်မှ သာလျင် ခေတ်အဆက်ဆက် နစ်နာခဲ့ရသူများ၏ အမြင်၌ ၀ဋ်ကြွေးထက်ပိုသော ပြစ်ဒဏ် ဖြစ်လာမည် ဖြစ်ကြောင်း CJ Platform က ရေးသားလိုက်ရပါသည်။