စစ်ကောင်စီနှင့် ပူးပေါင်းရန်ကြံရွယ်နေသည့် နိုင်ငံရေးပါတီများ ပြည်သူကို မျက်နှာမူရန် CRPH အဖွဲ့၀င်ပြောကြား

Author မွန်လေး
Categories
Published on Jan 09, 2023

 

စစ်ကောင်စီနှင့် ပူးပေါင်းရန် ကြံရွယ်နေသည့် နိုင်ငံရေးပါတီများ ပြည်သူကို မျက်နှာမူရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) အဖွဲ့၀င် ဒေါ်မြတ်သီတာထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီ ၈ ရက်က Zomi Federal Union(ZFU) က ကျင်းပသည့် Information Session အခမ်းအနားကို CRPH အဖွဲ့၀င် ဒေါ်မြတ်သီတာထွန်းက ဗီဒီယိုကွန်ဖရင့်မှ တက်ရောက်ရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်မြတ်သီတာထွန်းက အကြမ်းဖက် စစ်အာဏာရှင် အုပ်စုကို ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တော်လှန်တိုက်ပွဲ၀င် နေကြသည့် အလွှာအသီးသီးမှ ပြည်သူများ၊ နိုင်ငံတဝှမ်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်များ၊ ဘ၀နှင့် အသက်ကို စွန့်လွှတ်ခဲ့ကြသည့် အာဇာနည်များအားလုံးကို လေးစားဦးညွတ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ၏ ကိုယ်စားပြုခွင့်တာ၀န်ကို အပ်နှင်းခြင်းခံထားရသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံနှင့် ပြည်သူအတွက် ကတိ သစ္စာဆိုထားပြီး တော်လှန်ရေးတာ၀န်များကို ထမ်းဆောင်ကာ၊ လွှတ်တော်နည်းလမ်းဖြင့် နိုင်ငံတကာကို ချဉ်းကပ်ပူးပေါင်းနေသည်ဟု ယင်းက ဆိုသည်။

နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ကျူးလွန်နေသည့် စစ်အုပ်စုသည် အကြမ်းဖက် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊နေအိမ်များကို မီးရှို့ခြင်းများ ပြုလုပ်လျက်ရှိပြီး တစ်ဖက်တွင်လည်း ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲသည် စစ်အုပ်စုအတွက်နိုင်ငံရေးထွက်ပေါက်ဖြစ်လာမည်မဟုတ်ဘဲ နိုင်ငံတွင်းပဋိပက္ခကိုသာ ပိုမိုဆိုးရွားစေမည့် အခြေအနေဖြစ်သည်ဟု ဒေါ်မြတ်သီတာထွန်းက ထောက်ပြ ပြောကြားသည်။

ထို့ပြင် စစ်ကောင်စီနှင့် ပူးပေါင်းရန်ကြံရွယ်နေသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူကို မျက်နာမှုရန်နှင့် စစ်အာဏာရှင်၏ ယန္တရားတွင် အကြောင်းအမျိုးမျိုးကြောင့် ပါ၀င်နေသည့် Non CDM များအနေဖြင့် ပြည်သူလူထုနှင့်အတူ ပူးပေါင်းရန် ဒေါ်မြတ်သီတထွန်းကတိုက်တွန်းပြောကြားထားသည်။

ဓာတ်ပုံ-CRPH
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #CRPH #နိုင်ငံရေးပါတီ