ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ပြုလုပ်မည်ဖြစ်သဖြင့် ညမထွက်ရ အမိန့် တစ်ညပယ်ဖျက်ဟု စစ်ကောင်စီဆို

Author လင်းခိုင်
Categories
Published on Dec 29, 2022

ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲ ပြုလုပ်မည်ဖြစ်သဖြင့် ညမထွက်ရ အမိန့် တစ်ညတာ ပယ်ဖျက်ကြောင်း စစ်ကောင်စီ၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် စာ လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံ့နေခဲ့သည်။

ယင်းစာတွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပြည်သူ့ရင်ပြင်နေရာတွင် မီးရှူးမီးပန်းဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် ကျင်းပမည်ဖြစ်သည့်အတွက် ၁၄၄ အရ ညမထွက်ရ အမိန့်ကို ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂၀၂၃ ဇန်နဝါရီ တစ်ရက်နေ့ နံနက် ၄ နာရီအထိ ခေတ္တပယ်ဖျက်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီသည် တိုင်းပြည်အေးချမ်းသယောင်ဖြစ်နေသည်ကို နိုင်ငံတကာသို့ပြသရန်အတွက် ပွဲလမ်းသဘင်များကို မကြာခဏပြုလုပ်လေ့ရှိပြီး၊ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တာမွေမြို့နယ်တွင် မည်သည့် အကြောင်းပြချက်များမရှိဘဲ စျေးရောင်းပွဲတော်ပြုလုပ်ခဲ့ရာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် PDF များပြုလုပ်ခြင်းဖြစ်သည်ဟု ယင်းတို့၏ ဝါဒဖြန့်မီဒီယာများတွင် ထုတ်ပြန်ခဲ့သည်။

“သူတို့ကတော့ တစ်ခုပြီး တစ်ခု လုပ်ပြနေတာပဲ၊ ဟိုနားမှာ ပျော်ပွဲရွှင်ပွဲရှိတယ်။ ဒီနားမှာ ပျော်ပွဲရွှင်ပွဲတွေရှိတယ်။ ပြည်သူတွေက ပျော်ရွှင်နေပြီဆိုတဲ့ပုံနဲ့ လုပ်နေတာ၊ ပြီးရင် ဗုံးတွေပေါက်ကော၊ သူတို့ လုပ်ပြီးရင် အခြားသူကို လွှဲလွှဲချတဲ့ ခွေးတွေ” ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ၀န်ထမ်းတစ်ဦးက CJ Platform သို့ပြောသည်။

ခရစ်ယာန် သာသနာပိုင်အချို့က ပြည်သူများ၏ ဒုက္ခကိုစာနာသောအားဖြင့် ယခုနှစ်တွင် ခရစ်မတ်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲမပြုလုပ်ရန်နှင့် နှစ်သစ်ကူးပွဲတော်ကို ပျော်ပွဲရွှင်ပွဲများမပြုလုပ်ရန်ကို မေတ္တာရပ်ခံချက်များ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၃ ရက်က ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို တက်ရောက်မှုများပြုလုပ်ခဲ့သည်။

ယခုနှစ် နို၀င်ဘာ ၇ ရက် တန်ဆောင်မုန်းညတွင်လည်း ပံ့သကူ အလုအယက်ကောက်ခြင်းကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ ဒဏ်ရရရှိခြင်းနှင့် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည့်ဖြစ်စဉ်များလည်းရှိသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ညမထွက်ရအမိန့် #နှစ်သစ်ကူးည