တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးတကြီး လိုအပ်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်

Author မွန်လေး
Categories
Published on Jan 02, 2023

တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးတကြီး လိုအပ်နေကြောင်း AA ၊ TNLA နှင့် MMDAA ညီနောင် မဟာမိတ်သုံးဖွဲ့က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပူးတွဲ ထုတ်ပြန်ထားသည်။

နှစ်သစ် အခါသမကို မြန်မာပြည်သူတစ်ရပ်လုံး ၀မ်းမြောက်စွာ ကြိုဆိုရမည့်အစား စစ်ကောင်စီ၏ အာဏာသိမ်းလုပ်ရပ်နှင့်အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ကျူးလွန်နေသည့် လုပ်ရပ်များကြောင့် မြန်မာပြည်သူပြည်သားအများစု စစ်ဘေးရှောင်ဘ၀များသို့ ကျရောက်ခဲ့ပြီး၊ စစ်ကောင်စီ၏ စစ်ရာဇ၀တ်မှုကျူး လွန်နေခြင်းများကို စိုးရိမ်ကြောင့်ကြ ပူဆွေးသောကများစွာဖြင့် ရင်ဆိုင်ဖြတ်ကျော်နေရဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့သည်မှာ ၂ နှစ်နီးပါးသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ၊ တစ်ပြိုင်နက်တည်း စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော မြန်မာနိုင်ငံသားများသည် အာဏာသိမ်းပြီးနောက် ရရာလက်နက်၊ ရသည့်နည်းလမ်းများဖြင့် ဆင်နွှဲနေခဲ့သည့် နွေဦးတော်လှန်ရေး သက်တမ်းမှာလည်း ၂ နှစ်နီးပါးရောက်ရှိလာပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ ပြည်တွင်းရေး၊ နိုင်ငံရေး၊ စစ်ရေးမတည်မငြိမ်မှုများကြောင့် စစ်ဘေးသင့် မြန်မာ ပြည်သူလူထုတစ်ရပ်လုံး၏ ခံစားချက်များကို ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် စာနာကြောင်း၊ မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသော တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအနေဖြင့် စုစည်းညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးတကြီး လိုအပ်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သတိပေးထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေးအဖွဲ့အစည်းများထဲမှ ပြည်သူထောက်ခံမှုရရှိထားပြီး တော်လှန်ရေးဆန်သော အဖွဲ့အစည်းတချို့နှင့် လက်တွဲကာ မိမိတို့အားလုံးနှင့် မြန်မာပြည်သူတရပ်လုံး မျှော်မှန်းထားသည့် ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ နှစ်သစ်အခါသမယတွင် ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိုင်ငံရေး ရည်မှန်းချက်များ ပြည့်၀နိုင်ရန် နှစ်သစ်ကူး ဆုမွန်တောင်းကာ၊ စည်းလုံးညီညွတ်မှုအား၊ စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီလုပ်ဆောင်နိုင်မှသာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်နိုင်မည် ဖြစ်သောကြောင့် အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်သွားရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ညီနောင်မဟာမိတ် #နွေဦးတော်လှန်ရေး #စုစည်းညီညွတ်မှု