ယနေ့ ကော့ကရိတ် တိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တစ်ဦး စနိုက်ပါထိမှန်ကျဆုံး

Author လင်းခိုင်
Categories
Published on Dec 27, 2022

ယနေ့ (ဒီဇင်ဘာ ၂၇ရက်) ကော့ကရိတ်တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တစ်ဦး စနိုက်ပါထိမှန် ကျဆုံးခဲ့ကြောင်း ဒေသခံ PDF များထံမှ စုံစမ်းသိရှိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့နွဲ့ ကျေးရွာတိုက်ပွဲ၌ စစ်ကောင်စီမှ ပစ်ခတ်သည့် စနိုက်ပါကျည်ကြောင့် ကော်ဘရာမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

“ ဒီနေ့လယ် ပိုင်းလောက်မှာ စနိုက်ပါထိတာ။ ကော့နွဲ့ရွာဘက်မှာ ၊ ခွေးတွေက မနက်ထဲက ကော့နွဲ့ရွာအ၀င်ကို မီးရှို့ပြီးတော့ အထိုင်ချနေတာ၊ အခုထိသွားတဲ့ တစ်ယောက်က ကော်ဘရာစစ်ကြောင်းက ရဲဘော် ကျသွားတာ” ဟု ရဲဘော်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ကော်ဘရာရဲဘော်တစ်ဦးကျဆုံးခဲ့မှုနှင့် ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းမှ သတင်းပြန်ကြားရေးဖြစ်သူ မျိုးသူရကိုကိုက ယင်း၏ လူမူကွန်ယက်စာမျက်နှာတွင် “ဘယ်သူဘယ်ဝါကျသွားပြီတဲ့။ တော်လှန်ရေး ကာလ လောကဓံတွေပါပဲ၊ ကိုယ့်ရဲ့သင်တန်းဆရာလည်းဖြစ်၊ ရဲဘော်ရဲဘက်လည်း ဖြစ်တာမို့ အတော်ကို စိတ်ခံစားရပါတယ်။ မနက်ကတည်းက ခုထိဖြစ်ပွားလျက်ရှိပါတယ်” ဟု ရေးသားထားသည်။

ယနေ့ နေ့လည် တစ်နာရီခန့်တွင်လည်း စစ်ကောင်စီတပ်များသည့် ကော့ကရိတ်မြို့၊ အံ့ဖကြီးရွာအပိုင်၊ မီဂသိမ်းကုန်းသို့ ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ ကော့ကရိတ်မြို့တွင် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး၊ စစ်ကောင်စီဘက်မှ ခြေလျင်စစ်ကြောင်းများ၊ သံချပ်ကာကားများ၊ လက်နက်ကြီးများ၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီထိုးစစ်ဆင်တိုက်ခိုက်နေမှုကို KNLA အပါအ၀င် ကော်ဘရာစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ခြင်္သေ့စစ်ကြောင်းတို့မှ ပူးပေါင်းက ပြန်လည် တွန်းလှန် တိုက်ခိုက်နေသည်။

ကော့ကရိတ်မြို့တွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသည့်အတွက် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ပိတ်နေသည်မှာ ၁၀ ရက်ခန့်ရှိပြီး ဒေသခံ ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရခြင်းကြောင့် အခြေခံအသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း သိရသည်။

Related News

Depend on news