ထန်တလန်မြို့ စစ်ကောင်စီ ထိန်းချုပ်ထားသည့် နေရာ ၃ ခုအနက် ၂ ခုကို တော်လှန်ရေးအဖွဲ့များမှ သိမ်းပိုက်ထားနိုင်

Published on Feb 11, 2023

 

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နေရာ ၃ ခုအနက် ၂ခုကို တော်လှန်ရေးအဖွဲ့များမှ သိမ်းပိုက်ထားနိုင်ကြောင်း မြေပြင်ရဲဘော်တစ်ဦးက CJ Platform သို့ပြောကြားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စစ်ကောင်စီသည် ထန်တလန်မြို့ကို မီးရှို့ဖျက်ပြီးနောက် မြို့တွင်း သုံးနေရာအား ခြေကုပ်ရယူထားခြင်းဖြစ်ပြီး၊ ယခုလ ၉ ရက်နေ့တွင် CNA/CDF မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

“၂၀၂၁ စက်တင်လာလထဲက မြို့ခံတွေအားလုံးက စစ်ဘေးရှောင် ထွက်ကုန်ကြပြီ၊ မြို့မှာတော့ ကျွန်တော်တို့ ဘက်ကော စစ်တပ်ကော ၂ဖွဲ့လုံးရှိတယ်။ သူတို့က ၃နေရာလောက်မှာ နေရာယူထားတာ၊ အခု သူတို့ရဲ့ ၂ နေရာကို ကျွန်တော်တို့ ဘက်ကသိမ်းပြီးပြီ” ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီ ၉ ရက်က ချင်းပြည်နယ် ထန်တလန်မြို့ကို CAN/CDF က အပြီးတိုင်သိမ်းပိုက်လိုက်ပြီး လက်နက်ငယ်၊ လက်နက်ကြီး၊ ဒရုန်းဖျက်စက်အပါအဝင် လက်နက် ၄၀ ကျော်နှင့် ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကောင်စီတပ်များသည် ထန်တလန်မြို့တွင် လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီ ၉ ရက်က ထန်တလန်ရဲစခန်းကို CNA မှ သိမ်းပိုက်ရယူပြီးနောက်တွင် စစ်ကောင်စီက ပြန်လည်ဝါဒဖြန့်ရာ၌ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံခဲ့သော်လည်း သာလွန်အင်အားကြောင့် အောင်မြင်စွာ ဆုတ်ခွာပြီး လုံခြုံရေးတပ်စခန်းသို့ ပူးပေါင်းခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ထန်ထလန်မြို့ကို မီးရှို့ဖျက်ဆီးခဲ့သူများသည်လည်း ဗိုလ်ကြီးစောရဲမိုးအောင်နှင့် ဗိုလ်ကြီးဟိန်းမြတ်စိုးအဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ထန်တလန်မြို့ CB ဘဏ်၌ လုံခြုံရေးကင်းစောင့်ရင်း ဖမ်းဆီးခံခဲ့ရသူ ရဲနှင့် စစ်သား ၆ ဦးက ထွက်ဆိုခဲ့ကြောင်း Chinland Information Center က ဗီဒီရိုနှင့်တကွ ထုတ်ဖော် ပြသခဲ့သည်။

ထို့သို့ ထန်တလန်မြို့ကို မီးရှို့မှုအပြင် ပြည်သူများ၏ နေအိမ်အတွင်းမှ တန်ဖိုးရှိ ပစ္စည်းများကိုလည်း ဗိုလ်ကြီး စောရဲမိုးအောင်နှင့် ဗိုလ်ကြီးဟိန်းမြတ်စိုးအဖွဲ့က ခိုးယူ သယ်ဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဖမ်းဆီးခံရဲ တစ်ဦးက ထွက်ဆိုခဲ့သည်။

ချင်းပြည်နယ် ၊ ထန်တလန်မြို့သည် အိမ်ခြေ ၂၀၀၀ ကျော်ရှိကာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်မှ စတင်ကာ စစ်တပ်မှ အကြိမ် ၄၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သဖြင့် တစ်မြို့လုံးနီးပါး ပြာကျပျက်စီးခဲ့သည့် မြို့တစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ-လူမှုကွန်ယက်စာမျက်နှာ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ချင်းပြည်နယ် #ထန်တလန်မြို့ #ရဲစခန်း