ရန်ကုန်တွင် စစ်တပ်ထောက်ခံသူအချို့ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးသည့် NDAA ဥပဒေကို မကျေနပ်၍ ဆန္ဒပြ

Author ကိုပေါက်
Categories
Published on Dec 28, 2022

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးနှင့် ဗြိတိန်သံရုံးရှေ့တွင် ယနေ့ နံနက်ပိုင်းက စစ်တပ်ထောက်ခံသူအချို့ ဆန္ဒပြခဲ့ကြသည်ဟု သိရှိရသည်။

ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးရှေ့တွင် ယနေ့ နံနက် ဆယ်နာရီက ဟိုက်ဂျက်ကားတစ်စီးဖြင့် စစ်တပ်ထောက်ခံသူနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ထောက်ခံသူ ၂၀ ဦးခန့် ရောက်ရှိလာပြီး ဗီနိုင်းများကိုင်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောပြသည်။

“ကားနဲ့လာပြီး ဆန္ဒပြတာ ဓာတ်ပုံရိုက်တဲ့သူနဲ့ အော်တဲ့သူနဲ့ ဘောမ မီဒီယာတွေလည်း ပါလာတယ်။ ဘာခံယူချက်မှ ရှိလို့ မဟုတ်ဘူး။ နေစားခရလို့ ဆန္ဒပြတာ။ ရန်ကုန်မှာ တပ်ထောက်ခံပွဲတွေ လုပ်တိုင်း ပါတဲ့သူတွေ”ဟု မြို့ခံတစ်ဦးက ရှင်းပြသည်။

၎င်းအဖွဲ့သည် အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြ၊ ဓာတ်ပုံများ ရိုက်ပြီးနောက် ဗီနိုင်းများကို ပြန်လည်သိမ်းဆည်းပြီး ကားဖြင့်ပင် ကျောက်တံတားမြို့နယ် ကမ်းနားလမ်းရှိ ဗြိတိသျှသံရုံးရှေသို့ ဆက်လက်သွားရောက်ကာ ဆန္ဒပြခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။

“ဗြိတိသျှသံရုံးရှေကို ဟိုက်ဂျက်နဲ့ လာပြီး ဆန္ဒပြတာ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြတဲ့သူတွေပဲ။ ထူးခြားတာက ရဲရော စစ်တပ်ရောရှိတယ်။ စစ်ဆေးမေးမြန်းတာမရှိဘူး”ဟု မျက်မြင်တစ်ဦးက ပြောသည်။

အဆိုပါ ဆန္ဒပြသူများသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမျိုးသားကာကွယ်ရေး ဥပဒေ (NDAA) ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်သည့် ကိစ္စအပေါ် မကျေနပ်၍ ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ (NDAA) ကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်ပြီး NUG၊ NUCC၊ CRPH နှင့် PDF တို့ကို ကူညီထောက်ပံ့ပြီး အကြမ်းဖက်မှုကို အားပေးရာရောက်သည်ဟု ယမန်နေ့က အသိပေးထားသည်။

လက်ရှိ အခြေအနေတွင် နေ့စားခရ၍ ဆန္ဒပြသည်ဆိုသည့် စစ်တပ်ထောက်ခံသူ အဖွဲ့သည် ဟိုက်ဂျက်ကားဖြင့် ပြန်လည်ထွက်ခွာသွားပြီး မည်သည့်နေရာတွင် ထပ်မံဆန္ဒပြမည်ကို မသိရသေးပေ။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NDAA