ရန်ကုန်ရှိ အထည်ချုပ်စက်ရုံများတွင် အချိန်ပိုခေါ်ယူမှု လျော့နည်းလာသောကြောင့် အလုပ်သမားများ အခက်တွေ့

Author ခေတ်နီ
Categories
Published on Feb 06, 2023

 

ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် အိုတီချိန် (အချိန်ပို) များ ခေါ်ယူမှု လျော့နည်းလာပြီး လုပ်ခလစာ မလောက်ငှမှုများဖြစ်ကာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေသည်ဟု အဆိုပါ စက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ စီးပွာရေးကဏ္ဍသည်လည်း ကျတည်းလာခဲ့ရသည်။ ပြည်တွင်းရှိ အထည်ချုပ်စက်ရုံများတွင် နိုင်ငံခြားကုမ္မဏီများမှ မှာယူသော အော်ဒါများ ကျဆင်းလာပြီး အထည်ချုပ်စက်ရုံ အများအပြားတွင် အိုတီခေါ်ယူမှုများ လျော့နည်းလာခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ထိုသို့ အိုတီချိန်များ ခေါ်ယူမှု လျော့နည်းလာသောကြောင့် တစ်နေ့လုပ်ခလစာ ၄၈၀၀ ကျပ်သာ ရရှိနေသည့် အလုပ်သမားများအနေဖြင့် နေ့စဥ်စားဝတ်နေရေးအတွက် ခက်ခဲလာခဲ့ခြင်းဖြစ်သည်ဟု ဖွင့်ဟကြသည်။

ယခင် အာဏာမသိမ်းမီအချိန်က ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ်ငါးသောင်းဝန်းကျင်ခန့်သာ ရှိခဲ့ရာမှ စစ်တပ်က အာဏာသိမ်းပြီးနောက် ယင်းဆန်စျေးမှာ မြင့်မားလာခဲ့သည်။ ယခုရက်ပိုင်းအထိ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် တစ်သိန်းကျော်အထိ စျေးမြင့်တက်ခဲ့သည်။

ထိုကဲ့သို့ အခြေအနေများတွင် တစ်လ လုပ်ခ တစ်သိန်းခွဲဝန်းကျင်သာရှိသည့် အခြေခံ အထည်ချုပ် အလုပ်သမားများအနေဖြင့် ဝင်ငွေမလောက်ငှမှုနှင့်အတူ စားဝတ်နေရေးအတွက် စိန်ခေါ်မှုများဖြစ်လာသည်ဟု ဆိုသည်။

“အရင်ကဆို တစ်ယောက်လောက် အလုပ်ထွက်လုပ်ရင် မိသားစုက နည်းတော့ လောက်တယ်။ လခကလည်း တစ်သိန်းခွဲလောက်ဆိုပေမယ့် အိုတီကြေးက ရှိနေတော့ လောက်လောက်ငှငှပဲ။ အခုက နှစ်ယောက်လုပ်တာတောင် အိမ် စားရိတ်က မလောက်ဘူး” ဟု အရှေ့ဒဂုံမြို့နယ်ရှိ အထည်ချုပ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမတစ်ဦးက ပြောသည်။

လုပ်ခလစာ မလောက်ငှမှုနှင့်အတူ အိမ်ငှားခနှင့် ကလေး ကျောင်းမုန့်ဖိုးအပြင် အထွေထွေကုန်ကျစရိတ်များမှာလည်း ရှိနေသည့်အတွက် စက်ရုံအလုပ်သမားများအနေဖြင့် နေ့ပြန်တိုးများယူကာ တစ်နေ့တာအတွက် ဖြတ်သန်းနေရသည်ဟုသည်။ ထိုသို့ယူတွင် အတိုးများသည့် အခြေအနေများနှင့်လည်း ရင်ဆိုင်နေရသည်ဟု ဆိုသည်။

ယခုကဲ့သို့ စက်ရုံများတွင် အိုတီခေါ်ယူမှု လျော့နည်းလာမှုများသည် ၎င်းတို့ ချုပ်လုပ်ပေးနေရသည့် ကုန်အမှတ်တံဆိပ်များမှာ မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသည့် အခြေအနေများကြောင့် လုပ်ငန်းထွက်ခွာခြင်းနှင့် ကုန်အမှာအား လျှော့ချခြင်းများ လုပ်ဆောင်လာမှုများကြောင့် ဖြစ်သည်ဟု အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ရှင်းပြသည်။

“တကယ်တော့ အော်ဒါတွေက အရင်က စက်ရုံနဲ့ စာချုပ်ချုပ်ထားကြတာပေါ့ brand တွေက အခုကျ သူတို့က အော်ဒါချမပေးတော့ဘူး။ အဲ့ဒီတော့ စက်ရုံတွေက အလုပ်ကို မပိတ်ချင်တော့ စက်ရုံကိုဖွင့်ထားတယ်။ အိုတီတော့ မခေါ်တော့ဘူး။ စက်ရုံပိတ်ရင် တော်ကြာ အော်ဒါရရင် အမြဲတမ်း အလုပ်သမားက ရှာရခက်တယ်တယ်လေ”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းကာလတွင် အချို့သောစက်ရုံများမှာ အချိန်ပိုအိုတီများ ခေါ်ယူသော်လည်း အလုပ်သမားများ ရသင့်ရထိုက်သည့် လုပ်အားခကို မပေးချေသလို စက်ရုံအတွင်း အလုပ်သမား အခွင့်အရေးများ ချိုးဖောက်မှုများလည်း ရှိနေသည်ဟု စုံစမ်းသိရှိရသည်။

“တချို့စက်ရုံတွေက အိုတီနာရီကြေး မပေးတာပေါ့။ ကျမတို့ရဲ့ ဥပဒေအရ အလုပ်ချိန်က တစ်နေ့ကို ၈ နာရီရှိရမယ်။ အချိန်ကျော်ရင် အိုတီပေါ့။ အထည်ချုပ်တွေမှာ တစ်နာရီမှာ အထည်ဘယ်လောက်ဆိုပြီး တားဂတ်မပြီးရင် ၈ နာရီ ဟိုဘက်ကို ဆက်ခိုင်းတယ်။ အဲ့ဒီ အိုတီကြေးကို မပေးဘူးပေါ့။ တကယ်က အဲ့ဒီဟာက စက်ရုံဘက်က ပျက်ကွက်တာ။ သူတို့ရုံအထဲမှာ ဆူပါတွေ၊ အောဆူပါတွေ၊ မန်နေဂျာတွေရှိတယ်။ သူတို့က ကြီးကြပ်ရမှာပေါ့။ အဲ့ဒီဟာကို ပျက်ကွက်ပြီး အချိန်ပိုကြေးမပေးဘဲ အလုပ်ပိုခိုင်းတာက ဥပဒေချိုးဖောက်တာပေါ့။ ဒါကိုတော့ ကျမတို့အနေနဲ့ ကန့်ကွက်ပါတယ်”ဟု အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ဆက်ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပြည်တွင်းရှိ အလုပ်သမား ၁ ဒသမ ၁ သန်းခန့်သည် အလုပ်အကိုင်ဆုံးရူံးခဲ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများသည် အခြေခံလုပ်သား အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့နေရသည်။

ထိုသို့ အခြေအနေများရှိသော်လည်း အာဏာသိမ်းကာလတွင် အလုပ်သမားအရေးဖြေရှင်းရန် ဖွဲ့စည်းထားသည့် စစ်ကောင်စီလက်အောက်ခံဌာနများ၏ လုပ်ငန်းရှင်များအပေါ် ဥပဒေအရ အရေးယူမှု အားနည်းမှုများကြောင့် အလုပ်သမားများ၏ အခွင့်အရေးများ ဆုံးရှုံးလာရခြင်းဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အထည်ချုပ်စက်ရုံ #အချိန်ပိုကြေး