ယူကရိန်းမှ ရုရှားတပ်များဆုတ်ခွာရန် ကုလသမဂ္ဂ၌ နိုင်ငံ အများစု မဲခွဲထောက်ခံချက်ဖြင့် အတည်ပြု၊ တရုတ်နှင့် အိန္ဒိယ ကန့်ကွက်ခြင်း မရှိ

Author မောင်ဒဂုံ
Categories
Published on Feb 24, 2023

 

ယမန်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အစည်းအဝေး၌ ယူကရိန်းမှ ရုရှားတပ်များ ခြွင်းချက်မရှိ ဆုတ်ခွာရန် နိုင်ငံ အများစုက ထောက်ခံမဲ ပေးခဲ့ကြပြီး ရုရှား၏ အင်အားကြီး မဟာမိတ် တရုတ်နိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံနှင့် နိုင်ငံ ခုနှစ်ခုက ကြားနေမဲ ပေးခဲ့ကြောင်း သိရသည်။

ယူကရိန်း စစ်ပွဲ တစ်နှစ်ပြည့် မတိုင်မီ ပြုလုပ်သည့် အဆိုပါ အစည်းအဝေး၌ နိုင်ငံ ၁၄၁ နိုင်ငံက ရုရှားတပ်များ ယူကရိန်း မှ ခြွင်းချက် မရှိ ဆုတ်ခွာရေး ထောက်ခံမဲ ပေးခဲ့ကြသည်။

ဆိုဗီယက် ပြည်ထောင်စု တည်ထောင်ချိန်ကစပြီး မဟာမိတ် အဖြစ် တည်ရှိခဲ့သည့် တရုတ်နိုင်ငံမှာ ယခု မဲခွဲ ဆုံးဖြတ်မှုတွင် ရုရှားဘက်မှ ရပ်တည်ခြင်း မရှိခဲ့သလို ကန့်ကွက်ခြင်းလည်း မရှိခဲ့ပေ။

တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံ ၇ နိုင်ငံက အဆိုပါ မဲခွဲ ဆုံးဖြတ်မှုတွင် ကြားနေမဲ ပေးခဲ့ကြခြင်း ဖြစ်ပြီး
ရုရှား၏ လွှမ်းမိုးမှု ကြီးမားသည့် ဘီလာရုစ်၊ ဆီးရီးယား နိုင်ငံများနှင့် မြောက်ကိုရီးယား၊ မာလီ၊ နီကာရာဂွာ၊ အီရီထရီးယားနိုင်ငံတို့ကမူ ကန့်ကွက်မဲများ ပေးခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်က ရုရှားသမ္မတ ဗလာဒီမာပူတင် ဆင်နွှဲခဲ့သည့် ယူကရိန်းကျူးကျော် စစ်ကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင် သိန်းချီ ကျဆုံးခဲ့ရပြီး ဖြစ်သလို ယူကရိန်း ပြည်သူ သန်းနှစ်ဆယ်ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ရသည်။

ယင်းတို့အနက် အများစုမှာ ပိုလန်နိုင်ငံအပါအဝင် ဥရောပ နိုင်ငံအများအပြားသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေအတွက်မှာ ၁၅ သန်းခန့်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ စစ်ပွဲကြောင့် ရုရှားမှာ အမေရိကန်နှင့် EU နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ခံထားရပြီး အပြန်အလှန်အနေဖြင့် ရုရှားကလည်း ၄င်းတို့ အပေါ် မှီခိုနေရသည့် သဘာဝဓာတ်ငွေ့ တင်ပို့မှုများကို ရပ်ဆိုင်း ပစ်ခဲ့သည်။

ထို့ပြင် ကမ္ဘာ့ကောက်ပဲသီးနှံ အဓိက တင်ပို့ရာ ယူကရိန်းနိုင်ငံ၌ လယ်ယာများ ပုံမှန် စိုက်ပျိုး တင်ပို့နိုင်ခြင်း မရှိတော့သဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းစီသို့ ဦးတည်နေကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ဓာတ်ပုံ- AFP
#CjPlatform #ယူကရိန်း #နိုင်ငံတကာသတင်း