သုံးခွမြို့ ရဲစခန်းအတိုက်ခံရပြီးနောက် ကျေးရွာများကို စစ်တပ်က လိုက်လံရှာဖွေနေပြီး၊ ဆိုင်ကယ်စီးနင်းခွင့်အား ပိတ်ပင်

Author လင်းခိုင်
Categories
Published on Jan 10, 2023

 

ရန်ကုန်တိုင်း၊ သုံးခွမြို့နယ် ရဲစခန်းအတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို လိုက်လံရှာဖွေနေကာ၊ မြို့တွင်း ဆိုင်ကယ်စီးနင်းခွင့်ကို ပိတ်ပင်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ ရဲတွေ တိုက်ခိုက်ခံရပြီးတော့ ရွာတွေကို လိုက်စစ်တာ နှစ်ရက်ရှိပြီ၊ သူတို့ ပြီးတော့ ဘာမှမတွေ့ဘူး။ လိုက်ငေါက်ငမ်း အော်ဟစ်ဆဲဆိုနေတာပဲ။ မင်းရွာမှာဆို လူတွေကိုပါ ရိုက်နှက်တာတွေ လုပ်တယ်” ဟု သုံးခွဒေသခံ တစ်ဦးက CJ Platform သို့ပြောကြားသည်။

ထိုကဲ့သို့ ရဲများပစ်ခတ်ခံရမှုသည် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးမှ တိုက်ခိုက်သွားခြင်းဖြစ်သော ကြောင့် သုံးခွမြို့တွင် ဆိုင်ကယ်စီးနင်းခွင့်ကို ဇန်နဝါရီ ၁၀ ရက်မှ စတင်ကာ စစ်ကောင်စီက ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“ ဒီမှာက ဆိုင်ကယ်မရှိရင် ဘယ်မှသွားလာလို့မလွယ်ဘူး။ ရဲနှစ်ယောက်ကို ဆိုင်ကယ်ပေါ်ကနေပစ်သွားတာကြောင့် အခု ဆိုင်ကယ်စီးနင်းခွင့် ပိတ်တယ်ဆိုတော့ အတော်ဆိုးဆိုးကို ဖြစ်နေပြီ၊ တကယ်လုပ်ချင်တိုင်းကို လုပ်နေတော့တာ”ဟု သုံးခွမြို့ခံတစ်ဦး ကပြောကြားသည်။

ဇန်နဝါရီ ၈ ရက်က သုံးခွမြို့နယ်၊ ကတုံးပေါ် နယ်မြေရဲစခန်းကို ရန်ကုန် ပကဖ တောင်ပိုင်းခရိုင်ဇုံ(၂) Fire Dragon တပ်ခွဲက နန်းထိုက်အောင် စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ကာ ရဲ တပ်သား ၃ ဦးသေဆုံးကာ လက်နက်အချို့ သိမ်းဆည်းရမိခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည် ကတုံးပေါ်ရွာပတ်လည်တွင် တွေ့သမျှ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ယမန်နှစ် စက်တင်ဘာ ၂၂ ရက်တွင်လည်း သုံးခွရဲစခန်းကို ၄၀ မမ ဗုံးလောင်ချာဖြင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #သုံးခွ #ဆိုင်ကယ်စီးနင်းခွင့်