အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦး၀င်းမြင့်အပေါ် စီရင်ချက်ချမှုများသည် ပြည်သူ့ခေါင်းဆောင်များကို နိုင်ငံရေးလောကမှ ဖယ်ထုတ်ရန် စစ်ကောင်စီကြိုးပမ်းမှုဟု EU ဆို

Author လင်းခိုင်
Categories
Published on Dec 31, 2022

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦး၀င်းမြင့်အပေါ် စီရင်ချက်ချမှုများသည် ပြည်သူ့ခေါင်းဆောင်များကို နိုင်ငံရေးလောကမှ ဖယ်ထုတ်ရန် စစ်ကောင်စီက ကြိုးပမ်းနေမှုဖြစ်ကြောင်း ဥရောပသမဂ္ဂက ဒီဇင်ဘာ ၃၀ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်တပ်မှ ထိန်းချုပ်ထားသည့် တရားရုံးမှ အကျဉ်းကျခံနေရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦး၀င်းမြင့်တို့အပေါ် နောက်ဆုံး စီရင်ချက်ချခဲ့ပြီး လွန်ခဲ့သည့် ဆယ့်သုံးလတာကာလအတွင်း နိုင်ငံရေး လှုံ့ဆော်မှုသက်သက်ဖြင့် တရားစီရင်ခြင်းများ ဖြစ်သည်ဟု EU က ထုတ်ပြန်ထားသည်။

အထက်ပါ စစ်ဆေးစီရင်မှုများသည် ဥပဒေ လုပ်ထုံးလုပ်နည်း သို့မဟုတ် လိုအပ်သည့် တရားစီရင်ရေး ဆိုင်ရာ အာမခံချက်များကို လေးစားလိုက်နာခြင်းမရှိဘဲ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် ခေါင်းဆောင်များကို နိုင်ငံရေးလောကမှ ဖယ်ထုတ်ရန် လုပ်ဆောင်သည့် ကြိုးပမ်းမှုဖြစ်သည်ဟု EU က ထောက်ပြပြောဆိုထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃၃ နှစ်နှင့် သမ္မတဦး၀င်းမြင့်အား ထောင်ဒဏ် ၁၂ နှစ် (အလုပ်ကြမ်း ၃နှစ်အပါအ၀င်) အသီးသီး ချမှတ်ခဲ့ခြင်းသြည် မြန်မာနိုင်ငံ၌ ပြောင်ပြောင် တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ထင်ဟင်ပြသနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

EU အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ NLD ၊ NUG ၊ အရပ်ဖက်အဖွဲ့အစည်းနှင့် သက်ဆိုင်သူများအားလုံးပါ၀င်သည့် စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုသာလျှင် တိုင်းပြည်တွင် ကြုံတွေ့နေရသည့် အကျပ်အတည်းမှ လွတ်မြောက်နိုင်ပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ထူထောင်နိ်ုင်မည်ဟူသည့် သဘောထားရပ်တည်ချက်မှာ ဆက်လက်တည်ရှိနေမည်ဟု EU ကဆိုသည်။

ထို့ပြင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အများအပြားအတွက် စိုးရိမ်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် ထပ်မံတောင်းဆိုကြောင်း၊ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ခါနီးတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် လူ့ဂုဏ်သိက္ခာနှင့် ပြည်သူများ၏ဆန္ဒကို လုံး၀ အသိအမှတ်ပြု လေးစားမှုမရှိကြောင်း၊ အာဆီယံ သဘောတူညီချက် ငါးရပ်ဖြင့် တောင်းဆိုထားသည့် အာဆီယံကြိုးပမ်းချက်ကို ဆက်လက်ထောက်ခံသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နိုင်ငံတော်အတိုင်ပင်ခံ #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #EU