နေပြည်တော်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ အင်အားနည်းသော်လည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရ


 

နေပြည်တော်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ဒသမ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး၊ ယင်းငလျင်သည် အင်အားနည်းသော်လည်း ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရသည်ဟု ဒေသခံများက ပြောကြားသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) နံနက် ၁၀ နာရီ ၅၅ မိနစ်၊ ၇ စက္ကန့်အချိန်တွင် နေပြည်တော် မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာ၊ ဥတ္တရသီရီမြို့၏ အရှေ့မြောက်ဘက် ၂မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ဒသမ ၅ အဆင့်ရှိ မြေငလျင် လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

နေပြည်တော်ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်သည် အင်အား အနည်းငယ်သာရှိသော်လည်း လှုပ်ခတ်သည့် ငလျင်၏ ဇောက်အနက်သည် တိမ်သဖြင့် ပြည်သူများအနေဖြင့် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရခြင်းလည်း ဖြစ်သည်။

“လှုပ်သွားတာကတော့ သိသာတယ် စက္ကန့် ၃၀ လောက်ပဲ ဘာမှမကြာဘူး၊ လှုပ်ရမ်းနေတာ၊ မနှစ်ကလဲ တစ်ခါလှုပ်သေးတယ်။ အဲ့တုန်းကလဲ တော်တော်သိသာတယ်” ဟု နေပြည်တော်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

နေပြည်တော်သည် ငလျင်ပြတ်ရွေ့ကြောကြီးတစ်ခုဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့ ဖြတ်သန်းရာ လမ်းကြောင်းတစ်ခုပေါ်တွင် တည်ရှိသည့် မြို့တစ်ခုလည်းဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ ဖြတ်သန်းထားသည့် ပြတ်ရွေ့တစ်ခုဖြစ်ပြီး မကြာခဏ ငလျင်ငယ်များနှင့် ငလျင်ကြီးများ လှုပ်ခတ်လေ့ရှိသည့် ငလျင်ကြောတစ်ခုလည်းဖြစ်သည်။

ယမန်နှစ်တွင်လည်း စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်လေးများ မကြာခဏလှုပ်ခတ်ခဲ့ပြီး၊ ဒီဇင်ဘာ ၁၅ ရက်က မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၅ဒသမ၂ အဆင့်ရှိ ငလျင်ကြောင့် ဘုရားစေတီပုထိုးများ မြေခခြင်း၊ နေအိမ်အချို့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် ဒီဇင်ဘာ ၂၀ ရက်တွင်လည်း နေပြည်တော်၊ ပုဗ္ဗသီရိမြို့၏ မြောက်-အနောက်မြောက် ၁၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ဒသမ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သေးပြီး၊ ယင်းလှုပ်ခတ်ခဲ့မှုကိုလည်း နေပြည်တော်တွင် နေထိုင်သူများ သိရှိခဲ့ရသည်။

စစ်ကိုင်းပြတ်ရွေ့မှ ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်နေခြင်းသည် ငလျင်ကြီး၏ ရှေ့ပြေး လက္ခဏာဖြစ်နိုင်ခြင်းကြောင့် သတိပြုရန် ငလျင်ပညာရှင်များကိုလည်း အသိပေးထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #နေပြည်တော် #ငလျင်