ပြည်သူများ လှူဒါန်းမှုကြောင့် သာလွန် ရန်ပုံငွေရရှိထားပြီး၊ လက်နက်အင်အားဖြည့် တင်းနေဟု ကာကွယ်ရေး၀န်ကြီး ပြောကြား

Author လင်းခိုင်
Categories
Published on Jan 02, 2023

 

ပြည်သူများ လှူဒါန်းမှုကြောင့် သာလွန်ရန်ပုံငွေရရှိထားပြီး ၊ ယင်းရန်ပုံငွေဖြင့် လက်နက်အင်အား ဖြည့်တင်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးရည်မွန်က ၂၀၂၃ ၊ ဇန်နဝါရီ ၁ရက်က PDF ရဲဘော်များကို မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်မြေပြင်တွင် ကျဆုံး ဒဏ်ရာရသည့် ရဲဘော်များ၊ နွေဦးတော်လှန်ရေးအစ လမ်းမများတွင် သွေးမြေကျခဲ့သည့်ရဲဘော်များ၊ အကျဉ်းထောင်နှင့် စစ်ကြောရေးစခန်းများတွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့် ညီကိုများအားလုံးသည် သူရဲကောင်းများဖြစ်ပြီး အစဉ် သတိရရှိနေရမည်ဟု ပြည်ထောင်စု၀န်ကြီးက ပြောကြားသည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်သည် တော်လှန်ရေးအတွက် အရေးကြီးသောနှစ်ဖြစ်ကြောင်း၊ ယခုနှစ်တွင် တော်လှန်ရေး အဆုံးအဖြတ်ကို ရယူရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်များ စိတ်ပိုင်းဖြတ်ကာ One Year Plan ကိုလည်း ရေးဆွဲ အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးက ပြောကြားသည်။

“ရန်ပုံငွေအင်အား အနေနဲ့ ပြည်သူလူထုရဲ့ အဆက်မပြတ် ထောက်ပံ့လှူဒါန်းမှုကြောင့် မျှော်လင့်တာထက် သာလွန်တဲ့ ရန်ပုံငွေ ပမာဏကို ရရှိထားပြီးဖြစ်တယ်။ ဒီရန်ပုံငွေအင်အားကို အသုံးပြုပြီး တောက်လျှောက် ဖြည့်ဆည်းနေတာ လက်နက်အင်အားပဲ” ဟု ပြည်ထောင်စု၀န်ကြီးက ဆိုသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် PDF တပ်ရင်းတိုင်းကို လက်နက် တပ်ဆင်ပေးနိုင်ရန် ပကဖ များကိုလည်း ထိုက်သင့်သည့် လက်နက်တိုးချဲ့တပ်ဆင်ပေးရန် အစီအစဉ်များကို စီစဉ်ဆောင်ရွက်နေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

တော်လှန်ရေး ဆင်နွှဲသည့် အခါ လူအင်အား၊ ရန်ပုံငွေအင်အားနှင့် လက်နက်အင်အား လိုအပ်ကြောင်း၊ ပြည်သူထောက်ခံပါ၀င်မှုနှင့် ဆင်နွှဲနေသည့် တော်လှန်ရေးသည် လူအင်အားအရ အထူးပြောစရာမလိုကြောင်း၊ ရန်သူကို ချေမှုန်းနိုင်သည့် လုံလောက်သောအင်အားရှိပြီး၊ အရေအတွက် အင်အားကို အရည်အချင်း အင်အားဖြစ်ရန်ကို အာရုံစိုက်ရမည်ဟု ပြည်ထောင်စု၀န်ကြီးဦးရည်မွန်ကပြောကြားသည်။

ဓာတ်ပုံ-ဦးရည်မွန် လူမှုကွန်ယက်စာမျက်နှာ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဦးရည်မွန် #ကာကွယ်ရေး #လက်နက်အင်အား #PDF