Adidas ဖိနပ်များ ချုပ်လုပ်ပေးသည့် မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်ထုတ်ခံရသည့် အလုပ်သမားများအရေး ကမ္ဘာ့ဖလားပြီးသွားသည့်တိုင် ပြေလည်မှုမရသေး

Author ခေတ်နီ
Categories
Published on Dec 28, 2022

လုပ်ခလစာတိုးပေးဖို့ တောင်းဆိုဆန္ဒပြတာကြောင့် အလုပ်ထုတ်ခံရသည့် ကမ္ဘာ့ဖလားအတွက် Adidas ဖိနပ်များကို ချုပ်လုပ်ပေးခဲ့သည့် မြန်မာပေါင်ချိန်စက်ရုံရှိ အလုပ်သမားများကို အလုပ်ပြန်ခန့်ပေးရန် ညှိနှိုင်းမှုသည် ကမ္ဘာ့ဖလားပြီးဆုံးသွားခဲ့သော်လည်း ယနေ့အချိန်ထိ ပြေလည်မှုမရရှိသေးကြောင်း အဆိုပါစက်ရုံရှိ လုပ်သားသမဂ္ဂအဖွဲ့ဝင်များထံမှ သိရသည်။

ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်သည့် Adidas ဖိနပ်များကို ချုပ်လုပ်သည့် မြန်မာပေါင်ချိန်စက်ရုံရှိ အလုပ်သမား ၂၀၀၀ ကျော်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ၎င်းတို့ရရှိသည့် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကို ကျပ် ၈၀၀၀အထိ တိုးပေးရန် စက်ရုံတွင်း တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တောင်းဆိုဆန္ဒပြခဲ့တာကြောင့် အလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂဦးဆောင်သူများ အပါအဝင် ၂၆ဦးကို စက်ရုံဘက်ကနေ အလုပ်ထုတ်ခဲ့ခြင်းဖြစ်ပြီး အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှ လုပ်ငန်းခွင်သို့ပြန်ဝင်နိုင်ရန် တောင်းဆိုခဲ့သော်လည်း ယင်းတောင်းဆိုမှုအပေါ် စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရုံးတာ၀န်ရှိသူများမှ အလုပ်ရှင် အလုပ်သမားများ အကြား တွေ့ဆုံကာ ညှိနှိုင်းခဲ့ပေးခဲ့သော်လည်း အလုပ်ရှင်ဖက်မှ ငြင်းဆန်မှုကြောင့် အဆင်ပြေခြင်း မရှိသေးကြောင်း အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးထံမှ သိရသည်။

ထို့အပြင် အခုလို အလုပ်သမားများဖက်မှ ညှိနှိုင်းမှုများလုပ်ဆောင်နေပေမယ့် အလုပ်ရှင်ဖက်ကတော့ အလုပ်သမားများအား သုံးလစာ လျော်ကြေးဖြင့် အလုပ်ထုတ်ရန်သာ ဆန္ဒရှိခဲ့ပြီး ထိုလျော်ကြေးငွေအား လက်ခံခဲ့သည့် အလုပ်သမားတချို့လဲ ရှိခဲ့ကြောင်း သိရသည်။

” အလုပ်ထုတ်ခံရတဲ့သူတွေကို သူတို့က လျော်ကြေးပေးပြီးထုတ်နေတာ ၈ ယောက်တော့ လျော်ကြေးယူပြီး ထွက်သွားတယ် ကျန်တဲ့သူတွေကတော့ တောင့်ခံထားတုန်းပဲ”ဟုမြန်မာပေါင်ချိန်စက်ရုံ အလုပ်သမားသမဂ္ဂမှ မဖြိုးသီတာမှ ပြောသည်။

ယခုလိုစက်ရုံဘက်မှ လျော်ကြေးပေးကာ အလုပ်ထုတ်မှုများရှိနေသော်လည်း အလုပ်ရှင်ဘက်မှ စက်ရုံတွင်းရှိ အလုပ်သမားများအား အလုပ်ထုတ်ခံရသည့်အလုပ်သမား ၂၆ ဦးကို အလုပ်ပြန်ခန့်မည်ဟု ပြောဆိုမှုများလည်း ရှိနေကြောင်း သိရသည်။

ထို့အပြင် ယခုလို အလုပ်ထုတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာပေါက်ချိန်စက်ရုံမှ ချုပ်လုပ်ပေး ရသည့် Adidas အမှတ်တံဆိပ်ဘက်ကလည်း အလုပ်သမားများအား အလုပ်ပြန်ခန့်ရန်နှင့် စုံစမ်းစစ်ဆေးရေး လုပ်နေစဥ်ကာလအတွင်း အလုပ်သမားများကို လုပ်ခလစာပေးထားရန် စက်ရုံဘက်သို့ တောင်းဆိုထားမှုများ ရှိခဲ့သော်လည်း အလုပ်ရှင်ဖက်မှ လိုက်လျောခြင်းတော့ မရှိခဲ့ပါဘူး။

ယခုလို အလုပ်ထုတ်ခံခဲ့ရတာကြောင့် သည့် အလုပ်သမားများသည် ၎င်းတို့၏ မိသားစု စားဝတ်နေရေးဆိုင်ရာ ပြဿနာများပါ ကြုံတွေ့နေရကြောင်းကိုလည်း သိရသည်။

“အခက်အခဲတွေက အများကြီးပေါ့လေ ဝင်ငွေမရှိတော့ဘူးဆိုတော့ နောက်ပိုင်းမှာ ဖြစ်လာတဲ့ မိသားစုအရေးတွေပေါ့ စားဖို့နေဖို့ပြဿနာတွေ ဖြစ်လာတာပေါ့ ကိုယ်တွေကအိမ်ငှားနေကြရတာဆိုတော့ အိမ်လခလဲမပေးနိုင်ဖြစ်လာတယ် ပြီးတော့ မိသားစုထဲမှာရော ပတ်ဝန်းကျင်ကရောက ဒီလို တောင့်ခံနေတာက မှားတယ်ဆိုပြီး ဝေဖန်တာတွေရှိလာတယ်ပေါ့”ဟု မဖြိုးသီတာမှ ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ငွေကြေးမတည်ငြိမ်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီး အထည်ချုပ်လုပ်ငန်း အပါအဝင် အခြားလုပ်ငန်းများကိုပါ သက်ရောက်မှုများ ဖြစ်ပေါ်နေကာ အထည်ချုပ်လုပ်ငန်းအချို့ စက်ရုံ ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အား လျှော့ချခြင်းများ အပါအဝင်
အလုပ်လုပ်ချိန် ကြာမြင့်မှုစွာခိုင်းစေမှု ၊ လုပ်ခလစာနည်းပါးမှုနှင့် အချိန်ပိုကြေးမပေးဘဲ အလုပ်စေခိုင်းမှုများ အပြင် လုပ်ငန်းခွင်အတွင်း နှောက်ယှက်မှုများ ရှိနေလျက်ရှိသည်

ယခုလိုမျိုး အလုပ်သမားများအနေဖြင့် လုပ်သားအခွင့်အရေးနှင့် လူအခွင့်ရေးများချိုးဖောက်ခံနေရသော်လည်း ၎င်းတို့ဖက်မှနေ၍ ကူညီဆောင်ရွက်ပေးသည့် အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားခေါင်းဆောင်များမှာ စစ်ကောင်စီ၏ မတရားအသင်းကြေညာမှုနှင့် လိုက်လံဖမ်းဆီးမှုများကြောင့် တိမ်းရှောင်နေရတာ ကြောင့် အလုပ်သမားများမှာ ကူရာကယ်ရာမဲ့သည့် အခြေအနေသို့ ရောက်ရှိနေတာပဲ ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ထုတ်ပြန်ချက်အရ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် အလုပ်သမား ၁ဒသမ၁သန်းခန့် အလုပ်အကိုင်ဆုံးရူံးခဲ့ပြီး အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အခြေခံ လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွားလာလျက်ရှိနေပြီး အလုပ်သမားရေး ဖြေရှင်းရန် စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ဌာနများ၏ လုပ်ငန်းရှင်များအပေါ် ဥပဒေအရ အရေးယူမှု အားနည်းမှုများကြောင့် အလုပ်သမားများ၏ လုပ်သားအခွင့်အရေး ချိုးဖောက်ခံနေမှုများသည် ပိုမိုဆိုးရွားလျက် ရှိနေတာပဲ ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပေါင်ချိန်စက်ရုံ #အလုပ်သမားအခွင့်အရေး