စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် သီတဂူ နာယက ၁၀ ပါး စာရင်း၀င် ဆရာတော် အပါအ၀င် လေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် အိမ်များကို NUG က ထောက်ပံ့ငွေများပေးအပ်

Author လင်းခိုင်
Categories
Published on Jan 09, 2023

စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် သီတဂူ နာယက ၁၀ ပါး စာရင်း၀င် ဆရာတော်အပါအ၀င် လေးဦးနှင့် မီးရှို့ဖျက်ဆီးခံရသည့် အိမ်များကို အမျိုးသားညီညွတ်ရေးအစိုးရက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့၀င်နှင့် ပျူစောထီးများသည် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာသို့ မီးရှို့ဖျက်ဆီးပြီး၊ သံဃာတစ်ပါးအပါအ၀င် လူလေးဦးအား သတ်ဖြတ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့် အိမ်ထောင်စု ၉၀ အတွက် ခရိုင်လူသားချင်းစာနာမှ ငွေကျပ် ၁၀ သိန်း၊ စစ်ကိုင်းမြို့နယ်တွင် အခွန်ကောက်ခံရရှိမှုမှ ငွေကျပ် ၁၀သိန်းနှင့် သီးခြားအလှူရှင်မှ ငွေကျပ် ၅ သိန်းတို့ကို ရပ်ကျေး ပကဖ တာ၀န်ခံနှင့် ရပ်မိ ရပ်ဖများက ဇန်နဝါရီ ၈ ရက်တွင် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာတွင် စစ်ကောင်စီသတ်ဖြတ်မှုကြောင့် ပျံလွန်တော်မှုခဲ့သည့် သံဃာတစ်ပါးနှင့် လူသုံးဦးတို့ကို တစ်ဦးလျှင် ကျပ်ငွေ ၁သိန်းစီထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။

စစ်ကောင်စီနှင့်ပျူများသည် အထက်ပါကျေးရွာသို့ ၀င်ရောက်စဉ် သီတဂူဗုဒ္ဓတက္ကသိုလ်မှ BA.Buddha ဘွဲ့ရ၊ သီတဂူနာယက ၁၀ ပါး စာရင်း၀င် ဆရာတော်နှင့် CDM ကျောင်းဆရာမတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သီတဂူနာယက ဆရာတော်သည် မန္တလေးမြို့မှ ဒီပဲယင်းကွဲကျေးရွာသို့ ခေတ္တကြွရောက်သီတင်းသုံးနေစဉ်အတွင်း စစ်ကောင်စီနှင့်ပျူများ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်ကာ ယင်းလုပ်ရပ်သည် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းပင် ဖြစ်ကြောင်း NUG က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-NUG
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #သီတဂူ #NUG #ဒီပဲယင်းကွဲ #စစ်ကိုင်းတိုင်း