မြို့အဝင်စခန်းများတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများမှ ခရီးသွား မိန်းမပျိုငယ်လေးများကို ဖုန်းနံပါတ်တောင်းယူကာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ လုပ်ဆောင်နေ

Author လင်းခိုင်
Categories
Published on Jan 26, 2023

ဧရာဝတီတိုင်းအတွင်းရှိ မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်စခန်းများတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများမှ ခရီးသွား မိန်းမပျိုငယ်များ၏ ဖုန်းနံပါတ်များကို တောင်းယူကာ ဖုန်းဆက်သွယ်၍ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများကို လုပ်ဆောင်နေကြောင်း ခရီးသွား ပြည်သူများထံမှ သိရသည်။

မြို့နယ်အသီးသီးရှိ မြို့အဝင်အထွက် စစ်ဆေးရေး ဂိတ်စခန်းများတွင် စစ်ကောင်စီတပ်သားများမှ စောင့်ကြပ်နေပြီး ခရီးသွားပြည်သူများ၏ အမည် ဖုန်းနံပါတ် နေရပ်လိပ်စာ မှတ်ပုံတင်နံပါတ်များကို တောင်းယူမှတ်သားထားပြီးနောက် ခရီးသွား မိန်းမပျိုငယ်များကို ဖုန်းဆက်သွယ်၍သော် လည်းကောင်း၊ Viber၊ Telegram များသော်လည်းကောင်း စာပို့ဆက်သွယ်ကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

“ပုသိမ်မြို့အထွက်မှာ ဖုန်းနံပါတ် မှတ်ပုံတင်တွေပါ တောင်းလို့ စာရင်းပေးရတယ်၊ ညပိုင်းရောက်တော့ သမီးဖုန်းကို ဗိုက်ဗာက စာတွေဝင်လာတယ်၊ ပထမ ခင်ချင်လို့ပါ ပြောပြီးတော့ သားပြောမယားပြောတွေပါ ပြောတယ်၊ ခြိမ်းခြောက်တယ်၊ သူ့လိင်အင်္ဂါပုံတွေရော သူ့ပုံတွေပါ အတင်းပို့တယ်၊ သူ့ကိုမှတ်မိတယ် အဲ့ဒီဂိတ်က စစ်သား၊ ရှက်လို့ Block ထားလိုက်တော့ ဖုန်းဆက်တယ် တယ်လီဂရမ်ကပါ စာတွေပို့တယ် ဖုန်းနံပါတ်ပါ ပြောင်းလိုက်ရတယ်”ဟု စစ်ကောင်စီတပ်သား၏ နှောင့်ယှက်မှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးငယ်တစ်ဦးက CJ Platform သို့ ပြောသည်။

CJ Platform ၏ စုံစမ်းမေးမြန်းမှုများအရ စစ်ဆေးရေးဂိတ်များရှိ စစ်ကောင်စီတပ်သားများ ယခုကဲ့သို့ လုပ်ဆောင်နေမှုများသည် အမျိုးသမီးငယ်အများစုကို ပစ်မှတ်ထား လုပ်ဆောင်နေပြီး လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက် ပေးမှုများအပြင် ခြိမ်းခြောက်ငွေတောင်းခံမှုများပါ လုပ်ဆောင်ခြင်း သားမယားအဖြစ် အတူနေထိုင်ရန် မြူဆွယ်ခြင်းများကိုပါ လုပ်ဆောင်နေကြောင်း သိရသည်။

“သမီးတို့က စက်ရုံကိုနေ့တိုင်းသွားနေတော့ သူတို့မှာသမီးဖုန်းနံပါတ်ရသွားတယ်၊ ဖုန်းဆက်တယ် မဟုတ်တာတွေပို့တယ် စက်ရုံထိပါလိုက်လာတယ် ရှက်လို့တောင်းပန်တော့ ပိုက်ဆံ ငါးသောင်းတောင်းတယ်၊ နောက်ဆုံး မဖြစ်တော့ဘူးဆိုပြီး စက်ရုံကနေ အလုပ်ထွက်လိုက်ပြီး ဖုန်းနံပါတ်ပါ ပြောင်းလိုက်ရတယ်”ဟု ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ၏ နှောင့်ယှက်မှုကို ကြုံတွေ့ခဲ့ရသူ အသက် ၂၃နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကပြောသည်။

ယင်းသို့ အမျိုးသမီးငယ်များကို ပစ်မှတ်ထားကာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ်သားများ၏ ဖုန်းနံပါတ်များနှင့် Viberနှင့် Telegramများတွင် တင်ထားသည့် ၎င်းတို့၏ ဓာတ်ပုံများနှင့် လိင်ပိုင်းဆိုင်ရာ အနှောင့်ယှက်ပေးသည့် စာသားပေးပို့မှုများ၊ ဓာတ်ပုံများကို CJ Platform မှ လက်ခံရရှိထားသော်လည်း အနှောင့်ယှက်ခံရသည့် အမျိုးသမီးငယ်များ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာအတွက် သတင်းဓာတ်ပုံများနှင့် သတင်းဖော်ပြမှုတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

ပုံစာညွှန်း – ပုသိမ်မြို့အဝင်တွင် စစ်ဆေးရေးလုပ်ဆောင်နေသည့် စစ်ကောင်စီပူးပေါင်းအဖွဲ့အား မြင်ရပုံ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လုံခြုံရေးဂိတ် #လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု