နှစ်သစ်ကူးညနှင့် နှစ်သစ်ကူး နေ့ရက်များတွင် စစ်ကောင်စီက NUG နှင့် PDF များကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် ပုံဖော်နိုင်ကြိုးစားနေဟု ထုတ်ပြန်

Author မွန်လေး
Categories
Published on Dec 31, 2022

 

နှစ်သစ်ကူးည နှင့် နှစ်သစ်ကူး နေ့ရက်များတွင် စစ်ကောင်စီက NUG နှင့် PDF များကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပုံဖော်နိုင်ရန် ကြိုးစားနေခြင်းကြောင့် သတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ယင်းတို့၏ အာဏာအတွက် ပြည်သူများကို တိုက်ခိုက်ရန် လက်မရွံ့ကြောင်းကို အခါကြီး၊ ရက်ကြီးနေ့ရက်များတွင် တိုင်းရင်းသား ဒေသများနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် ပြည်သူများအား အစုလိုက် အပြု့လိုက် သတ်ဖြတ်ခြင်းများ ဆောင်ရွက်ခဲ့သည် မှာ သက်သေခံလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်သူများ၏ အိုးအိမ်များအား မီးရှို့ခြင်းနှင့် ဘာသာရေး အဆောက်အဦးများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်း အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကို လေကြောင်းမှ တိုက်ခိုက်ခြင်း အစရှိသည့် လူမဆန်သော ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာနှင့် သံတမန်ရေးတွင် ရှုံးနိမ့်မှုများ ကြုံတွေ့လျက်ရှိသော စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအား အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ပုံဖော်နိုင်ရန် နည်းပေါင်းစုံဖြင့် ကြိုးစားလျက်ရှိသည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်သူများအနေဖြင့် ဘေးအန္တရာယ် ကင်းစွာ နှစ်သစ်ကူး အခါသမယကို ဖြတ်သန်းနိုင်ကြရန် နှစ်သစ်ကူး အကြိုညနှင့် နှစ်သစ်ကူးနေ့ရက်များတွင် လူစုလူဝေးများပြားသည့် နေရာများ၌ အကြမ်းဖက်လုပ်ရပ်များကို အထူးသတိပြုကြရန် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနက နှိုးဆော်ထားသည်။

စစ်ကောင်စီသည် နှစ်သစ်ကူးည စည်ကားစေရန် ရန်ကုန်နှင့် နေပြည်တော်မြို့နယ်တို့တွင် ညမထွက်ရအမိန့် ၁၄၄ ကို တစ်ရက်တာ ရုတ်သိမ်းခဲ့ပြီး၊ ပျော်ပွဲရွှင်ပွဲများ၊ စတိတ်ရှိုးများ၊ အပန်းဖြေ အခမဲ့ ခရီးသွားသင်္ဘောများ ဆောင်ရွက်ပေးထားသဖြင့် ပြည်သူများက ထူးဆန်းနေပြီး ယင်းတို့ ယခုကဲ့သို့ လုပ်ရပ်အပေါ် ယုံကြည်မှု မရှိကြောင်းလည်း ထောက်ပြပြောဆိုမှုများရှိနေသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နှစ်သစ် #NUG